ဆေးဖက်လည်းဝင် စားလို့ရောင်းလို့လည်းရ ကန်စွန်းစိုက်ပျိုးကြ

20 December 2016
ဆေးဖက်လည်းဝင် စားလို့ရောင်းလို့လည်းရ ကန်စွန်းစိုက်ပျိုးကြ
 

အခု ကျွန်တော်တို့အဖွဲ့သားတွေ ရောက်ရှိနေတဲ့ နေရာကတော့ ဘီးလင်းမြို့နယ်ထဲမှာရှိတဲ့ ဇုတ်သုတ်ကျေးရွာထဲမှာပဲ ဖြစ်ပါတယ်။ ဒီရွာလေးဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတဲ့ ရွာကလေးပါပဲ။ အခုတော့ ကျွန်တော်တို့ ကန်စွန်းပင်ကို ဘယ်လိုစိုက်လဲဆိုတာကို လေ့လာကြည့်ရအောင်ပါခင်ဗျာ။

ကန်စွန်းပင်မှာ ကုန်းကန်စွန်းနဲ့ ရေကန်စွန်းဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ကန်စွန်းပင်ရဲ့ မူရင်းဒေသကတော့ တောင်အမေရိကတိုက်ကပဲ ဖြစ်ပါတယ်။

ကန်စွန်းပင်က ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ရေကိုလည်း ကြိုက်နှစ်သက်တဲ့အတွက် ရေဝပ်ခြင်းဒဏ်ကိုလည်း ခံနိုင်ပါတယ်။ ပူနွေးမှုကို ကြိုက်နှစ်သက်ပေမယ့် မြေကြီးခြောက်သွေ့မှုကိုတော့ မနှစ်သက်ပါဘူး။

ကုန်းကန်စွန်းကို စိုက်ပျိုးမယ်ဆိုရင်တော့ ထယ်တစ်ဆက် ထွန်တစ်ဆက် ငင်ထားတဲ့မြေမှာ နွားချေး ယူးရီးယား စတဲ့ မြေသြဇာတွေ ရောပြီးတော့ တစ်ပေအကျယ် အမြင့် ၈ လက်မခန့်ရှိတဲ့ ဘောင်တန်းတွေကို လုပ်ပြီးတော့ စိုက်ပျိုးနိုင်ပါတယ်။ တစ်ဘောင်နဲ့တစ်ဘောင်ကိုတော့ နှစ်ပေ ဒါမှမဟုတ် သုံးပေခန့် ခွာထားပေးရမှာပါ။

အစေ့ချ စိုက်ပျိုးရတာဖြစ်တဲ့အတွက် တစ်ပင်နဲ့တစ်ပင်ကို နှစ်လက်မခန့် ခြားပြီးတော့ စိုက်ပျိုးပေးရမှာပါ။

ကန်စွန်းပင်က ဗီတာမင် အဟာရဓာတ်တွေ ပြည့်ဝပြီးတော့ အဆိပ်အတောက်ကိုလည်း နိုင်နင်းပါတယ်။ ဒါကြောင့် ကန်စွန်းရွက်ကို အစားအသောက်သာမက ဆေးဖက်ဝင်အပင်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ မီးလောင်ဒဏ်ရာနဲ့ ရေနွေးပူဒဏ်ရာတို့အတွက်ကတော့ ကန်စွန်းပင်ကို အရေညစ် အပူလောင်တဲ့ ဒဏ်ရာတွေပေါ်ကို မကြာခဏ လောင်းပေးရင်တော့ အဖုမပေါက် အနာမကြီးပဲနဲ့ မကြာခင်မှာ သက်သာပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။ မြွေဆိပ် ကင်းဆိပ်နဲ့ မတည့်တဲ့ အစားများကို စားမိပါက ကန်စွန်းပင်တစ်ပင်လုံးကို အရေညစ်ပြီးတော့ သောက်ချပေးပါ။ ခွေးများ အဆိပ်မိပါက ကန်စွန်းပင်တစ်ပင်လုံးကို အရေညစ် ဆားအနည်းငယ်ထည့်ပြီးတော့ ပါးစပ်ထဲကို လောင်းချပေးပါ။ ငါးမိနစ်ခန့် ကြာရင်တော့ အမြီးကနေ ဇောက်ထိုး ဆွဲထားလိုက်ပါက အဆိပ်များ   ပြန်ထွက်သွားမှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly