အာရှဝူရှူး ရွှေဆုကို ပြန်ယူပေးခဲ့တဲ့ အေးသစ္စာမြင့်

21 December 2016
အာရှဝူရှူး ရွှေဆုကို ပြန်ယူပေးခဲ့တဲ့ အေးသစ္စာမြင့်
 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်က တိုင်ပင်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ အာရှဝူရှူး တံခွန်စိုက်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အေးသစ္စာမြင့်က ရွှေ၊ ငွေ၊ ကြေး ဆုသုံးဆုကို ရယူပေးခဲ့ပါတယ်။ သူက မြန်မာဝူရှူးအတွက် ၈ နှစ်အတွင်း မရရှိသေးတဲ့ အာရှဝူရှူး ရွှေတံဆိပ်ကို ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုစွမ်းဆောင်ပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမား အေးသစ္စာမြင့်က မဇ္စျိမနဲ့တွေ့ဆုံတဲ့အခါ အခုလို စတင်ရှင်းပြပါတယ်။

“ညီမကိုယ်တိုင်ကလည်း ရွှေရမယ်လို့ မထင်ထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထက်သာတဲ့သူတွေလည်း ပါတယ်ပေါ့နော်။ ညီမအတွက် အခုလို အာရှပြိုင်ပွဲက အခုမှ စပြိုင်ဖြစ်တာပါ။ ဒီပြိုင်ပွဲက ပထမဆုံးပွဲပါပဲ။ အာရှအဆင့်မှာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က အကောင်းဆုံးလုပ်နိုင်ပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အမှားအယွင်းမရှိ ယှဉ်ပြိုင်နိုင်ရင် ရပြီ။ နောက်ပိုင်းမှ အမှတ်ပေးတာက ဒိုင်တွေရဲ့ အပိုင်းပေါ့နော်။ အဲလိုမျိုးသဘောထားပြီးတော့ ယှဉ်ပြိုင်တယ်။ ယှဉ်ပြိုင်တော့ ညီမ ရွှေရတဲ့ပွဲမှာ တော်တော်များများက အဲဒါက နောက်ဆုံးပွဲပေါ့နော် ဆုတွေ လုကြတဲ့ပွဲ အဲဒီထဲမှာ အကုန်လုံးက ယိုင်ကြတယ်။ ယိုင်တဲ့လူတွေ တော်တော်များတယ်။ အဲဒီအထဲမှာ ညီမကလည်း ဘယ်လိုပြောမလဲ ညီမတစ်ယောက်တည်း ထူးထူးခြားခြား ငြိမ်သွားတယ်ပေါ့။ ညီမက နံပါတ် ၁၀ ဝင်ရတယ်။ ၁၅ ယောက်ပြိုင်တဲ့အထဲမှာ နံပါတ် ၁၀ ဝင်ရတယ်။ အဲဒီအချိန်မှာပဲ အမှတ်က ထွက်လာတာက ၉.၆၈ ဆိုပြီးတော့ အဆင့် ၁ နေရာပေါ့။ ညီမက ဖြတ်မှတ်ပါရင် စိတ်ထဲမှာမကောင်းဘူး ဖြတ်မှတ်လည်းမရှိ အဲလိုမျိုး အမှတ်လည်း အများဆုံး ရလိုက်တဲ့အချိန်မှာ တေ်ာတော်ဝမ်းသာတယ် ကိုယ့်ဆရာအတွက်လည်း ဝမ်းသာတယ် ညီမကို လာသင်ပေးတဲ့ တရုတ်ဆရာပေါ့ သူကလည်း ညီမတို့အတွက် ကြိုးစားပမ်းစားနဲ့ သင်ပေးတော့ သူ့အတွက်လည်း ဝမ်းသာသွားတယ်ပေါ့။ ”

“ညီမ အစပိုင်းက ရွေးတာက တိုက်ကွမ်ဒိုဘက်ကို ရွေးတာပေါ့နော်။ အစကလည်း ဒီအားကစားကို တသမတ်တည်း လုပ်မယ်လို့ မစဉ်းစားထားဘူး အပျော်တမ်း အိမ်မှာပျင်းလို့ သွားကစားတာ အဲဒီ တိုက်ကွမ်ဒိုမှာလည်း အမရဲ့သူငယ်ချင်းကရှိတော့ အမကို လိုက်အပ်ခိုင်းတော့ ငယ်သေးတယ် မရဘူးဆိုတာနဲ့ ပြန်ခဲ့ရတယ်။ ပြန်လာပြီးတော့ သုဝဏ္ဏကွင်း မိုးလုံလေလုံကွင်းမှာ ကစားနေကြတဲ့ အိကျႌဖြူ ဘောင်းဘီနီတွေနဲ့ ကစားနေကြတာတွေ့ပြီးတော့ အားကစားတစ်ခုပဲဆိုပြီးတော့ မေးပြီးတော့ ဘာအားကစားလဲဆိုတော့ ဝူရှူးဆိုတော့ ဝူရှူးလည်း ကလေးပဲဆိုပြီးတော့ ပျော်အောင်လို့ သင်တန်း အပ်လိုက်တယ်ပေါ့နော်။ အဲဒီကနေစပြီးတော့ ဝူရှူးကို ဒီအချိန်ထိ ကစားဖြစ်တာပေါ့။ ”

မအေးသစ္စာဖြင့် အခုလို ဆက်ပြီး ရှင်းပြပါတယ်။

“ဒီဆုတွေကတော့ ညီမ အာရှပြိုင်ပွဲမှာ ရခဲ့တာပေါ့။ ရွှေ၊ ငွေ၊ ကြေး ရခဲ့တာပါ။ ကိုယ့်ရဲ့အားကစားကိုတော့ အခုချိန်ထိ မစွန့်လွှတ်နိုင်သေးပါဘူး။ သူများတွေလို စိတ်ကို ဒုန်းဒုန်းချပြီးတော့ စာဘက်ကိုပဲ လုပ်မယ်ဆိုရင်လည်း ရတယ်။ ဒါပေမယ့်လည်း စိတ်ဒုန်းဒုန်းလည်း မချနိုင်ဘူး။ ကိုယ့်နောက်မှာလည်း အဖွဲ့ကိုလည်း ကြည့်ရသေးတယ်။ ညီမတို့ဆိုရင် အခု လက်ရွေးစင်ပိုင်းကလည်း နည်းနည်းပဲရှိတော့တယ်။ နောက်ပြီးတော့ ညီမတို့ဆင်းသွားရင်လည်း နောက်တက်လာမယ့်သူက အဝေးကြီးလိုသေးတယ်။ အဲဒါကြောင့် ကိုယ့်အဖွဲ့ချုပ် တည်တံ့ခိုင်မြဲအောင်ဆိုပြီးတော့ ကစားနေတာပါ။ အဲဒါကြောင့်မို့ ညီမ စာဘက်ကို လစ်ဟာသွားတာ ရှိတယ်။ ”

အားကစားဘက်ကို ဦးစားပေးရတဲ့အခါ ကျောင်းပညာကို လွှတ်ခဲ့ရတဲ့အကြောင်းကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ညီမ ကိုးတန်းအရွယ်မှာ လူငယ်အရွယ်ဆိုတော့ ကန့်သွင်းရတယ်။ ပြိုင်ပွဲနီးမှ တစ်လ နှစ်လ အလိုမှ သွင်းကြတာတွေရှိတယ်ပေါ့။ ညီမ ဆယ်တန်းရောက်တဲ့အခါကျမှ ညီမ ဆီးဂိမ်းပြိုင်ရတယ်။ ဆီးဂိမ်းပြိုင်တော့ ညီမ ၁၀ တန်းကို လွှတ်လိုက်ရတာပေါ့နော်။ သူများတွေအားလုံးကလည်း အိမ်ရှင်လုပ်တာပေါ့နော် ဘယ်လိုပဲဖြစ်ဖြစ် ဝင်ပြိုင်ပေါ့နော် ကိုယ့်အိမ်ရှင်အနေနဲ့ကလည်း နောက်ထပ် ဖြစ်လာဖို့ကလည်း မကြိမ်းသေဘူးပေါ့ အဲဒါနဲ့ စာဘက်ကိုလွှတ်ပြီးတော့ အားကစားဘက်ကို လိုက်တယ်။ အဲလိုမျိုး တစ်ခုကိုစွန့်လွှတ်ပြီး တစ်ခုကိုလိုက်တဲ့အချိန်မှာ အောင်မြင်မှုရသွားတော့လည်း နဲနဲတော့ စိတ်သက်သာရသွားတာပေါ့။ အခုလည်း ကန့်က ပြန်ဝင်နေရပါပြီ။ ”

သင်တန်း ကန့်အတွင်း အတွေ့အကြံုများကိုလည်း သူက ရှင်းပြပါတယ်။

“ညီမက များသောအားဖြင့် ကန့်ထဲမှာပဲ နေရတယ်။ အိမ်ကိုပြန်လာတယ်ဆိုတာ သိပ်မရှိဘူး။ အခုပြန်ရောက်နေတာကလည်း ပြိုင်ပွဲပြီးလို့ လာရတယ်ဆိုတာပဲရှိတယ်။ ကျန်တဲ့အချိန်တွေကတော့ ကန့်ထဲမှာပဲ အချိန်ပေးနေရတယ်။ ညီမတို့မှာ အားလပ်ရက်တွေတော့ ရှိပါတယ်။ အားလပ်ရက်တွေဆိုရင်လည်း ကလေးတွေဆော့သလိုပဲ ဆော့ရင်းနဲ့ ဖြတ်သန်းခဲ့ရတယ်။ ညီမတို့ တနင်္ဂနွေဆို၇င်တော့ သန့်ရှင်းရေးတွေ လုပ်ရတယ်။ ညီမတို့မှာ အစောကြီးထရတယ်။ Training သွားဖို့လုပ်ရတယ်။ နားရက်ကတနင်္ဂနွေလေ အဲနေ့ဆိုရင် အကုန်လုံးက အိပ်ချင်နေကြတာ။ ရ နာရီဆိုထရတယ်။ ထပြီးတော့ သန့်ရှင်းရေးတွေလုပ်ရတယ်။ ”

မိသားစုအခြေအနေကို ရှင်းပြရင်းကလည်း သူ့မိသားစုအပေါ်ထားတဲ့ သူ့စိတ်ထားကို သိကြရပါတယ်။

“ညီမမှာက မိသားစုငါးယောက်ရှိတယ်။ အဖေရယ် အမေရယ် အမနှစ်ယောက်ရှိတယ်။ ညီမကအငယ်ဆုံး အားလုံး ငါးယောက်ပေ့ါ။ အဖေကတော့ အရင်က စစ်သား အခုတော့ အငြိမ်းစားယူလိုက်ပြီ။ အဖေက အိမ်မှာလည်း မနေဘူး အိမ်မှာနေရတာလည်း ပျင်းတော့ အဖေက ကားလည်းမောင်းတက်တယ် အဲတော့ အဖေကို ကားတစ်စီးဝယ်ပေးပြီးတော့ အဖေက ဘယ်လိုပြောမလဲဆိုတော့ Taxi ဆွဲတယ်။ ညီမကတော့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်တယ်။ အဲလိုမျိုးဘဝလေးကိုလည်း ပိုင်ဆိုင်ချင်တယ်။ အခုဆိုရင် ကန့်ထဲမှာပဲ အချိန်ကုန်နေတယ်ဆိုတော့ မိသားစုနဲ့ အချိန်မပေးနိုင်တာ   တော်တော်ကြာပြီ။ မိသားစုကို တင့်တောင်းတင့်တယ်ထားနိုင်တဲ့ မိသားစုလည်း ဖြစ်ချင်တယ်။”

Mizzima Weekly