အာရှယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့်ထိုင်းကစားမည်

အာရှယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့်ထိုင်းကစားမည်

ဒီဇင်ဘာ ၂၄၊ ရန်ကုန်။            ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၇ အာရှယူ-၁၉ အမျိုးသမီးခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲ အဖြစ် မြန်မာယူ-၁၉ အမျိုးသမီးအသင်းနှင့် ထိုင်းယူ-၁၉ အမျိုးသမီးအသင်းတို့ ဒီဇင်ဘာ ၂၄ ၊ ယနေ့ ညနေ ၆းဝဝ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကစားမည်ဖြစ်သည်။

ယခုပွဲစဉ်မှာ ခြေစစ်ပွဲအောင်ရန် အဆုံးအဖြတ်ပွဲဖြစ်ပြီး ဂိုးကွာခြားချက်အရ မြန်မာအသင်းမှာ ထိုင်းကိုနိုင်မှ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ အုပ်စုအဖွင့်ပွဲတွင် ပါလက်စတိုင်းအသင်းကို ၁၀-၀ဂိုး၊ ဒုတိယပွဲတွင် ကာဇက်စတန်ကို ၄-၀ဂိုးတို့ဖြင့် အနိုင်ရခဲ့သော်လည်း ထိုင်းက ကာဇက်စတန်ကို ၆-၀ ဂိုး၊ ပါကစ္စတန်ကို ၉-၀ဂိုးတို့ဖြင့် အနိုင်ရခဲ့သောကြောင့် ဂိုးကွာခြားချက် တစ်ဂိုးအသာရကာ မြန်မာနှင့်ပွဲတွင် သရေကျရုံဖြင့် ခြေစစ်ပွဲအောင်မည် ဖြစ်သည်။

၂၀၁၇ အာရှယူ-၁၉ချန်ပီယံရှစ်နောက်ဆုံးအဆင့်ပြိုင်ပွဲကို တရုတ်နိုင်ငံတွင် ၂၀၁၇ အောက်တိုဘာ ၁၄ မှ ၂၈ အထိကျင်းပမည်ဖြစ်ပြီး အိမ်ရှင်တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ တို့ တိုက်ရိုက်ဝင်ခွင့်ရထားပြီး သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ် တို့ ခြေစစ်ပွဲအောင်ထားသည်။ ယနေ့ညနေယှဉ်ပြိုင်ကစားမည့် မြန်မာယူ-၁၉အမျိုးသမီးအသင်းနှင့် ထိုင်းယူ-၁၉ အမျိုးသမီးအသင်း တို့ပွဲစဉ်ကို အခပေး ရုပ်သံလိုင်းဖြစ်သော MRTV-4 HD နှင့် For Sport ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly