ရုရှသံအမတ် လုပ်ကြံခံရမှု၊ ဘာလင်စျေးတိုက်ခိုက်ခံရမှုဖြစ်စဉ်တို့နှင့် တစ်နေ့တည်းမှာပင် ဆွစ်ဇာလန်တွင်လည်း ပစ်ခတ်မှုဖြစ်ပွား၍ သုံးဦး ဒဏ်ရာရ

ရုရှသံအမတ် လုပ်ကြံခံရမှု၊ ဘာလင်စျေးတိုက်ခိုက်ခံရမှုဖြစ်စဉ်တို့နှင့် တစ်နေ့တည်းမှာပင် ဆွစ်ဇာလန်တွင်လည်း ပစ်ခတ်မှုဖြစ်ပွား၍ သုံးဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၀ ။                   ။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့လယ်ပိုင်းရှိ အစ္စလမ်ဘာသာရေး အဆောက်အအုံတစ်ခုတွင်းသို့ ဒီဇင်ဘာ ၁၉ ရက်က သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းနေ့တစ်နေ့တည်းမှာပင် ဂျာမနီနိုင်ငံ ဘာလင်မြို့ ခရစ်စမတ်စျေးတစ်ခုအတွင်း ကုန်ကားတစ်စီးအရှိန်ဖြင့်ဝင်တိုက်ခဲ့မှုကြောင့် လူအများအပြားသေဆုံးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့် အန်ကာရာမြို့၌လည်း  ရုရှသံအမတ် လုပ်ကြံပစ်ခတ်ခံရမှုဖြစ်ရပ်များလည်း ဖြစ်ပွားထားခဲ့သည်။

ယခု ဇူးရစ်မြို့ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၅ နာရီခွဲခန့်က မွတ်ဆလင် ဘုရားရှိခိုးကျောင်းဆောင် တစ်ခုအတွင်း ရှိနေကြသော ၀တ်ပြုသူအုပ်စုတစ်စုကို အနက်ရောင်ဝတ်အမျိုးသားတစ်ဦးက ၀င်ရောက်ပစ်ခတ်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယင်းဖြစ်စဉ်၌ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးသူမရှိခဲ့သော်လည်း အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းနှင့် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ရဲများက ပြောသည်။

သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်းနှင့် မြို့လယ်ဘူတာရုံနှင့် မဝေးလှသော ယင်းနေရာတစ်ဝိုက်ကို ရဲများက ပိတ်ထားလိုက်ပြီဖြစ်ပြီး သေနတ်သမားကို လိုက်လံ ရှာဖွေနေလျက်ရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ တစ်နေ့တည်းမှာပင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်သုံးရပ်စလုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များသာဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က တွစ်တာမှ တဆင့် ပြစ်တင်ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly