အမေရိကန်ဒရုန်းယာဉ်အား ခိုးယူထားသည်ဆိုသော ထရမ့်၏ စွပ်စွဲချက်ကို တရုတ် ပယ်ချ

အမေရိကန်ဒရုန်းယာဉ်အား ခိုးယူထားသည်ဆိုသော ထရမ့်၏ စွပ်စွဲချက်ကို တရုတ် ပယ်ချ

ပေကျင်း၊ ဒီဇင်ဘာ ၁၉ ။          ။ အမေရိကန်၏ သုတေသနဒရုန်းယာဉ်ကို ခိုးယူထားသည်ဟူသော ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်ကို တရုတ်က ပယ်ချလိုက်သကဲ့သို့   နိုင်ငံပိုင်သတင်းကလည်း ထရမ့်၏ သံတမန်ရေးရာ မကျွမ်းကျင်မှုက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့မှုကို ဖြစ်ပွားစေလာလိမ့်မည်ဟု ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ နိုင်ငံတကာရေပိုင်နက်၌ အမေရိကန်၏ ရေအောက်စူးစမ်းရေးဒရုန်းယာဉ်အား တရုတ်က သိမ်းယူလိုက်ခြင်း အခြေအနေက ကမ္ဘာ့စစ်အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုတစ်ရပ် ဖြစ်ပွားစေခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်တွင် တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံက အဆိုပါ ဒရုန်းယာဉ်အား ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထရမ့်က တွစ်တာတွင် “တရုတ်ကို ကျွန်တော်တို့ ပြောလိုတယ်။ သူတို့ ခိုးပြီးသား  ဒရုန်းယာဉ်ကို ပြန်မလိုချင်တော့ဘူးဆိုတာပါ။ ဒါကို သူတို့ပဲ ယူထားလိုက်ကြပါ။”ဟု ရေးသားခဲ့သည်။

ထိုသို့ ခိုးယူသည်ဆိုသော ထရမ့်၏ စွပ်စွဲချက်ကို တရုတ်က ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိအမျိုးသမီး ဟွာချန်ယင်းက ပြောပြီး ထိုပြောဆိုချက်က မှန်ကန်မှု မရှိကြောင်း ဖြည့်စွက်ဆိုသည်။

“ကျွန်မတို့တွေ တစ်ခုခုကို တွေ့တယ်ဆိုရင် ဒါကို ပထမစစ်ဆေးဖို့လိုတယ်။ အတည်ပြုအကဲဖြတ်ဖို့ လိုတယ်။ ပြီးမှ ပြန်ပေးရမှာပဲ ဖြစ်တယ်။”ဟု ၎င်းက ပုံမှန်သတင်းစားရှင်းလင်းပွဲ၌ ပြောခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် စစ်ရေးအရ ဆက်ဆံရေး ချောမွေ့မှု ရှိကြောင်း၊ ယခုကိစ္စရပ်ကိုလည်း သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု ကျွန်မတို့ ယုံကြည်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက် ပင်တဂွန်က ပြောထားရာတွင် ဖိလစ်ပိုင်မှ ရေမိုင် ၅၀ အတွင်း မောင်းသူမဲ့ရေအောက်ဒရုန်းကို တရုတ်က ဥပဒေမဲ့ ဖမ်းယူသွားကြောင်း ပြောထားခဲ့သည်။

တရုတ်ဖက်ကမူ အခြားသော ရေယာဉ်များအတွက် လုံခြံုရေးဘေးအန္တရာယ် ဖြစ်လာနိုင်သည် ထင်မှတ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly