ကြံခင်းတွင် ဗိုလ်ချုပ်ရုပ်ထုအား ဖျက်ဆီးသူကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူထား

ကြံခင်းတွင် ဗိုလ်ချုပ်ရုပ်ထုအား ဖျက်ဆီးသူကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူထား
ကြံခင်းတွင် ဗိုလ်ချုပ်ရုပ်ထု ဖျက်ဆီးသူအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးစဉ်။ (ဓာတ်ပုံ-ကြံခင်းသား)

ပုသိမ် (မဇ္ဈိမ) ။ ။ အာဇာနည်နေ့တွင် ကြံခင်းမြို့၌ ဖွင့်ပွဲလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဦးခေါင်းအား ဖျက်ဆီးသူ ဦးဖြိုးကျော်အောင် (ခေါ်) ကိုဖြိုးကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ကြံခင်းမြို့မ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

အာဇာနည်နေ့တွင် ဖွင့်လှစ်သည့် ကြံခင်းမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ဇူလှိုင်လ ၂၀ရက် နံနက်ပိုင်းက ဦးခေါင်းကို လှည့်ချိုးကာ ဖျက်ဆီးခဲ့ပြီး ရုပ်ထုတွင် ဂါရဝပြုထားသည့် လွမ်းသူ့ပန်းခွေများကိုလည်း ဖျက်ဆီးခဲ့သည်ဟု ကြံခင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် အတွင်းရေးမှူး ဦးသော်ဇင်ဝင်းက မဇ္ဈိမကို ပြောသည်။ 

“သူ ငိုပြီးတော့ ဗိုလ်ချုပ် ရုပ်ထုပေါ်ကိုတက်တယ်၊ ပြီးတော့မှ ဗိုလ်ချုပ်ဦးခေါင်းကို လှည့်ပြီး ချိုးလိုက်တယ်၊ အခု လုပ်ရပ်က ကြံခင်းမြို့ကို အကြမ်းဖက်တာပဲ၊ ဗိုလ်ချုပ်ရုပ်ထုက ကြံခင်းသားတွေ ငွေကြေး၊ စိတ်ဓါတ်တွေ၊ စည်းလုံးပြီး လုပ်ထားတာကို ရိုက်ချိုးလိုက်တာ၊ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်၊ ဒါ နိုင်ငံတော် အကြည်ညိုပျက်စေတာပဲ” ဟု ဦးသော်ဇင်ဝင်းက ပြောသည်။ 

ထိုကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၁ရက်တွင် မြို့မိမြို့ဖများ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် ဆရာတော်များက အစည်းအဝေး လုပ်ကာ ကြေငြာချက် ထုတ်ပြန်မည်ဟုလည်း ၎င်းက ပြောသည်။ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ကြံခင်းမြို့သို့ ဇူလိုင် ၁၈ ရက်က သယ်ဆောင်လာပြီး ၁၉ရက်တွင် ဖွင့်ပွဲ ကျင်းပခဲ့သည်။ ရုပ်ထုသည် အမြင့် ၇ပေ ၆လက်မရှိပြီး၊ ခုံအမြင့်မှာ ၉ပေရှိသည်။ ရုပ်ထု အလေးချိန်သည် ကြေးပိဿ ချိန် ၄၅၀ရှိသည်။ ရုပ်ထုကို ကြံခင်းမြို့ နှင့် ဆိပ်သာမြို့ သွားသည့် လမ်းမပေါ်တွင် ထားရှိခြင်းဖြစ်သည်။ 

ဇူလိုင် ၂၀ရက် နံနက်က ဖျက်ဆီးခံရသည့် ရုပ်ထုကို နေ့လည်ပိုင်းတွင် ပြန်လည် ပြင်ဆင်ပြီး ဖြစ်သည်ဟုလည်း ဦးသော်ဇင်ဝင်းက ပြောသည်။ 

ရုပ်ထုအား ဖျက်ဆီးခဲ့သူသည် ငပုတောမြို့နယ်က ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly