ဦးလှဆွေအား ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထား

ဦးလှဆွေအား ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထား
ဓာတ်ပုံ-ဦးလှဆွေဖေ့ဘွတ်ခ်

ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာ၌ ဂန့်ဂေါမြို့နယ် မင်းရွာသူ၊ရွာသားများ၏ ဂုဏ်သိက္ခာကျဆင်းစေသောရေးသားချက်များကို တင်ခဲ့သည်ဟုဆိုကာ ယခင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေအား တိုင်းတန်းထားသောကြောင့် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ယနေ့အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးလှဆွေက ၎င်း၏ Hla Swe အမည်ရှိ Facebook Account ၌ လွှတ်တော်ဝတ်စုံဓာတ်ပုံနှင့် စက်တင်ဘာ ၂၀၊ 1:41 PM အချိန်တွင်တွင် “ဒို့ယောနယ်က စုန်းတွေ အလုပ်သွားလျှောက်ရင်ရပြီ။ အထက်မှာ မင်း(မင်းရွာ) အလယ်မှာ ဘင်း(ထယ်လှော်ရွာ)၊ အောက်မှာ အင်း (အင်းဒင်ရွာ) တွေမှာ စုန်းအတတ် တစ်ဖက်ကမ်းခတ်သူတွေရှိသတဲ့” စာတမ်းအောက်တွင် " စုန်းအတတ် ပညာကို တက္ကသိုလ်သင် “ဟု ၂၀၁၆ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့ ၊ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်အချိန်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါရေးသားဖော်ပြချက်သည် မင်းရွာသူ၊ရွာသားများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့်အတွက် Facebook လူမှုကွန်ယက်တွင် တင်ခဲ့သူ ဦးလှဆွေအား အရေးယူပေးပါရန် ဂန့်ဂေါမြို့နယ် မြို့မရဲ စခန်းတွင် မင်းရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြတ်က တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် တိုင်တန်းလာသည့် ဦးတင်မြတ်၏ တိုင်တန်းချက်အရ ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်းမှ ယခင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေအား (ပ)၁၀၅၂/ ၂၀၁၆၊ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ် တမ်းအရ သိရသည်။

" အမှုဖွင့်ထားပါတယ် ။ အဲ့ဒီအမှု အခုစစ်ဆေးနေတုန်းပါ ။ တိုင်ကြားသူနဲ့ သက်သေတွေပြန်စစ်နေပါတယ် ။ဆောင်ရွက်ဆဲပါ" ဟု စခန်းမှူး ဒုရဲမှူး စိုးစိုးက မဇ္ဈိမသို့ ယနေ့ ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly