ဖိုးမောင်၊ ဗိုလ်အောင်ဒင်၊ ဖုန်းဆက်ဆက် မဆက်ဆက်

ဖိုးမောင်၊ ဗိုလ်အောင်ဒင်၊ ဖုန်းဆက်ဆက် မဆက်ဆက်
အခင်းဖြစ်ပွားရာ MS Group Money Exchange ( ဓာတ်ပုံ သူရ/ မဇ္ဈိမ)

မောင်းကိုထုပါ၊ လူစုပါဟေ့

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့

ဓါးပြငါ့အား၊ ဖမ်း၍ထားဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒို်င်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်

ချောင်းယံပဲ့တင်ထပ်သတည်း။

အဲဒီကဗျာပိုဒ်ကလေးက ဆရာကြီး မင်းသုဝဏ်ရဲ့ “ဖိုးမောင်လာပြီ”ဆိုတဲ့ ကဗျာထဲက ကောက်နှုတ်ထားတာ။ အများလည်း ဖတ်ဖူးကြမှာပါ။ ငယ်တုန်းက ကျောင်းမှာလည်း သင်ခဲ့ရတာပဲ။ မောင်မှန်လည်း အဲဒီကထဲက စွဲခဲ့တာ ခုထိ ငြိတုန်းပါပဲ။ ဖိုးမောင်ဆိုတဲ့ ရွာသားတံငါသည်က အသက်စွန့်ပြီး ရွာကို ဓါးပြရန်က ကာကွယ်ပေးသွားတာ၊ စိတ်မကောင်းစရာ အားကျလေးစား အတုယူစရာ ဆရာကြီး မင်းသုဝဏ်ရဲ့ ဖိုးမောင်၊ မောင်မှန်တို့ရဲ့ ဖိုးမောင်ပေါ့။

အခုလည်း ဗမာပြည်မှာ ဖိုးမောင်တွေ အများကြီးလိုနေပြီ။ သိတော်မူကြတဲ့အတိုင်း ရာဇဝတ်မှုတွေဆိုတာကလည်း ဒေါ်လာစျေးအတိုင်း၊ ကုန်စျေးနှုန်းအတိုင်း တရိပ်ရိပ် တက်နေတာမဟုတ်လား။ အမှုတွေ တရိပ်ရိပ် တက်နေတဲ့ အပြင်ကို ဖမ်းမမိတဲ့နှုန်းကလည်း တရိပ်ရိပ် တက်နေတာပါပဲ။ ခုနောက်ပိုင်း ကျူးလွန်တဲ့ အမှုတွေလည်း ကြည့်လိုက်ဦး။ မြို့လယ်ကောင်အမှုတွေဆိုတာ မနည်းဘူး။ ၃၈ လမ်းထဲဆို တစ်လလောက်အတွင်း နှစ်ခါလောက်တောင် လုယက်မှုဖြစ်ပြီးပြီ ထင်တယ်။ ပညတ်သွားရာ ဓါတ်သက်ပါလို့တောင် ပြောရမလား မသိဘူး။ ဗိုလ်အောင်ဒင်သီချင်းက တအားပေါက်တာလေ။ ဗိုလ်အောင်ဒင်ဆိုတာ သိတဲ့အတိုင်းပဲ။

ဖိုးမောင်တွေသာ မများတာ၊ ဗိုလ်အောင်ဒင်တွေက များလှပြီ။ ဖိုးမောင်တွေမများလို့ အားမလိုအားမရဖြစ်တဲ့ သူက ရှိသေးတယ်။ ရန်ကုန်တိုင်း နယ်/လုံးဝန်ကြီးခင်ဗျာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ စမ်းချောင်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ငွေလဲကောင်တာတစ်ခု နေ့ခင်းကြောင်တောင် လုယက်ခံရတဲ့ ဖြစ်စဉ်မှာ ဖိုးမောင်တွေ မရှိရကောင်းလားဆိုတဲ့ သဘော ဂရုဏာ ဒေါသောနဲ့ ဝန်ကြီးက ခုလို ပြောခဲ့ပါတယ်။

"ငွေလဲကောင်တာကို ဓါးပြဝင်တိုက်သွားတာကို အပြင်မှာ အုပ်လိုက်ကြီး ရပ်ကြည့်နေကြတာမျိုးကလည်း တော်တော်လေး အခြေအနေဆိုးပါတယ်။ ဝင်ပြီး နပမ်းလုံးစရာ မလိုပါဘူး။ ဖုန်းဆက်ပြီး ပြောလိုက်ရုံနဲ့ ကျနော်တို့ အလျင်အမြန် ဖမ်းဆီးနိုင်မယ့် အနေအထားမျိုးမှာ အလွယ်တကူပဲ လွတ်မြောက်သွားတဲ့ အနေအထားမျိုးတွေဟာ အားလုံးမှာ တာဝန်ရှိပါတယ်" တဲ့။

ဟုတ်ပ၊ ဝန်ကြီးပြောလည်း ပြောစရာပဲ။ ခွေးနှစ်ကောင်ကိုက်လည်း လူတွေက ဝိုင်းအုံကြည့်တာပဲ။ ဆွဲဖို့ ဖျန်ဖြေဖို့ စိတ်ကူးမကြည့်ကြဘူး။ ခုလည်း ဒီအတိုင်းပဲ။ ဟို ဓါးပြနှစ်ယောက် ငွေလဲကောင်တာထဲက ထွက်လာတဲ့ အချိန်မယ် ဖိုးမောင်လို စဉ်းစားကြဖို့ ကောင်းတာပေါ့။ အက်ရှင်ကားတွေထဲမှာ တွေ့ဖူးတယ်မို့လား၊ သေနတ်မကလို့ လောင်ချာတွေ လက်ပစ်ဗုံးတွေပဲ ကိုင်ထားကိုင်ထား၊ ဇာတ်လိုက်က နှစ်ယောက်တစ်ယောက်လောက်များ အသာလေးပဲ။ ကိုယ့်ကိုယ်ကိုယ် ဇာတ်လိုက်လို့ သဘောထားလိုက်ပေါ့။ ကံမကောင်းအကြောင်းမလှခဲ့လို့ ဒိုင်း ဒုန်း ဒိန်း သံ မြို့လုံးညံခဲ့ရင်လည်း ခေတ်သစ်ဖိုးမောင်၊ မြို့ပြဖိုးမောင်အဖြစ် ပြည်သူက ဝိုင်းအသိအမှတ် ပြုကြမှာပါ။

ဒါတောင် ဝန်ကြီးတောင်းဆိုတာ ဒီလောက် မမြင့်မားပါဘူး။ "နပမ်းဝင်လုံးစရာ မလိုပါဘူး" တဲ့။ "ဖုန်းဆက်ပြီး ပြောလိုက်ရုံနဲ့ ကျနော်တို့ အလျန်အမြန် ဖမ်းလို့ရပါတယ်" တဲ့။ ဖုန်းဆက်ဖို့လောက် ပြောတာပါ။ အင်တာနက်စာမျက်နှာတွေပေါ်က မှတ်ချက်အချို့မှာတော့ ဖုန်းဆက်သူတွေ ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါလည်း မောင်မှန်တို့ လက်တွေ့ သိရတာမှ မဟုတ်ဘဲ။ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဝန်ကြီးက ပိုသိမှာ သေချာတယ်။ ရဲတွေဘာတွေက သူတို့ကို ဘယ်သူမှ ဖုန်းဆက် အကြောင်းမကြားဘူးလို့ သတင်းပို့လို့ နေမှာပေါ့။ ဖုန်းဖိုးလေး ၅၀၊ ၁၀၀ ကုန်မှာ နှမျောနေကြတယ် ထင်ပါရဲ့။ ဒါမှမဟုတ်လည်း တအားကြောက်နေကြလို့ ဖြစ်ကောင်းဖြစ်မယ်။ တစ်ယောက်ယောက်ကသာ အလျင်အမြန် ဖုန်းဆက်ခဲ့မယ်ဆို တာဝန်ရှိသူတွေ ချက်ခြင်း ရောက်ရှိလာပြီး ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးနိုင်လိုက်မှာ သေချာတယ်။ ဟောလီဝုဒ်ကားတွေထဲမှာ ဘဏ်ဓါးပြတိုက်တဲ့ကားတွေ ကြည့်ဖူးကြတယ်ဟုတ်။ ဘဏ်ရှေ့ကို ရဲကားတွေရောက်လာ နေရာယူ ဘဏ်ဓါးပြတွေက ဘဏ်ထဲကထွက်လာပြီး ပစ်ကြခတ််ကြ၊ ပြေးကြလွှားကြနဲ့ အတော်ကြည့်ကောင်းပါတယ်။ မဆိုင်တဲ့ ပြည်သူအချို့ကလည်း ဓါးပြက ဓါးစားခံလုပ်လိုလုပ်၊ သေနတ်မှန်လို့ မှန်တာမျိုးတွေလည်း ကြည့်ရတယ်။ ရုပ်ရှင်ဆိုပေမဲ့ အပြင်မှာလည်း တကယ်ဖြစ်နိုင်ခြေ ရှိပါတယ်။ အကောင်းဘက်က လှည့်တွေးကြည့်လိုက်တော့လည်း ခုလို အသာတကြည် ထွက်ခွာခွင့်ရသွားတာဟာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်လိုက်တာပါပဲ။ ဒီငွေလဲကောင်တာ ဓါးပြတွေကို တနေ့မမိ တစ်နေ့ မိမှာပါ။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ မဟုတ်လား။ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုမို့လား။ တစ်နေ့မှာ တရားဥပဒေ မျက်မှောက်မလွဲမသွေ ရောက်ကို ရောက်ရမှာပါခင်ဗျာ။

သိပ်မကြာသေးခင်က ကြည့်မြင်တိုင် ဦးလူနီလမ်းက ကျန်းမာရေးမှူးတစ်ယောက် အိမ်ကို နေ့ခင်ကြောင်တောင် ဝင်ပြီး ငွေလု ဓါးစားခံဖမ်းခေါ်ပြီး အိမ်ရှင်ကို ကားမောင်း လိုက်ပို့ခိုင်းတဲ့ အနုကြမ်းသမားတုန်းကတော့ တာဝန်ရှိသူတွေရော ပြည်သူတွေပါ ဝို်င်းလိုက်ပြီး ဖမ်းဆီးရမိုဖို့ ကြိုးစားခဲ့ကြတာ မောင်မှန် အမှတ်ရမိပါတယ်။ အနုကြမ်းသမားက ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့ မြို့တွင်း လမ်းတစ်နေရာမှာ ကားပေါ်ကဆင်းပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ (ခုထိလည်း ဖမ်းမိသံ မကြားသေးပါဘူး။ မောင်မှန် မသိလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ရဲနဲ့ ပြည်သူ ကြည်ဖြူပူးပေါင်းပြီး လူဆိုးဖမ်းပွဲ နွှဲခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။

ခုလတ်တလော ဖြစ်ပွားခဲ့တဲ့ လွှတ်တော်အမတ်တစ်ယောက်ရဲ့ ကားကို နောက်ကားတစ်စီးက လမ်းပေါ်မှာ လိုက်လံဆဲဆို ရန်ပြုဖို့ ကြိုးစားတယ်ဆိုတဲ့ ကိစ္စရှိသေးတယ်။ (ဒီနေရာမှာ အမတ်ဘက်က ပြောတာနဲ့ နှောက်ယှက်တယ်ဆိုတဲ့ ကားဘက်က ပြောတာ ကွဲလွဲနေတယ်။ သေချာတာက အမတ်က ပြဿနာဖြစ်နေစဉ်အတွင်းမှာ ရဲကို ဖုနး်ဆက်အကြောင်းကြားခဲ့တယ်။) အမတ်ရဲ့ကား ရဲစခန်းရှေ့ရောက်သွားမှ ဟိုကားက လှည့်ပြန်သွားတယ်ဆိုတယ်။ ရဲစခန်းဝင် တံခါးကြီးကလည်း ပိတ်လို့တဲ့။ အမတ်ကား စခန်းရှေ့အရောက် သူတို့ကားမှန်း သိအောင် ဖုန်းမီးတွေနဲ့ အချက်ပြပေမဲ့လည်း ဘယ်သူမှ ထွက်မလာဘူးတဲ့။ ဖြစ်စဉ် တကယ်ဟုတ်မဟုတ်ဆိုတာ နောက်မှ သိနိုင်တာပါ။ လောလောဆယ်တော့ ပြဿနာကို ထိန်းသိမ်းဖို့ရာ တာဝန်ရှိသူတွေရဲ့ တာဝန်ပါ။

          ဖုန်းမဆက်တော့လည်း တစ်ပြစ်၊ ဖုန်းဆက်တော့လည်း မဖြစ်ပါလား ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly