ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာဆိုရင်တော့ NCA ချိုးဖောက်တာပေါ့

ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာဆိုရင်တော့ NCA ချိုးဖောက်တာပေါ့

 ပူးတွဲအပစ်အခတ် စောင့်ကြည့်ရေးကော်မတီ JMC-U  အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင်နဲ့ အင်တာဗျူး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ။         ။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ တပ်မတော်တို့အကြား ဒီဇင်ဘာ ၁၆ရက် မနက်ပိုင်းက ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ တပ်မတော် ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

RCSS/SSA (ရွက်ဆစ်) အဖွဲ့နဲ့  ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နယ်မြေဟာ ၎င်းတို့အတွက်သတ်မှတ်ထားတဲ့ နယ်မြေမဟုတ်ဘဲ သတ်မှတ်နယ်မြေကျော်လွန်ဝင်ရောက်လှုပ်ရှားလာတာကြောင့် Joint Ceasefire Monitoring Committee-Union Level(JMC) မှတစ်ဆင့် ကန့်ကွက်အကြောင်းကြားစာပေးပို့သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

JMC ဟာ အပစ်ရပ်လက်မှတ် NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်အပါအဝင် ပစ်ခေတ်တိုက်ခိုက်မှုတွေကို စောင့်ကြည့်တဲ့ အဖွဲ့တစ် ခု လည်းဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး JMC-U  အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင် ကိုမဇ္စျိမသတင်းထောက်က မေးမြန်းထား ပါတယ်။

မေး။     ။ RCSS/SSA အဖွဲ့ရဲ့ သတ်မှတ်နယ်မြေ ကျော်လွန်ဝင်ရောက် လှုပ်ရှားလာမှုနှင့် ပတ်သက်ပြီး ပူးတွဲအပစ်အခတ်စောင့်ကြည့်ရေးကော်မတီ (JMC) က တစ်ဆင့် ကန့်ကွက်အကြောင်းကြားစာ   ပေးပို့သွားမယ်လို့ တပ်မတော်က သတင်းထုန်ပြန်ထားတာ အခု ပို့ထားတာရှိပြီလား ခင်ဗျ။

ဖြေ။     ။ လောလောဆယ်တော့ ကျွန်တော့်ဆီ မရောက်သေးဘူးဗျ။ မနေ့က တရားဝင် သတင်းထုတ်ပြန် ထားတာ တော့ရှိပါတယ်။ ကျွန်တော့်ဆီတော့ မရောက်သေးဘူး။ မဖတ်ရသေးဘူးပေါ့။ မသိသေးဘူး။ မနေ့က သတင်းထုတ် ပြန်ထားတာတော့ ရှိပါတယ်။

မေး။     ။ ဗိုလ်မှူးကြီးတို့ JMC-U အတွင်းရေးမှူး တစ်ယောက်အနေနဲ့ ဒီကိစ္စမှာ ဘယ်ဘက်က NCA ချိုးဖောက်တယ် လို့မြင်လဲ။

ဖြေ။     ။ အဲဒါတော့ မနေ့က သတင်းထုတ်ပြန်တဲ့ အတိုင်းပါပဲ။ နယ်မြေ ကျော်လွန်လာတယ်ဆိုပြီးတော့ ကြေငြာထား တာလည်းရှိတယ်။

မေး။     ။ အဲဒီတော့ သူတို့ဘက်က စပြီး NCA ချိုးဖောက်တယ်လို့ ပြောလို့ရမလား ခင်ဗျ။

ဖြေ။     ။ JMC မှာ သူတို့ တိုင်ကြားချက်ပေါ်မှုတည်ပြီးတော့ ကျွန်တော်တို့ စီစစ်ပြီးတော့ ကြည့်လိုက် ရင်တော့သိနိုင်ပါ တယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာဆိုရင်တော့ NCA ချိုးဖောက်တာပေါ့။

မေး။     ။ ဒီထိတွေ့မှုက NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေလုပ်မဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတာကိုရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲ။

ဖြေ။     ။ ဒါကတော့ မရှိပါဘူးခင်ဗျ။ ဒီဟာက အောက်ခြေမှာဖြစ်တဲ့ သဘောလေးပါ။ ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေး ပွဲမှာတော့ ဒီဖြစ်စဉ် လေးတစ်ခုက သက်ရောက်နိုင်မှု မရှိပါဘူး။

မေး။     ။ NCA ထိုးထားရဲ့သားနဲ့ တပ်မတော်နဲ့ ဘယ်လိုအကြောင်းတွေကြောင့် ထိတွေ့မှုတွေ ဖြစ်လာရတာလဲ။

ဖြေ။ ။ သူတို့တပ်တွေ သွားလာချင်ရင် ကျွန်တော်တို့က အရပ်ဝတ်နဲ့သွားဖို့၊ လက်နက်မပါဖို့၊ သက်ဆိုင်ရာကို သတင်းပို့ ပြီးသွားဖို့၊ ဒါလေးတွေကို မလိုက်နာလို့ ထိတွေ့မှုတွေ ဖြစ်တဲ့သဘောပါပဲ။

မေး။ ။ သူတို့အနေနဲ့ NCA ပါ အချက်အလက်တွေကို သိရှိမှုအားနည်းတယ်လို့ ပြောလို့ရနိုင်လား။

ဖြေ။ ။ NCA စာချုပ် သိရှိမှုအားနည်းတယ်လို့ပြောရင်လည်း ပြောနိုင်လို့ရတဲ့ အနေအထားလည်းရှိသလို။ နည်းနည်း လိုက်နာမှုအားနည်းတဲ့ အနေအထားတွေလည်း ရှိနိုင်တာပေါ့။

မေး။     ။ ဗိုလ်မှူးကြီးအနေနဲ့ တခြားဖြည့်စွက်ပြောလိုတာများရှိရင် ဖြည့်စွက် ပြောကြားပေါးပါဦး။

ဖြေ။     ။ ကျနော့အနေနဲ့တော့ တခြားဘာမှ ပြောလိုတာတော့မရှိပါဘူး ခင်ဗျာ။

ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ…။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly