မန်းစည်ပင်ပိုင် မြေနေရာနှင့် အဆောက်အဦ ငှားရမ်းခများ တိုးမြှင့်ကောက်ခံမည်

မန်းစည်ပင်ပိုင် မြေနေရာနှင့် အဆောက်အဦ ငှားရမ်းခများ တိုးမြှင့်ကောက်ခံမည်
 မနော်ရမ္မံ ဥယျာဉ်နှင့် ကလေးစားကွင်း ဓာတ်ပုံ - အောင်ကိုဦး(မဇ္ဈိမ)

မန္တလေး၊ဒီဇင်ဘာ ၂၃ ။            ။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေနေရာနှင့် အဆောက်အဦ ငှားရမ်းခများကို  လာမည့် ၂၀၁၇/၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ လုပ်ငန်းအမျိုးအစား   ပေါ်မူတည်ကာ  တစ်ဆမှ ငါးဆအထိ တိုးမြှင့်ကောက်ခံ သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးသက်နိုင်ထွန်း ကမဇ္ဈိမကို ပြောသည်။

"လုပ်ငန်းအလိုက်ခေါ်ယူတွေ့ဆုံပြီးပါပြီ။ မြို့တော်ဝန်ကြီးကိုယ်တိုင် တစ်ဦးချင်းခေါ်ယူတွေ့ဆုံခဲ့တာပါ။ မနော်ရမ္မံ ကစားကွင်းတို့၊မြို့တော်ဥယျာဉ်တို့ လည်းပါပါတယ်" ဟု ဦးသက်နိုင်ထွန်းက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စည်ပင်ပိုင်း မြေနေရာများနှင့် အဆောက်အဦများငှားရမ်း ထားမှု ရ၀ ကျော်ရှိနေပြီး အဆိုပါ မြေနေရာနှင့် အဆောက်အဦများကို လုပ်ငန်းအလိုက် ငှားရမ်းခများ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်သည်။

ယခင်က ငှားရမ်းခများမှာ ခေတ်စနစ်နှင့် မညီဘဲ နည်းပါးနေခြင်းကြောင့် ယခုလို တိုးမြှင့်ကောက်ခံရန် စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးသက်နိုင်ထွန်းက ဆိုသည်။

ထိုသို့ တိုးမြှင့်ကောက်ခံခြင်းကြောင့်ရရှိမည့် ဘဏ္ဍာငွေသည် သိန်းကိုးထောင်ခန့်ရှိမည်ဖြစ်ပြီး မန္တလေးမြို့ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မည်ဟု ဦးသက်နိုင်ထွန်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly