"NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ" (အပိုင်း ၂)

22 December 2016
"NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ" (အပိုင်း ၂)
 

တူးတူးသာ

ဟုတ်ကဲ့ပါ။ ဆရာတို့နှစ်ယောက် ဆွေးနွေးသွားတာကတော့ ပညာရှင်ပိုင်းပေါ့နော် ပညာရှင် Level ကနေ ဆွေးနွေးသွားတာ အရမ်းကောင်းပါတယ်။ နယ်မြေသတ်မှတ်မှု ရှိခဲ့လို့ရှိရင် ပစ်ခတ််မှုကိစ္စမှာ ပိုပြီးတော့ လျော့ကျနိုင်တယ်။ NCA လက်မှတ်ထိုးထားလို့ရှိရင် တင်းမာမှုတွေ ပိုပြီးတော့ လျော့သွားနိုင်တယ်ပေါ့လေ။ ဒီထက်ပိုပြီးတော့လည်း ကျွန်မတို့က NCA လက်မှတ်ထိုးတဲ့နေရာမှာ ဒီထက်ပိုပြီးတော့ ပါဝင်လာဖို့ကိုတော့ ဆက်လက်ပြီးတော့ အကုန်လုံး ပူးပေါင်းပြီးတော့ လုပ်ဆောင်ရမှာပေါ့။

အဲလို ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ ငြိမ်းချမ်းရေးအဖွဲ့အစည်းမှာ အရပ်ဖက်အဖွဲ့အစည်းတွေ နောက် အမျိုးသမီးတွေပေါ့ အဓိက ပစ်ခတ်တိုက်ခိုက်မှုတွေ ကြားထဲမှာ အများဆုံးခံနေရတာက အမျိုးသမီးတွေနဲ့ ကလေးတွေလို့ ပြောလို့ရတာပေါ့နော်။ အဲတော့ ဆရာမ မေစံပယ်ဖြူအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ နောက်ပြီးတော့ အမျိုးသမီးတွေပေါ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှု ဘယ်လောက်ထိရှိလဲ သူတို့ ပါဝင်ပြီးတော့ ဘယ်လိုမျိုး အကျိုးရှိလာနိုင်မလဲဆိုတာ ဆရာမ တစ်ချက်လေး ဆွေးနွေးပေးပါဦး။

ဒေါ်မေစံပယ်ဖြူ

ဒါရိုက်တာ - GEN

ရှေ့က ဆရာနှစ်ယောက်ကတော့ NCA လို့ခေါ်တဲ့ ပစ်ခတ််တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးတဲ့နောက်မှာ တိုးတက်ပြောင်းလဲမှုတွေကို ပြောသွားတယ်ပေါ့။ အဲတော့ ကျွန်မကတော့ လက်နက်ကိုင်အဖွဲ့အစည်းကလည်း မဟုတ်သလို ကိုယ့်အနေနဲ့ ကိုယ်ရပ်တည်ပြီး ပြောဆိုရာမှာတော့ အရပ်ဖက်လူမှုအဖွဲ့အစည်း အမျိုးသမီးအဖွဲ့တွေ ပြီးတဲ့အခါမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ အဓိကကတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ပဲ အရပ်သားတစ်ယောက်အနေနဲ့ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲတော့ အရပ်သားတစ်ယောက်ရဲ့ အမြင်မှာကျတော့ တစ်ဖက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လို့ ပြောတဲ့အခါမှာ ကျွန်မတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ အရမ်းရှင်းပါတယ်။ ဒီလို စာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ဒီစာချုပ်ရဲ့ နာမည်အတိုင်းပဲ တစ်နိုင်ငံလုံးမှာ ပစ်ခတ််တိုက်ခိုက်မှုတွေ သေနတ်သံတွေ ရပ်စဲသွားဖို့ကို ကျွန်မတို့က မျှော်လင့်တယ်ပေါ့။ အဲလိုမျိုး ရပ်စဲသွားတာကို ကျွန်မတို့ မြင်ချင်တယ်။ ဒါကတော့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်နဲ့ ကျွန်မတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုပါ။ တစ်ဖက်မှာ အစိုးရတပ်တွေနဲ့ အပစ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ အရေအတွက်အားဖြင့် နည်းပါးသွားတယ်လို့ ဆရာတို့နှစ်ဦးစလုံးက ပြောသွားပေမယ့်လည်း ကျွန်မတို့ အရပ်သားပြည်သူတွေရဲ့ မျက်စိထဲမှာ ကျွန်မတို့နားထဲမှာ ကျွန်မတို့ မြင်နေရာကျတော့ ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးတဲ့နောက်မှာလည်း သေနတ်သံ ပြန်ပေါက်တဲ့ဒေသတွေ အများကြီးပဲ ရှိနေတယ်ပေါ့။ အထူးသဖြင့် ကရင် ပြီးတဲ့အခါမှာ တအောင်းလက်နက်ကိုင်အဖွဲ့နဲ့ RCSS အဖွဲ့နဲ့ ပြန်ပြီးတော့ တိုက်ပွဲတွေ ဖြစ်တာလိုမျိုး ပြီးတော့ ရခိုင်မှာလည်း AA နဲ့ အသံလေးတွေ ပြန်ကြားရတဲ့ဟာမျိုးတွေပေါ့။ နောက် အသိသာထင်ရှားဆုံးကတော့ ကချင်ပြည်နယ်မှာပါ။

အဲတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လို့ ဆိုတဲ့အခါမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံး ပါဝင် လက်မှတ် မရေးထိုးနိုင်ရင်ကတော့ သေနတ်သံ လုံးဝ မရပ်ဖို့အတွက် အဟန့်အတားတစ်ခုလို့ ဆိုနိုင်တယ်ပေါ့။ ဒါပေမယ့် တစ်ဖက်မှာလည်းပဲ အဲလိုစာချုပ်မျိုး ချုပ်ဆိုပြီးသည့်တိုင်အောင်မှ သေနတ်သံတွေ ရပ်စဲဖို့ဆိုတာက တကယ့်လက်တွေ့မှာ သိပ်ပြီး ဖြစ်နိုင်ချေ မရှိသေးဘူးပေါ့။ အဲဒါကိုတော့ ကျွန်မတို့ သုံးသပ်လို့တွေ့ရပါတယ်။ အဲတော့ NCA လက်မှတ် မရေးထိုးခင်အချိန်တုန်းကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အထူးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးတွေကို ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ ကျွန်မတို့ တောင်းဆိုခဲ့တာတွေ ပြောဆိုခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ရာနှုန်းတော်တော်များများကတော့ ကျွန်မတို့ရဲ့ တောင်းဆိုမှုတွေ မအောင်မြင်ခဲ့ဘူးလို့ ပြောဆိုရမှာပါ။

အဲတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျွန်မတို့ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ အထူးသဖြင့် အမျိုးသမီးတွေ ပါဝင်တက်ရောက်မှုက ရ ရာခိုင်နှုန်းလောက်ပဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအသစ် တက်လာပြီးတဲ့နောက်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်တက်ရောက်မှုအား အရေအတွက်အားဖြင့်ပေါ့ သိသိသာသာ တိုးတက်လာတယ်။ ၁၃ ရာခိုင်နှုန်းအထိ ရှိလာတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်မပြောခဲ့သလိုပဲ အရေအတွက်အားဖြင့်ပဲ တိုးမြင့်လာတာပါ။ တကယ်တမ်းမှာ ကျွန်မတို့အမျိုးသမီးတွေရဲ့ စိုးရိမ်ပူပန်မှုတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဘက်ကနေ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကိုရော တပ်မတော်ကိုရော အစိုးရနဲ့ နိုင်ငံရေးပါတီတွေအားလုံးကို ထည့်သွင်း စဉ်းစားပေးစေလိုတဲ့ အချက်တွေကိုတော့ တောင်းဆိုတင်ပြနိုင်တဲ့ တိကျတဲ့ Channel ကို ဒီနေ့အထိ မရှိသေးဘူးဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲတော့ တစ်ဖက်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက ဘာကြောင့် အရေးကြီးရတာလဲပေါ့နော် ဆရာလျန်မှုန်း ခုနကပြောသွားတဲ့အချက်ကိုပဲ ပြန်ပြီးတော့ ကျွန်မက ကောက်နှုတ်ရမှာပဲဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ သေနတ်သံတွေ မငြိမ်းသေးတာ ပြည်တွင်းစစ်ဖြစ်နေတာ အဓိကကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ မဖြေရှင်းတဲ့အတွက်ကြောင့်ပါ။ စစ်ရေးနဲ့ ဖြေရှင်းတဲ့အတွက်ကြောင့် ဒီလောက်ထိ အရပ်သားတွေ တိုင်းရင်းသားတွေ အများကြီးပဲ သေကြေပျက်စီးမှုတွေ ရှုံးဆုံးမှုတွေ ကြံုနေရတာဖြစ်တယ်ပေါ့။ အဲတော့ စစ်ရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လိုလားသလို ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေ အမျိုးသမီးအဖွဲ့တွေကလည်း လိုလားပါတယ်။ အဲတော့ စစ်ရေးနည်းနဲ့ မဖြေရှင်းပဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အတွက် အခု လမ်းစတွေ ပေါ်လာပြီဆိုရင် ကျွန်မတို့ဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ အဲဒီနိုင်ငံရေးအရ ဖြေရှင်းမယ့်နည်းလမ်းတွေ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျွန်မတို့အနေနဲ့ ပါဝင်ဖို့ အခွင့်ရှိတယ်လို့ ကျွန်မကတော့ မြင်ပါတယ်။

အဲတော့ အဲလိုမျိုး ပါဝင်ဆွေးနွေးနိုင်ဖို့အတွက်လည်း အဆင့်တိုင်းအဆင့်တိုင်းမှာပေါ့ အဓိကကတော့ အခု အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဒေသအလိုက် လူမျိုးအလိုက် အကြောင်းအရာအလိုက် လုပ်မယ်ဆိုတာမျိုးတွေ သတင်းမီဒီယာတွေကနေတစ်ဆင့် ကျွန်မတို့ ကြားသိရပါတယ်။ အဲလိုပဲ ကျွန်မတို့ အထူးသဖြင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ဖိုရမ်ကို အကြောင်းအရာအလိုက် ဆွေးနွေးပွဲတွေမှာ ဦးဆောင်ပြီးတော့ ဆွေးနွေးစေမယ်။ အခြားဆွေးနွေးပွဲတွေကိုတော့ အစိုးရ လွှတ်တော် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေက ဦးဆောင်ပြီးတော့ ဆွေးနွေးမယ်ဆိုတာကို ကျွန်မတို့ အကြမ်းပျဉ်း သိထားတယ်။ အဲတော့ ကျွန်မတို့အနေနဲ့ ကျွန်မတို့သဘောကို ပြောရမယ်ဆိုရင်တော့ ကျွန်မတို့ဟာ အကြောင်းအရာအလိုက် ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရတာ တစ်ခုတည်းမဟုတ်ပဲနဲ့ ဒေသအလိုက်မှာရော လူမျိုးအလိုက်မှာပါ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်ဆွေးနွေးမှုက အရေးကြီးတယ်လို့ ကျွန်မကတော ့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသတစ်ခုမှာ နေထိုင်တဲ့ လူတွေထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ရှိတာမဟုတ်ပါဘူး။ အရပ်သားတွေလည်း နေထိုင်နေသလို ကျွန်မတို့နိုင်ငံရဲ့ လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေဟာလည်း ဒေသအလိုက်ပဲပြောပြော လူမျိုးအလိုက်ပဲပြောပြော အကြောင်းအရာလိုက်ပဲပြောပြော ကျွန်မတို့ ကိုယ်စားပြု ပါဝင်ဆွေးနွေးနိုင်တဲ့ အချက်တွေရှိတယ်။ ကျွန်မတို့ ပါဝင်ဆွေးနွေးချင်တဲ့ အချက်တွေ ရှိတဲ့အတွက်ကြောင့် ကျွန်မတို့တွေကို ပါဝင် ထည့်သွင်းခြင်းအားဖြင့် ပိုပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမယ်လို့ ကျွန်မတို့ကတော့ အပြုသဘောနဲ့ မြင်ပါတယ်။

အခု ဒီကနေ့အထိ တစ်ဖက်မှာ တပ်မတော်၊ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက NCA လို့ခေါ်တဲ့ ပစ်ခတ််တိုက်ခက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးတဲ့နောက်မှာ သူတို့အနေနဲ့ လုုပ်ဆောင်နေတာတွေ တိုးတက်မှုရှိတာတွေ အများကြီးရှိမှာ ဖြစ်သော်လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့တွေအနေနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးခဲ့စဉ်ကရော ဆွေးနွေးပြီးနောက်ပိုင်းမှာပါ ပြုလုပ်တဲ့ ဆွေးနွေးမှုတွေမှာ ကျွန်မတို့ ပါဝင်ခွင့် မရတဲ့အခါမှာ ဘာတွေက ဘယ်လောက် တိုးတက်ပြောင်းလဲမှု ရှိပြီးတော့ ဘယ်နေရာမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို ကျွန်မတို့အနေနဲ့ သိဖို့ မြင်ဖို့အတွက် ခက်တယ်ပေါ့နော်။ အဲအခါကျတော့ လက်ရှိမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်ဖြစ်တာနဲ့အမျှ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုတဲ့အသံတွေ စစ်ပွဲတွေ ရပ်ဖို့အတွက် ဆန္ဒထုတ်ဖော်မှုတွေဟာလည်း လောလောလတ်လတ် ရန်ကုန် မန္တလေး ကချင် ကယား ချင်းနဲ့ ဧရာဝတီတိုင်း ပုသိမ်တို့မှာ တွေ့နေရတယ်ပေါ့ အကယ်၍များ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့တွေကိုသာ ဆွေးနွေးမှုအဆင့်တိုင်းမှာ ကျွန်မတို့ကိုလည်း ပါဝင်ခွင့် ဆွေးနွေးခွင့်တွေနဲ့ သိခွင့် ကျွန်မတို့ ရှိခဲ့မယ်ဆိုရင် ကျွန်မတို့ အရပ်သားပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအတွက် လိုလားတဲ့ မျှော်လင့်ချက်တွေ ကျွန်မတို့ရဲ့ စိတ်ဆန္ဒတွေဟာလည်း အချည်းအနှီး မဟုတ်တော့ဘူးပေါ့လို့ ကျွန်မကတော့ မြင်တယ်ပေါ့။ ပွင့်လင်းမြင်သာမှု ပိုပြီးရှိလာပြီးတော့ ဒီမှာ ကြံုတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို ကျွန်မတို့ကိုယ်တိုင်လည်းပဲ သိခွင့်ရမယ် ပြီးတော့ အဲဒီအခက်အခဲ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေကိုလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေအချင်းချင်း ဒါမှမဟုတ်ရင်လည်း အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေပဲ ညှိနှိုင်းဖြေရှင်းတာမျိုး မဟုတ်ပဲနဲ့ ကျွန်မတို့ အရပ်သားပြည်သူတွေ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့်ရတဲ့ ပြီးပြည့်စုံတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာဖို့အတွက် ကျွန်မတို့ကတော ့မျှော်လင့်တယ်။

အဲလိုပြီးပြည့်စုံတဲ့ ဆွေးနွေးမှုတွေသာ ဖြစ်လာမယ်ဆိုရင် ကျွန်မတို့ တကယ်ပဲ မျှော်မှန်းတမ်းတတဲ့ ငြိမ်းချမ်းရေး ခရီးဟာလည်း ဒီထက်ပိုပြီးတော့ အဆင်ပြေလွယ်ကူ ချောမွေ့လာမယ်လို့ ကျွန်မကတော့ အဲလို ယူဆပါတယ်။ အဲတော့ NCA ဆိုတဲ့အတိုင်းပဲ တကယ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခက်တိုက်ခိုက်မှုတွေ ရပ်စဲဖို့အတွက် ကျွန်မတို့ဘက်ကတော့ ဆန္ဒရှိပါတယ်။ အဲလို ဖြစ်လာဖို့ အတွက် လည်း အမျိုးသမီးတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို အဆင့်တိုင်း အဆင့်တိုင်းမှာ ပါဝင်ခွင့် ပေးဖို့အတွက် ကျွန်မကတော့ အထူးပဲ တင်ပြ ဆွေးနွေးလိုပါတယ်။

တူးတူးသာ

တကယ်တော့ ငြိမ်းချမ်းရေးဆိုတာက တစ်နိုင်ငံလုံး လိုလားတာပဲလေ။ ခုနကပြောတဲ့ အစိုးရပဲ အပစ်အတ်် ရပ်စဲရေးအဖွဲ့ပဲ ဒီဟာကို ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးအတွက်ပဲ ဦးဆောင်ပြီးတော့ လုပ်နေတဲ့ လူတွေထက်ကို တကယ်ခံစားနေရတဲ့ လူတွေက ပိုပြီးတော့ လိုချင်မှာပါ။ အရပ်ဖက်အဖွဲ့အစည်းတွေဆိုတာကလည်း ပိုပြီးတော့ ပြည်သူတွေနဲ့ နိးစပ်တဲ့သူတွေပေါ့နော်။ ခုနက ဆရာမဆွေးနွေးသွားတဲ့အချက် အမျိုးသမီးတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဒီလိုဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်မှုနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ဘယ်လိုယူဆလဲ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာဆလိုင်းလျန်မှုန်း

ဒုတိယဥက္ကဋ္ဌ ချင်းအမျိုးသားတပ်ဦး (CNF)

ဟုတ်ကဲ့ပါ။ ကျွန်တော် ဆရာမပြောတာကို အပြည့်အဝ ထောက်ခံတယ်။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပဲ အဆင့်ဆင့်အတိုင်းမှာ အမျိုးသမီးတွေတင်မကဘူး လူမှုအဖွဲ့အစည်းတွေအားလုံး နိုင်ငံသူနိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဖို့က အင်မတန်မှ အရေးကြီးတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ NCA မှာပါတဲ့ နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ရ ဆင့်မှာ ကျွန်တော်တို့အနေနဲ့ နံပါတ် ၃ နဲ့ နံပါတ် ၄ မှာ ထိပ်ကဖြစ်ပါတယ်။ ၃ က နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ နံပါတ် ၄ က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဲဒီကာလတုန်းက ပြန်ကြည့်မယ်ဆိုရင် အစိုးရဘက်ကပြောတာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတစ်ခုပဲ ကျွန်တော်တို့ တိုင်းရင်းသားဘက်က တင်ပြခဲ့တာက အမျိိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ လူမျိုးတိုင်းမှာ ကျင်းပဖို့လိုတယ်။ ဒေသတိုင်းမှာ ကျင်းပဖို့လိုတယ်။ ထို့အတွက်ကြောင့် ဒါ လူထုအတွက် လိုအပ်တယ်ဆိုပြီးတော့မှ ကျွန်တော်တို့က တင်ပြခဲ့တာ။

ဒါပေမယ့် ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် ယနေ့အထိ တကယ့်နိုင်ငံရေးဆွေးနွေးပွဲက ဒီတိုင်းပြည်မှာ မစသေးဘူး။ ခုနက ကျွန်တော်တို့ပြောနေတဲ့ သမ္မတဦးသိန်းစိန်ခေတ်က ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက ဘာဖြစ်လို့ လုပ်သလဲဆိုတော့ သမ္မတဦးသိန်းစိန်ရဲ့သက်တမ်းက ကုန်တော့မှာဖြစ်တဲ့အတွက် သူ့ရဲ့ တစ်နိုင်ငံလုံး ပစ်ခက်တိုက်ခက်မှု ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုခြင်းကို ကျွန်တော်တို့အနေနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ NCA စာချုပ်မှာ ပါတဲ့အတို်င်း ကျွန်တော်တို့ လမ်းပြမြေပုံရဲ့ အဆင့်သုံးကို ကျော်ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အဆင့်လေးကို ကျင်းပပေးတာဖြစ်တယ်။ တချို့က လုပ်ပြီးတော့ ပြောတာရှိတယ်။ ဒါက သမ္မတဦးသိန်းစိန်ကို နှုတ်ဆက်တဲ့ပွဲလို ဖြစ်သွားတယ်။ နောက်တစ်ခါ ဒုတိယအကြိမ် ပြန်ပြီးတော့ ကျင်းပတယ်။ ကျင်းပတဲ့အခါကျတော့ NLD အစိုးရ ဝင်လာတယ်။ ဝင်လာတဲ့အခါကျတော့ သူတို့ရဲ့ဝင်လာမှုကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုတဲ့အနေနဲ့ ကြိုဆိုပွဲ လုပ်ပေးလိုက်တာပဲ။

ဆိုတော့ ပထမတစ်ခုက နှုတ်ဆက်ပွဲ နောက်တစ်ခုက ကြိုဆိုပွဲဖြစ်သွားတယ်။ ကျွန်တော်တို့လိုချင်တဲ့အတိုင်း NCA မှာပါတဲ့အတိုင်း နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ခုနှစ်ဆင့်အတိုင်း ကျွန်တော်တို့ အဆင့်လေးကိုပဲ နှစ်ခါလုပ်ပြီးတော့ ယနေ့အထိ အဆင့်သုံးက မလုပ်နိုင်သေးဘူး။ အဲလိုမလုပ်နိုင်သေးတဲ့အခါကျတော့ အဆင့်သုံးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဖို့ အမျိုးသးမီးတွေပါဝင်ဖို့ လူထုအဖွဲ့အစည်းတွေပါဝင်ဖို့ဆိုတဲ့ကဏ္ဍက ယနေ့အထိ ကျွန်တော်တို့ မဆောင်ရွက်နိုင်သေးဘူး။ အဲဒီ မဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့် တကယ့်နိုင်ငံရေးဆွေးနွေးပွဲက မစသေးဘူး။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ နှစ်ခါမှာ တင်ပြခွင့်ရတယ် ဒါက ကောင်းတယ်။ ပြည်သူလူထုကလည်း ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကို ဘာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေး လုပ်တယ်ဆိုတဲ့ အမြင်ကို တင်ပြခွင့်ရတယ်။ နိုင်ငံရေးပါတီတွေကလည်း တင်ပြခွင့်ရတယ်။ အစိုးရဘက်ကလည်း တင်ပြခွင့်ရတယ်။ ဒါက ကောင်းတယ်။ မရှိတာထက်စာရင် အများကြီးကောင်းတယ်။

ဒါပေမယ့် တကယ့် နှစ်နှစ်ကာကာ ဆွေးနွေးရမယ့် ဆွေးနွေးပွဲက မစသေးဘူး။ ထို့အတွက်ကြောင့် ကျွန်တော်တို့ အခု ၂၁ ရာစု ပင်လုံးပြီးပြီးချင်း UPDJC အနေနဲ့ မနားမနေ ကျွန်တော်တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ကို ကြိုးစားခဲ့ပါတယ်။ ပြီးတော့ အဲဒီ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ အမြန်ဆုံး ကျင်းပနိုင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ လူမျိုးအလိုက် ကျင်းပရမယ့်ပွဲ ဒေသအလိုက် ကျင်းပရမယ့်ပွဲ ပြီးတော့ အကြောင်းအရာအလိုက် ကျင်းပရမယ့်ပွဲဆိုတဲ့ နေရာမှာ ကျွန်တော်တို့အနေနဲ့ အခု ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းလမ်းညွှန်တွေကို ကျွန်တော်တို့ အားလုံး ရေးထားပြီးပြီ။ ပြီးထားပြီးတော့ မနေ့တစ်နေ့ကပဲ အဲဒါတွေကို ကျွန်တော်တို့ အတည်ပြုနိုင်ပြီးပြီ။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ စပြီးတော့ ကျင်းပဖို့ရှိတယ်။ အဲလိုကျင်းပတဲ့နေရာမှာ ပြည်နယ်နဲ့ တိုင်းဒေသအားလုံးမှာ ကျွန်တော်တို့ ကြီးကြပ်ရေးကော်မတီတွေ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီ ကြီးကြပ်ရေးကော်မတီအဖွဲ့ထဲမှာ ပြည်နယ်အစိုးရက ပုဂ္ဂိုလ်တွေပါမှာဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပုဂ္ဂိုလ်တွေ ပါမှာဖြစ်တယ်။ အဲဒီ ကြီးကြပ်ရေးကော်မတီအောက်မှာ ကျွန်တော်တို့ ဆွေးနွေးမယ့်အကြောင်းအရာတွေကို ဆွေးနွေးဖို့ဆိုပြီးတော့ပေါ့.........

အပိုင်း (၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21409

ဆက်လက်ဖော်ပြပါမယ်။

Mizzima Weekly