မီဒီယာများကို ဖြေကြားခဲ့သည့် ငါးခူရကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရ

မီဒီယာများကို ဖြေကြားခဲ့သည့် ငါးခူရကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ။  ။ မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ မြေပြင်ကွင်းဆင်း သတင်းရယူနေသည့် ပြည်တွင်း၊ ပြည်ပမီဒီယာ (၁၃)ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ဒီဇင်ဘာ ၂၃ရက် ညနေက သတင်းထုတ်ပြန်လိုက်သည်။

အသတ်ခံရသူ ဒုစ်မာမတ် (ခ) ရှူနာမျာသည် ဒီဇင်ဘာ ၂၂ရက်က သတင်းထောက်များအား ဖြေကြားခဲ့အပြီး ညနေ (၆) နာရီတွင် နေအိမ်သို့ပြန်လည်ရောက်ရှိပြီး အဝတ်အစားလဲ၍ ရွာအတွင်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ရာ ည(၁၀)နာရီ (၄၅)မိနစ်အထိ နေအိမ်သို့ ပြန်မရောက်လာသဖြင့် ၎င်း၏ အကိုက ညီဖြစ်သူ ပျောက်ဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်ထံ သွားရောက်သတင်းပို့ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အုပ်ချုပ်ရေးမှူးမှ တဆင့် ငါးခူရနယ်မြေရဲစခန်းသို့ ဆက်လက်အကြောင်း ကြားခဲ့ပြီး ငါးခူရနယ်မြေရဲစခန်းမှ ည(၁၂)နာရီတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ လူပျောက်ကြေညာမှ (၂/၂၀၁၂)ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်၊ ရပ်မိရပ်ဖ ဦးဆန်းဝင်းတို့ သည် လိုက်လံစုံစမ်းလျက်ရှိစဉ် မွန်းလွဲ(၂)နာရီခွဲတွင် ပျောက်ဆုံးသူ၏ အစ်ကိုဖြစ်သူက ဒိုးတန်းကျေးရွာ ကြား လယ်ကွင်းချောင်းစပ်နေရာတွင် မသင်္ကာဖွယ်သွေးကွက်များ တွေ့ရှိကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးခဲ့ရာ စံပယ်ပင်ရင်းချောင်းအနီး လယ်ကွင်းစပ်တွင် သွေးဟုယူဆရသော (၁) ပေပတ် လည်ခန့် နီညိုရောင်သွေးကွက်အား တွေ့ရှိ၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ အခင်းဖြစ် မြေပုံကြမ်းရေး ဆွဲခြင်း၊ သွေးဟုယူဆရသော ပေကျံနေသည့် ကောက်ရိုးစများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်ရှာဖွေခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ၏အလောင်းကို စံပယ်ပင်ရင်းချောင်းထဲတွင် ဦးခေါင်းမပါ၊ ဝဲယားပေါင်းနှစ်ဖက်တွင် ဓားထိုးဒဏ်ရာ ၂ ချက်စီဖြင့် ပြန်လည် တွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly