ကျောင်းနေရွယ်ကလေးများ ဘယ်ရောက်သွားကြသလဲ

ကျောင်းနေရွယ်ကလေးများ ဘယ်ရောက်သွားကြသလဲ
ရန်ကုန်မြို့ ပုဇွန်တောင်ချောင်း စက်ဆန်း ကမ်းနားတွင် ကျောက်သယ်နေသော ကလေးများအားတွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

မနက်ခင်းတုန်းက လမ်း ၅၀ ထိပ်က လဘက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှာ အားပြတ်ပြီး မူးလဲသွားတဲ့ လဘက်ရည်ဆိုင် အလုပ်သမား လူငယ်လေးတစ်ဦးကို လဘက်ရည်ထိုင်သောက်သူတွေက ၀ိုင်းပြီး ပြုစုပေးနေတာ တွေ့ခဲ့ရပါတယ်။ ဆိုင်ရှင်လုပ်သူက သူ့ဂုဏ်သိက္ခာ ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ အရေးပါတဲ့ ကိစ္စမဟုတ်ဘူးဆိုတဲ့ ဟန်မျိုးနဲ့ အဲဒီ အလုပ်သမားလေးကို ဆိုင်နောက်ဖေးတွဲခေါ်သွားဖို့ တခြားဆိုင်အလုပ်သမားတွေကို အော်ပြောပါတယ်။

အားပြတ်ပြီး မူးမေ့လဲကျသွားတဲ့ အလုပ်သမားလေးဟာ အသက် ၁၃ နှစ်ခန့်ပဲရှိပါသေးးတယ်။ သူ့ပုံပန်းသဏ္ဍာန်က အလုပ်ပင်ပမ်းပြီး အိပ်ရေးမဝတဲ့မျက်နှာက ထင်ရှားလှပါတယ်။

ရန်ကုန်မြို့ကြီးမှာ သူလို အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အရေအတွက်အားဖြင့် ဘယ်လောက်အထိ လမ်းဘေးအလုပ်ခွင်တွေထဲ ရောက်နေကြရသလဲ။ မကြာခင်ကမှ ထုတ်ပြန်တဲ့ အစိုးရထုတ်ပြန်ချက်တစ်ခုမှာတော့ ကျွန်တော်တို့တိုင်းပြည်မှာ ကျောင်းမတက်နိုင်တဲ့ စာသင်ခန်းများဆီ ရောက်မလာတဲ့ လူငယ်ဦးရေဟာ ၄ သန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ဒီစားရင်းထဲက စာသင်ခန်းတွေဆီ ရောက်မလာနိုင်တဲ့ ကလေးငယ်တွေထဲမှာ အဲဒီ လမ်း ၅၀ ထိပ် လဘက်ရည်ဆိုင်က ကလေးငယ်လေးကော အပါအဝင် ဟုတ်ပါရဲ့လား။ အဲဒီ ထုတ်ပြန်ချက်အပေါ် ကျွန်တော်တို့ ဘယ်လောက်အထိ အားထားယုံကြည်နိုင်မလဲ။

မည်သို့ပင်ဖြစ်စေ အဲဒီ စာသင်ခန်းတွေဆီရောက်မလာနိုင်တဲ့ ကလေးငယ်တွေဟာ စာသင်ခန်းဆီ မရောက်လာနိုင်ပေမယ့် တနေရာရာကိုတော့ ရောက်သွားကြမှာ သေချာပါတယ်။ ပိုပြီးသေချာတာက စာသင်ခန်းတွေဆီ ရောက်မလာနိုင်ကြတဲ့ လူငယ်လေးတွေရဲ့ ၉၉ ရာခိုင်နှုန်းဟာ ကျောင်းနေဖို့အတွက် စီးပွားရေးအခက်အခဲကြောင့်သာလျင် ကျောင်းနေစရိတ်မတတ်နိုင်ကြလို့သာလျင် စာသင်ခန်းတွေဆီ မရောက်လာနိုင်ခဲ့တာဖြစ်တယ်ဆိုတာ တွက်ကြည့်လို့ရပါတယ်။

ဒီတော့ကာ စီးပွားရေးအခက်အခဲကြောင့် ဖြစ်တယ်ဆိုရင် လုပ်ငန်းခွင်အသီးသီးထဲ ရောက်သွားကြမှာ သေချာပြန်ပါတယ်။ ဒီလိုစဉ်းစားတဲ့အခါ အသက်အရွယ်အားဖြင့် မပြည့်သေးတဲ့ ကလေးတွေဖြစ်တာကြောင့် လုပ်ငန်းခွင်အတွင်းမှာ အဆင်မှပြေနိုင်ကြပါ့မလား။ အသက်ပြည့်ပြီးသူ တခြားအလုပ်သမားတွေနဲ့ လစာဝင်ငွေ တန်းတူရနို်င်ကြပါ့မလား။ အလုပ်ချိန် မှန်မှန်နဲ့ သင့်တင့်မျှတတဲ့ အလုပ်တွေ လုပ်ခွင့်မှ ရနိုင်ကြပါ့မလား။

ဒီကနေ့မနက် လမ်း ၅၀ ထိပ် လဘက်ရည်ဆိုင်က အလုပ်သမားလူငယ်လေးရဲ့အဖြစ်ကိုကြည့်ရင် အဲဒီအထက်ကပြောခဲ့တဲ့အချက်တွေနဲ့ တစ်ခုမှ မတိုက်ဆိုင်နိုင်ဘူးဆိုတာ တွက်ကြည့်လို့ရပါတယ်။ တချို့ကလေးတွေဟာ မနက် ၂ နာရီလောက်ကတည်းက အိပ်ရာက ထကြရပါတယ်။ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ လေးပင်နံစော်ညစ်ပတ်တဲ့အလုပ်တွေ လုပ်ကြရပါတယ်။ လုပ်ခလစာ နည်းပါးလွန်းပါတယ်။ တခြား လူမှုရေးဖိနှိပ်မှု ခွဲခြားဆက်ဆံမှုတွေလည်း ခံစားကြရပါတယ်။

ဒီလို စာသင်ခန်းဆီမရောက်လာပဲ ကျဘမ်းအလုပ်တွေလုပ်ပြီး ဘဝဝမ်းကျောင်းရတဲ့လူငယ်တွေဟာ ဘဝကို ဘယ်လို ထိန်းကျောင်းတိုးတက်အောင် လုပ်နိုင်ကြပါ့မလဲ။ ဒီအလုပ်ကြမ်းအလုပ်တွေကလွဲပြီး တခြား နည်းလမ်းတွေဆီ တနည်းအားဖြင့် လွယ်လွယ်လေးနဲ့ ၀င်ငွေတစုံတရာရှိတဲ့ တရားမဝင်တဲ့ အလုပ်တွေဆီကိုရော ခြေဦးလှည့်မသွားနိုင်ဘူးလို့ ဘယ်သူ အာမခံချက်ပေးနိုင်မှာလဲ။ ပညာမသင်ရတော့ ပညာနဲ့ယှဉ်ပြီး စဉ်းစားတတ်တဲ့စွမ်းအားလည်း မဲ့ကြရပြီပေါ့။ နောက်ဆုံးတော့ သူတို့အနာဂတ်လည်း မရေရာကြတော့ဘူးပေါ့။ ဒီလို မဲမှောင်တဲ့ လမ်းပေါ် ကယိမ်းကယိုင် လျှောက်လာကြရတဲ့ လူငယ်တွေဟာ ဘဝကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ။ လူတွေကို ဘယ်လို ရှုမြင်ကြတော့မလဲ။ လောကကြီးမှာ သူတို့ရရှိထားတဲ့ နေရာတနေရာဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့များ အဆိုးမြင်သွားကြလေမလား။ အဲဒီအခါ လူတွေအပေါ်၊ ပတ်ဝန်းကျင်အပေါ်၊ သူ့ဘဝအပေါ် အဆိုးမြင်တဲ့စိတ်နဲ့ ရန်သူလို သဘောထားလာကြတော့မှာလား။ ဒီလိုတွေ စဉ်းစားတဲ့အခါ ဒီလိုလူငယ်တွေနဲ့ ဖွဲ့စည်းတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ အန္တရယ်တစ်ခုကို မွေးမြူထားမိသလို ဖြစ်မနေပေဘူးလား။

လူငယ်တွေ စာသင်ခန်းဆီရောက်လာဖို့ဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိပါတယ်။ တာဝန်ရှိသလို တာဝန်ယူကြရမှာလဲ ဖြစ်ပါတယ်။ အရှင်းလင်းဆုံးနဲ့ အတိအကျ ပြောရမယ်ဆိုရင် တိုင်းပြည်တာဝန်ယူထားကြသူတွေ အားလုံးမှာ အဓိက တာဝန်ရှိပါတယ်။ အဓိက တာဝန်ယူကြရမှာဖြစ်ပါတယ်။ ကျန်တဲ့ မိဘတွေ၊ ပတ်ဝန်းကျင်တွေဆိုတာက ဒုတိယ တာဝန်ရှိသူတွေဖြစ်ပါတယ်။

ဒါကြောင့်မို့ စာသင်ခန်းဆီမရောက်လာဘဲ လေလွင့်သွားကြရသူ၊ လုပ်ငန်းခွင်တွေထဲ ၀င်သွားကြရသူ လူငယ်များအတွက် လူငယ်ပညာပေးစခန်းတစ်ခုနှစ်ခု ဖွင့်ထားပြီးဖြေရှင်းတဲ့ နည်းလောက်နဲ့ ဘယ်နည်းနဲ့မှ မကာမိနိုင်ဘူးဆိုတာတင်ပြရင်း ဒီပြဿနာ ဒီလူမှုအနာအဆာတစ်ခုကို အမြန်ဆုံး အလေးအနက်ထား ဖြေရှင်းကြဖို့လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly