မြောက်ကိုရီးယား ကဆွေးနွေးပွဲများကို ပယ်ချလိုက် ၍တောင်ကိုရီးယားနိုင်ငံက စိတ်မကောင်းကြောင်း ဖော်ပြ

မြောက်ကိုရီးယား ကဆွေးနွေးပွဲများကို ပယ်ချလိုက် ၍တောင်ကိုရီးယားနိုင်ငံက စိတ်မကောင်းကြောင်း ဖော်ပြ

နှစ်ဖက်တာဝန်ရှိသူ အဆင့်အသီးသီးကြား ဆွေးနွေးပွဲများ အဆိုပြုထားချက်ကို မြောက်ကိုရီးယားနိုင်ငံက ပယ်ချလိုက်၍တောင်ကို ရီးယားက ဝမ်းနည်းကြောင်း ပြသခဲ့သည်။

ဂျပန်နိုင်ငံလက်အောက်မှ ကိုရီးယားကျွန်းဆွယ်လွတ်မြောက်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက် သြဂုတ် ၁၅ ရက်တွင်နှစ်နိုင်ငံစလုံး တွင် ကျင်းပရန်ရှိစဉ် မြောက်ကိုရီးယားလွှတ်တော်ဥက္ကဌ ကင်ယောင်နမ်းထံ တောင်ကိုရီးယားလွှတ်တော်ဥက္ကဌ ချင်အူဟွာ ကဆွေးနွေးပွဲများအတွက် ဇူလိုင် ၁၇ ရက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တစ်နေ့တည်းမှာပင် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံပေါင်း ၃၀ ခန့်ကို ဖိတ်ကြားထားသည့် စက်တင် ဘာလတွင် ကျင်းပရန်ရှိသော လုံခြုံရေးဆိုင်ရာ ဆိုးလ်ကာကွယ်ရေးအစည်းအဝေးသို့ မြောက်ကိုရီးယားနိုင်ငံ ပါဝင်တက်ရောက် ရန် ကမ်းလှမ်းခဲ့သည်။

သို့သော် မြောက်ကိုရီးယားက အထက်ပါ အဆိုပြုကမ်းလှမ်းချက် နှစ်ရပ်စလုံးကို ငြင်းပယ်လိုက်ပြီး ယင်းသို့ကမ်းလှမ်းခြင်းသည် ရှက်ဖွယ်လုပ်ရပ်ဖြစ်ပြီး မြောက်ကိုရီးယားကို ရန်လိုသည့် မူဝါဒကို ဖုံးကွယ်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

" ခုလို ကျွန်တော်တို့ဖက်က ကမ်းလှမ်းချက်တွေကို ငြင်းဆန်လိုက်တာက တကယ်ကို စိတ်မကောင်း ဝမ်းနည်းစရာပါ။ဆွေးနွေးပွဲ များအတွက် ကျွန်တော်တို့ဖက်က ကြိုးပမ်းမှုတွေကို ပုတ်ချခံရတာပါပဲ။" ဟုတောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန မှပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။

၁၉၅၀ မှ ၅၃ ခုနှစ်အတွင်းဖြစ်ပွားသည့် ကိုရီးယားစစ်ပွဲမှစတင်ကာ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်နေ ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ပွဲနောက်ပိုင်း ငြိမ်းချမ်းရေးသဘောတူညီမှုလည်း ချုပ်ဆိုထားနိုင်ခြင်းမရှိသဖြင့် တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံသည် တရားကိုယ်သဘောအရ စစ်ပွဲမပြီးဆုံးသည့် သဘောဆောင်နေခြင်းဖြစ်သည်။ နှစ်နိုင်ငံကြားတွင်လည်း တင်းမာမှုများ ကမြင့်တက်လျက်ရှိနေခြင်းဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly