ဆင်အကနဲ့ ကျော်ကြားလှတဲ့ မြို့ကျောက်ဆည်သို့တစ်ခေါက်

24 December 2016
ဆင်အကနဲ့ ကျော်ကြားလှတဲ့ မြို့ကျောက်ဆည်သို့တစ်ခေါက်
 

ကျောက်ဆည်မြို့လို့ ပြောလိုက်ရင် မျက်လုံးထဲမှာ ပထမဆုံး ပြေးမြင်မိတာက ကျောက်ဆည် ဆင်အကပဲဖြစ်ပါတယ်။ အားလုံးက ကျောက်ဆည်မြို့နဲ့ ဆင်အကကို တွဲလျက် မှတ်မိနေကြတာပါ။ ဆင်အကလို့ ပြောလိုက်ရင်လည်း ကျောက်ဆည်မြို့ုကို ပြေးမြင်မိပြီး ကျောက်ဆည်မြို့လို့ ပြောလိုက်ရင်လည်း ဆင်အကကိုပဲ ပြေးမြင်မိကြပါတယ်။

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လရောက်ရင် ကျောက်ဆည်ဆင်ပွဲကို ဆင်နွှဲလေ့ရှိပါတယ်။ သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့နဲ့ သီတင်းကျွတ်လပြည့်နေ့တွေမှာ ကျင်းပလေ့ရှိပါတယ်။ ။

ဒီနေ့မနက် စောစောပိုင်းလေးမှာ ကျောက်ဆည်မြို့ ဖောင်ရွာက ဆင်ချိုးလုပ်ငန်း လုပ်ကိုင်နေတဲ့ ပန်ချီရွှေအိုး ဆင်ချိုးနဲ့ ဆင်ချည်ထိုးလုပ်ငန်းဆီကို ရောက်ခဲ့ပါတယ်။ အခု ရောက်နေတာကတော့ ကျောက်ဆည်ပွဲတော်အတွက် ဆင်ချိုးတွေလုပ်နေတဲ့ဆီကို ရောက်နေတာပါ။ ဆင်ချိုးနေတဲ့လုပ်ငန်းကို အခု လက်ရှိလုပ်နေတာကိုလည်း တွေ့ရပါတယ်။ 

“ကျွန်တော်နာမည်ကတော့ ကိုငယ်လေးပေါ့။ အခုလက်ရှိလုပ်နေတာကတော့ ဆင်ချိုးလုပ်ငန်းပါ။ ဆင်ချိုးလုပ်ငန်းရဲ့အမည်ကတော့ ပန်ချီရွှေအိုး ဆင်ချိုးလုပ်ငန်းပေါ့။ ကျွန်တော်လုပ်ကိုင်တာကတော့ ကျောက်ဆည်မြို့ ဖောင်ရွာပေါ့”

အကိုရေမင်္ဂလာပါ။ ဆင်ချိုးလုပ်ငန်းမှာ ဆင်အမျိုးအစားတွေ ကွဲတာရှိလားရှင့်။

“ဆင်အမျိုးအစားကွဲဆိုရင်တော့ ရိုးရာပေါ့။ ရိုးရာဆင်ဆိုတာက အခု ကျွန်တော်တို့ အဝေးကလူတွေ ခေါ်ဝေါ်ကြတာကတော့ ဆင်ကြမ်းပေါ့။ အဲဒါကတော့ ကျွန်တော်တို့ ရှေ့ကတည်းက လုပ်လာတဲ့ အကြမ်းဆင်ပေါ့။ အဲဒီဆင်ကိုက ရေဆေးနဲ့ ချယ်သရတာပါ။ ဘော်ကြယ်ဆင်ကကျတော့ ကျွန်တော်တို့ ဘော်ကြယ်အဆင်တန်ဆာပစ္စည်းတွေနဲ့ ရွှေချည်ထိုးပြီးတော့ သူ့မှာ တန်ဆာဆင်ပြီးတော့မှ ကတဲ့ဆင်ပါ။”

ဒါဆို အဲဒီဘော်ကြယ်ဆင်က နောက်ပိုင်းမှ ကွန့်ရင်ကွန့်သလိုမျိုး ထွင်ပြီးတော့ ပြုပြင်လာတဲ့ ဆင်မျိုးလို့ ပြောလို့ရတယ်ပေါ့။

“ဟုတ်ကဲ့။ ဘော်ကြယ်ဆင်ကြတော့ အဲလိုမျိုး ဉာဏ်ရှိသလိုမျိုး ဒီဇိုင်းပညာရှင်တွေ ထွင်ရင်ထွင်သလို လုပ်လာကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ရိုးရာဆင်ကြတော့ ရှေ့သာမာန်အတိုင်းပေါ့။ ရှေ့ကရှိခဲ့တဲ့ မူအတိုင်း အမြဲတမ်း ဒီပုံစံ ဒီဇိုင်းအတိုင်း လုပ်ရတာပေါ့။ ”

ကိုငယ်လေးတို့ ဆင်ချိုးလုပ်ငန်းကိုု သေချာ လေ့လာဖြစ်ခဲ့ပါတယ်။ အရင်က အမှုမဲ့အမှတ်မဲ့ သဘောထားခဲ့တဲ့ ဆင်ချိုးလုပ်ငန်းနဲ့ ဆင်ချိုးတဲ့အတက်ပညာဟာ အခုလို လေ့လာလိုက်တော့မှပဲ တကယ့်ကို အနုပညာလုပ်ငန်း မြန်မာ့ရိုးရာ လက်မှုပညာစစ်စစ်တွေဆိုတာ သိလိုက်ရပါတယ်။ 

”ကျွန်တော်ရခဲ့တာကတော့ ဆင်ချိုးပညာကို ပထမဦးဆုံး စပြီးတော့ မိဘဆီကပေါ့ အဖေရော အမေရော အမကဆိုရင် စက္ကူကပ် နှီးချည် အကုန်လုံး အသေးစိတ်ကအစ အမေက အကုန်သင်ပေးတယ်။ အဖေကတော့ ဂွေတွေ ဝါးခွဲတာကအစ နောက်ဆုံး ဂွေတည်တယ်။ ဂွေတည်လို့ရှိရင် ဘယ်လိုခွေ ဘယ်လိုအတိုင်းအတာပေါ့ အဲလိုမျိုးကအစ အဖေကနေပြီးတော့ သင်ပေးခဲ့တယ်။ ဒါပေမယ့် သူတို့က မျိုးရိုးစဉ်ဆက်က ဆင်ချိုးလုပ်ငန်း လုပ်လာတာမဟုတ်တဲ့အတွက်ကြောင့် စနစ်တော့မကျဘူးပေါ့။ ဒီဥစ္စာကို ဆင်တစ်ကောင်ဖြစ်လာအောင်တော့ သင်ကြားနိုင်တယ်ပေါ့။ ဒါပေမယ့်လို့ စနစ်တော့မကျဘူးပေါ့။ အဲဒီမှာ ကျွန်တော် ဘာလုပ်ရလဲဆိုတော့ မြို့နယ်ကခေါ်တော့ ဆင်အကနဲ့ ဆင်ချိုးပညာသင်တန်းဆိုပြီးတော့ ခေါ်တော့ အဲဒီသင်တန်းမှာ တစ်ပတ်သွားတက်တယ်ပေါ့။ တက်တော့ ကျွန်တော်ကို သင်ပေးတာက နိုင်ငံကျော် ဆင်ချိုးပညာရှင်ကြီး ဆရာကြီး ဦးကျော်လေးပေါ့။ သူက ကျွန်တော်ကို ဘယ်လိုပြောမလဲ အနီးကပ်ပေါ့ သင်တန်းသားက ရှိတာတော့ အဲဒီမှာ အယောက် ၂၀ လောက်ရှိတယ်။ ကျွန်တော်ကတော့ သင်တန်းမှူးအဖြစ်နဲ့ သွားရောက်ပြီးတော့ သင်ကြားတာပေါ့။ အဲလို သင်ကြားတဲ့အခါမှာ အနီးကပ် ကျွန်တော်ကို ခေါ်ပြီးတော့ ဘယ်လိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီးတော့ ကျွန်တော်ကို သင်ပေးတယ်။ အဲဒီမှာ ဆရာကြီးကနေပြီးတော့ စာအုပ်လေးယူခိုင်းပြီးတော့ စာအုပ်ထဲမှာ မှတ်ခိုင်းတယ်။ ဘယ်လိုလုပ် ဘယ်လိုလုပ်ဆိုပြီးတော့ သင်တန်း တစ်ပတ်သွားတက်ခဲ့တာပါ။ အဲဒီကနေပြီးတော့ ကျွန်တော် ပိုပြီးတော့ စနစ်ကျတဲ့ အချိုးအစားတွေ ရခဲ့တာပေါ့။”

ဒီ ဆင်ချိုးပညာရပ်ဟာ ကြည့်တော့သာ လွယ်တယ်လို့ထင်တာပါ။ ကိုငယ်လေးကို မေးကြည့်တော့မှ တချို့အပိုင်းတွေဆိုရင် တော်တေ်ာကို ခက်ခဲပါတယ်။ ဆင်တစ်ကောင်လုံးမှာ ခေါင်းပိုင်းက အခက်အခဲဆုံးလို့လည်း သိလိုက်ရပါတယ်။

ဒါကတော့ ကျောက်ဆည်ဆင်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်မယ့် ဆင်တွေရဲ့ အောက်ခံ ဆင်ရဲ့ခေါင်းကို ဖရိန်ချိုးနေတာပါ။

 

“လုံးဝ လက်လွှဲလို့မရတာကတော့ ခေါင်းပိုင်းပေါ့။ ဆင်ရဲ့ခေါင်းပိုင်းမှာ ဘယ်နေရာမှ လက်လွှဲလို့မရဘူး။ အဲဒါကတော့ အရေးကြီးဆုံးပေါ့။ ဆင်ချိုးပညာရှင် တစ်ယောက်အနေနဲ့မှသာ သူ့ရဲ့သဏ္ဍာန်ပေါ်အောင် လုပ်လို့ရတာပေါ့။ ကျန်တဲ့နေရာကတော့ မှားတာတွေဘာတွေရှိရင် တည့်လိုရတယ်။ ဆင်ရဲ့ဦးခေါင်းပိုင်းကတော့ ဘယ်နေရာမှကို လုပ်ပေးလို့မရဘူး။ မှားလို့လည်းမရဘူး။ ”

နောက်ပြီးတော့ ကိုငယ်လေးက ဆင်ခေါင်းပိုင်း ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း ပြောပြပါသေးတယ်။

“စက္ကူက ကျွန်တော်တို့ အကြမ်းထည်ဝါးချမ်းပေါ်မှာ ကဒ်လေးတွေ ၂ လက်မပတ်လည် ဝါးကဒ်လေးတွေပေါ့ အဲဒါတွေ အုပ်ပြီးတော့ နှီးနဲ့ချည်ပြီးတော့ အဲဒီအပေါ်မှာမှ ရှမ်းပြည်ကလာတဲ့ စက္ကူပေါ့ မှိုင်းခံစက္ကူကို ကျွန်တော်တို့ ခံကပ်တယ်။ အဲဒီမှိုင်းခံစက္ကူအပေါ်မှာ ကျွန်တော်တို့ စစ်တောင်းကလာတဲ့ စက္ကူပေါ့ အရင်တုန်းကတော့ ဘိလပ်မြေအိတ်ပေါ့ အဲဒီဘိလပ်မြေစက္ကူအိတ်ကို ကျွန်တော်တို့ အပေါ်က တစ်ထပ် ထပ်ကပ်ရတာပေါ့။ ဆင်ရဲ့ခေါင်းပို်င်း ပိုပြီးတော့ ခိုင်မာမှုရှိအောင် ကပ်ပေးရတာပေါ့။ ဆေးခြယ်တဲ့အဆင့်မရောက်ခင် ကျွန်တော်တို့က စက္ကူကို နောက်တစ်ထပ် ထပ်ခံရသေးပါတယ်။ အဲဒီစက္ကူပေါ်မှာမှ ကျွန်တော်တို့ ဆေးကြမ်းတင်ရတာပေါ့။ အဲဒီဆေးကြမ်းတင်ပြီးတော့မှ ဆေးကြမ်းပေါ်ကို ကောက်ကြောင်းပေးပြီးတော့ အဲဒီအပေါ်မှာမှ လိုက်ဆွဲရတာပေါ့။ ”

ဒါကကျတော့ရော ရိုးရာဆင်လား၊ ဘော်ကြယ်ဆင်လား။

“ဘော်ကြယ်ဆင်ပါ။

ပြောမယ့်သာပြောရတာပါ ဆင်ချိုးပညာရှင်ဆိုတာက လက်ချိုးရေလို့ရအောင်ပဲ တကယ့်ကို နည်းပါတယ်။ တကယ်ကို ထိန်းသိမ်းရမယ့် ရှားပါးပညာရပ်တစ်ခု ဖြစ်နေပါပြီ။

အခုချိန်မှာတော့ ဆင်ချိုးတဲ့သူက ငါးဦးခြောက်ဦးလောက်ပဲ ရှိတာပါ။ သူတို့ကလည်း ကျွန်တော်ထက် အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေပေါ့။ ကျောက်ဆည်မြို့မှာ ဆင်ချိုးပညာရှင်တွေထဲမှာ ကျွန်တော်က အသက်အငယ်ဆုံးပါပဲ။ ဆင်ချိုးတဲ့ပညာရပ်က ကျောက်ဆည်သမိုင်းနဲ့တွက်မယ်ဆိုရင်တော့ နှစ်က ထောင်နဲ့ချီနေပါပြီ။ သမိုင်းနဲ့ရှင်းပြရင်တော့ အရှည်ကြီးဖြစ်သွားမှာပေါ့။ ”

သီတင်းကျွတ် ဆင်ပွဲနားနီးပြီဆိုရင် ကျောက်ဆည်မြို့သား ဆင်ကမယ့်အဖွဲ့တွေက ကိုငယ်လေးတို့လို ဆင်ချိုးတဲ့သူတွေဆီမှာ ဆင်အရုပ်တွေကို အလုအယက် မှာကြတာပါ။

“ကျွန်တော်တို့ ကျောက်ဆည်မြို့က ဆင်ချိုးလုပ်ငန်း ချိုးတဲ့သူကနည်းတယ်။ ချိုးရတဲ့အရေအတွက်က များတယ်။ တစ်နှစ်တစ်နှစ်ဆိုရင် ဆင်ချိုးရတဲ့အရေအတွက်က ၁၀၀ ကျော်တယ်။ လူက တကယ်တမ်းကျတော့ ငါးဦးပဲရှိတာ။ အဲဒါကျတော့ ဒီဆင်အင်အားနဲ့ကျတော့ မလောက်တော့ဘူး။ ချိုးရတာက ဝါတွင်းသုံးလပေါ့။ သီတင်းမကျွတ်ခင်ကာလမှာ ထိုးကြတာ။ အဲတော့ အဲဒီအတွင်းကို ကျွန်တော်တို့က အချိန်မှီ ပြီးစီးအောင် လုပ်ရတာဆိုတော့ နေ့ရောညရော အသားသွန်ခွန်စိုက် လုပ်ရတာပေါ့။ ”

စောစောက အကိုပြောတာက ပြိုင်ပွဲဝင် အဖွဲ့ လေးငါးဆယ်လောက် ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် တစ်နှစ်တစ်နှစ်ကို ချိုးရတဲ့ဆင်အကောင်ရေက ၁၀၀ ကျော်တယ်ဆိုတော့ တစ်ဖွဲ့ကို နှစ်ကောင်သုံးကောင် ပြိုင်ကြတာလား။

“အဲဒါကတော့ ဘာလဲဆိုတော့ ဒီကြားထဲမှာကျတော့ အခုဆင်ပြိုင်ပွဲမရောက်ခင် ကြားထဲမှာ ဆင်အက မြို့ထဲကို ထွက်ကြတာပေါ့။ ဆင်ကပြရင်းနဲ့ အလှူခံပေါ့။ အလှူခံဆိုတာက ပြိုင်ပွဲဝင်တဲ့လူတွေကျတော့ ရန်ပုံငွေရရှိရေးပေါ့။ သူတို့ ပြိုင်ပွဲဝင်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ရန်ပုံငွေအင်အားပေါ့။ ကိုယ်နဲ့သိကျွမ်းရာ မိတ်ဆွေတွေ အပေါင်းအသင်းတွေဆီကို လိုက်ပြီးတော့ အလှူခံတဲ့သဘောပေါ့။ အဲလိုထွက်တဲ့အခါကျတော့ ကျွန်တော်တို့ ပြိုင်ပွဲမှာကျတော့ ကလို့ မသင့်တော့ဘူး မသင့်တော့ဘူးဆိုတာက ဒီမှာသုံးထားတဲ့ ဆင်တွေဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်ပြီဆိုရင် ဆင်ရဲ့ အက၊ အလှ၊ အဆို၊ အတီး၊ စည်းကမ်းပေါ့ အဲဒီအချက်တွေကို ကြည့်ပြီးတော့ ပေးတာဆိုတော့ ဆင်ကလည်း သစ်လွင်နေမှ အဲဒါကျတော့ ကျွန်တော်တို့က မြို့ထဲမှာ လှည့်ပြီးတော့ သုံးထားတဲ့ဆင်တွေကို မသုံးတော့ဘူး။ အဲဒါကျတော့ ကျွန်တော်တို့က ဒီဘက်မှာ ကတဲ့ဆင် ၅၀ လောက် လှည့်ပြီးသွားပြီဆိုရင် နောက်ထပ်တစ်ခါ ၅၀ လောက် ပြန်ချိုးတာဆိုတော့ ဆင်ချိုးပညာရှင် တစ်ဦးကို အနည်းဆုံး မချိုးရဘူးဆိုရင် တကယ်ချိုးရတဲ့ ဆင်ချိုးပညာရှင်ဆိုရင် ၅၀ လောက် ၁၀၀ လောက်ထိရှိတယ်။ တစ်နှစ်ပတ်လည်ကိုပေါ့။ ”

လူကြီးတွေမှ မဟုတ်ပါဘူး ကလေးတွေကလည်း ကလေးဆင်ဆိုပြီးတော့ မှာကြပါတယ်။

ဒါကတော့ ဆင်ရဲ့ ကိုယ်လုံးကို ချိုးနေတဲ့နေရာပါ။ ကိုယ်လုံးလေးကတော့ သေးသေးလေးဆိုတော့ ကလေးဆင် ဆိုဒ်လေးပါ။

ကလေးဆင်ဆိုတော့ ကိုယ်လုံးလေးက သေးနေလို့ ကလေးဆင်လို့ ခေါ်တာလား။ ပြီးတော့ ကတဲ့လူတွေကရော။

“ဒါက ဆင်ကိုယ်လုံးကလည်းသေးတယ်။ ကတဲ့လူကလည်း ဆယ်နှစ်ကနေ ၁၂ နှစ် ၁၃ နှစ်အရွယ် ကလေးတွေ ဝင်ကတာပေါ့။”

အဲဒီကလေးတွေလည်း ပြိုင်ပွဲဝင်ကြတယ်ပေါ့။

“ဝင်ပါတယ်။ သူတို့ကတော့ ကလေးတန်းပေါ့။ ”

ဘာပဲပြောပြော အခုမှ ဆယ်ကျော်သက် စွန်းစွန်းလေးတွေလည်း သူတို့ရဲ့ ရိုးရာအမွေ ကျောက်ဆည်ဆင်အကကို စိတ်ဝင်တစားနဲ့ ဝင်ပြိုင်ကြတာပေါ့။

“ဟုတ်ပါတယ်ခင်ဗျ။

ပြောရင်းဆိုရင်နဲ့ပဲ ကလေးဆင်ကို လာအပ်ထားတဲ့ အဖွဲ့တစ်ဖွဲ့က ရွေးဖို့လာပြီတဲ့။ ပျော်စရာကြီးပါပဲ။

အမကြီးတစ်ယောက်က ကန်တော့ပွဲကို ရွက်လို့ ကလေးတွေ တပျော်တပါးကြီးနဲ့ လာကြတာလေ။

အမတို့က ဆင်ကို လာရွေးတာလားရှင့်။

“ဟုတ်ကဲ့ပါရှင်။ ”

အမတို့က ဆင်ပြိုင်ပွဲဝင်မလို့လားရှင့်။

“မဟုတ်ဘူးရှင့်။ ကလေးတွေအတွက် အပျော်ချိုးတာပါ။

ဒီကျောက်ဆည်သား အမရဲ့သားလေးက ပူဆာလို့ ဆင်ကို ချိုးပေးတာတဲ့။ ဆင်လေးရဲ့တန်ဖိုးက ၈၀၀၀၀ လောက်တော့ ရှိတယ်တဲ့။ သားလေးပူဆာလို့ မိဘတွေက လာချိုးပေးတာတဲ့။ ဒီကျောက်ဆည်မှာမွေးတဲ့ ကလေးလေးတွေက ကစားစရာအရုပ်ကလေးတွေ ပူဆာတဲ့အခါကျရင် သာမာန် အခြားပစ္စည်းတွေ ပူဆာတာမျိုး မဟုတ်ပဲနဲ့ တကယ့် ကျောက်ဆည်သွေး ပြတာပေါ့နော်။ ဆင်အရုပ်ကိုမှ ပူဆာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေက ချိုးပေးပြီးတော့ ကန်တော့ပွဲတွေနဲ့ လာရွေးပေးခြင်း ဖြစ်ပါတယ်။”

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly