ပြည်သူတွေ ဘယ်တော့ပျော် ရမှာလဲ

ပြည်သူတွေ ဘယ်တော့ပျော် ရမှာလဲ

မြန်မာပြည်သူများမှာ အခက်အခဲများ၊ ဒုက္ခ သုက္ခများကို အမြဲတမ်း ကြုံတွေ့နေရသူများ ဖြစ်သည်။ စိတ်ဆင်းရဲစရာက များပြီး၊ စိတ်ချမ်းသာစရာက မရှိသလောက် နည်းလှသည်။

ပြည်သူများ ၏ အခွင့်အရေးကား ရှာသော် ရှားလှသည်။ ကံကောင်း/ ကံဆိုး ပုံပြင် သဘောတရားအတိုင်း ဆိုသော်မြန်မာပြည် တွင် လူဖြစ်ရသည်မှာ ကံကောင်းသည်လား၊ ကံဆိုးသည်းလား မေးရမည်ပင်။ ထိုနည်းတူ လက်ရှိအစိုးရကို ရထားသည်မှာ လည်း ကံကောင်းသည်လား၊ ဆိုးသည်လား။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကိုလာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည် ဖြစ် သည်။ ရွေးကောက်ပွဲများသည် တချို့နိုင်ငံများတွင်တော့ ပြည်သူများက ၎င်းတို့ လိုလားသည့် အစိုးရ တစ်ရပ်ကို ရွေးချယ်ခွင့်ရှိသည်။ လိုချင်သော အစိုးရ ကိုပြည်သူများ ရသည်ဆိုလျှင် ထိုပြည်သူများ သည် ပျော်ကြ ရွှင်ကြသည်။ အားကိုး အားတက်မိကြသည်။

မြန်မာပြည်က အထွေထွေ ရွေးကောက်ပွဲမှာ လွှတ်တော်အရပ်ရပ် ရွေးကောက်ပွဲများသာ ဖြစ်ပြီး၊ ဥပဒေပြု မဏ္ဍိုင် ကိုဖော်ဆောင် မည့် ပြည်သူ့ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက် ခြင်းသာ ဖြစ်သည်။

ပြည်သူ့ ကိုယ်စားလှယ်များနှင့် အတူပြည်သူ့ ဆန္ဒမပါဘဲပြည်သူများ ၏ရွေးကောက် တင်မြှောက်မှုဖြင့်မဟုတ်ဘဲ လွှတ်တော် ထဲရောက် လာကြမည့် စစ်တပ်ကိုယ်စားလှယ် များဖြင့် စုပေါင်းကာ ပြည်ထောင်စုလွှတ်တော်သည် သမ္မတလောင်း သုံးဦးမှ တစ်ဆင့် သမ္မတကို ရွေးချယ်ခြင်းကို ပြည်သူများ၏ တစ်ဆင့်ခံရွေးချယ်ခြင်းဟု ယူသော်ရသည်။

ရွေးကောက်ပွဲအပြီး သမ္မတ ဦးဆောင်သော အစိုးရသစ်သည် ၂၀၁၆ မတ်လကုန် ဧပြီလဆန်း တွင် စတင်တာဝန်ယူ ၍နောက် ထပ် ငါးနှစ်တိုင် နိုင်ငံတော် တာဝန်ကို ရယူသွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကိုဖော်ဆောင်ကြ မည်ဖြစ် သည်။

ပြည်သူလိုလားသော သမ္မတ ဦးဆောင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပါက ပြည်သူများ ပျော်ရွှင်ကြပါလိမ့်မည်။ ထိုသို့ မဟုတ်ပါက ပြည်သူများ ဘဝသည် ဒုံရင်းသာဆိုက်ပြီး စားဝတ်နေ အရေးသုံးပါးနှင့် ပတ်ချာလည် နေပေလိမ့်မည်။ ထိုသို့ ထပ်ဆင့်ဖြစ်ပါမူ ပြည်သူများသည် မပျော်ရွှင်နိုင်တော့ဘဲ အစိုးရကိုသာ မေတ္တာပို့ကြတော့မည်ဖြစ်သည်။

ပြည်သူများသည် မည်သည့်အချိန်တွင် ပျော်ရွှင်ကြပါသနည်း။ မြန်မာပြည်သူများကို ဆယ့်နှစ်ရာသီ ပျော်ကြသူများဟု ဆိုကြပါသည်။

၁၂ ရာသီ ကာလပတ်လုံး ပွဲလမ်းသဘင် မပြတ်တမ်း ပျော်ကြရွှင်ကြသူများ ဖြစ်သော်လည်း စစ်အစိုးရ အဆက်ဆက်၏ ဖိနှိပ် အုပ်ချုပ်မှုအောက်တွင် ပြည်သူ များသည် နိုင်ငံသားအခွင့်အရေးများ လျော့နည်းဆုံးရှုံးကုန်ပြီး လူသားပီပီသသပင် မနေနိုင် မထိုင်နိုင် သူများ တိုးများလာရသည်။

ပြီးခဲ့သည့် ငါးနှစ်က ဘောင်းဘီချွတ်အစိုးရ (ဝါ) အသွင်ပြောင်း ဒီမိုကရေစီ အမည်ခံ အရပ်သား အစိုးရဟု ဆိုကြသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရ တက်လာခဲ့သော်လည်း ပြည်သူများသည် မပျော်ရွှင်ခဲ့ကြပါ။ ခေတ္တခဏသာ ဟုတ်လေ မလားဟု ထင်ယောင်မှားခဲ့ရသော ဝေဝါးသော စိတ်တို့သည်သာ မကြာမီကာလအတွင်း ရှင်းရှင်းပြတ်ပြတ် ထင်လင်း သိသာသွားခဲ့သည်။

ယခုတစ်ကြိမ် ၂၀၁၅ နိုဝင်ဘာ ၈ တွင်တော့ လူထုခေါင်းဆောင်ဟု ဆိုကြသည့် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည်လည်းကောင်း၊ တိုင်းရင်းသားတို့ လိုလားလက်ခံသည့် လူနည်းစု တိုင်းရင်းသားခေါင်းဆောင် တို့သည်လည်းကောင်း၊ လူထု၏ ထောက်ခံမှုကို ရရှိသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တို့သည်လည်းကောင်း ဝင်ရောက် အရွေးချယ်ခံကြလိမ့်မည်ဟု မဲဆန္ဒရှင်ပြည်သူများ သိရှိထားကြသည်။

ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည့်သူများ၊ ပြည်သူကို မျက်နှာမူမည့်သူများ၊ ပြည်သူကို အလုပ်အကျွေးပြုမည့် သူများပေါ်ပေါက်လာမှသာ ပြည်သူများ ပျော်ရွှင်ကြပါလိမ့်မည်။ နိုင်ငံသား အခွင့်အရေးများကို မတောင်းဆိုရပါဘဲ ပြည့်ပြည့်ဝဝ ခံစားရပါလိမ့်မည်။ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်များကို မဲဆန္ဒ ရှင်ပြည်သူများက ကိုယ်တိုင်ပါဝင် စစ်စစ်ပေါက်ပေါက်ရွေးချယ်ခြင်းဖြင့်သာ ဒီတစ်ကြိမ်တွင် ပြည်သူများ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ကြပါမည့်အကြောင်း မဇ္ဈိမက မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags