ဘောလုံးအပါအဝင် အားကစားကဏ္ဍတိုးတက်ဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းနေဟု ဝန်ကြီးပြော

ဘောလုံးအပါအဝင် အားကစားကဏ္ဍတိုးတက်ဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းနေဟု ဝန်ကြီးပြော
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ အရှေ့တောင်အာရှနိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင်ပင် အဘက်ဘက်က နိမ့်ကျနေသည်ဟု ဝေဖန်ခံနေရသည့် မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဘက်ပေါင်းစုံက ကြိုးပမ်းနေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားလိုက်သည်။

“တဖြည်းဖြည်းတော့ လာမှာပေါ့လေ။ ကျွန်တော်တို့ (အစိုးရသက်တမ်း) ရှစ်လလောက်ပဲ ရှိသေးတော့ နည်းနည်းတော့ စောင့်ဦးလေဗျာ။ လာမယ်။ ကျွန်တော်တို့ ဘက်စုံ လုပ်နေတယ်” ဟု ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ ၁၉ရက်တွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းအသင်းနှင့် (၂)ကျော့ ယှဉ်ပြိုင်ခဲ့ရာ ၆ - ၀ (ခြောက်ဂိုး၊ ဂိုးမရှိ)ဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါ ပွဲစဉ်များနှင့်ပတ်သက်၍ ဒေါက်တာမြင့်ထွေးက “ကျွန်တော်လည်း သိပါတယ်။ ယိုးဒယား(ထိုင်း)နဲ့ ကန်တဲ့ပွဲတွေဆို ယိုးဒယားတွေက ထောင်ထောင်မောင်းမောင်းနဲ့ သူနှစ်လှမ်းလောက်ပြေးရင် ကျွန်တော်တို့က သုံးလှမ်းလောက် လိုက်တဲ့အခါ မောနေပြီလေ။ ဒါတွေကို သိပါတယ်” ဟု ပြောသည်။

အဆိုပါ အခြေအနေသည် ဝန်ကြီးဌာနတစ်ခုတည်းက လုပ်ဆောင်၍မရဘဲ နိုင်ငံ၏ စီးပွားရေးအပါအဝင် အခြေအနေအမျိုးမျိုးပေါ် မူတည်နေသည်ဟုလည်း ဒေါက်တာမြင့်ထွေးက ပြောသည်။

မြန်မာအသင်းမှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၀၄ ခုနှစ်က တစ်ကြိမ်သာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ဖူးရာ ၁၂နှစ်အတွင်း ပထမဆုံးဆီမီးဖိုင်နယ်ပြန်လည်တက်ရောက်နိုင်ခဲ့သည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာပရိသတ်များက စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly