မြောက်ကိုရီးယား၏ ကင်ဂျံုအွန် ကနိုင်ငံခြားငွေရရန် ကျွန်လုပ်သား ၉၀၀၀၀ ခန့် တင်ပို့လျှက်ရှိဟုဆို

မြောက်ကိုရီးယား၏ ကင်ဂျံုအွန် ကနိုင်ငံခြားငွေရရန် ကျွန်လုပ်သား ၉၀၀၀၀ ခန့် တင်ပို့လျှက်ရှိဟုဆို

ဆိုးလ်၊ ဇူလိုင်-၂၀ ။     ။ မြောက်ကိုရီးယားနိုင်ငံ မှာနှစ်ပေါင်းများစွာကြာမြင့်အောင်ပင် လက်နက်ရောင်းချခြင်း၊ မူးယစ်ဆေးမှောင် ခိုကုန်ကူးခြင်းနှင့် အမေရိကန်ဒေါ်လာငွေစက္ကူ  အတုများပြုလုပ်ခြင်း ကဲ့သို့သော တရားမဝင် နည်းလမ်းများဖြင့် ငွေမာကို ထုတ်လုပ်နေခဲ့သည်ဟု အေဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သို့ရာတွင်ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများက ထိခိုက်လာသည့် အခါတွင်မူငွေသားရှားပါး လာသည့်မြောက်ကိုရီးယား အစိုးရ မှာနိုင်ငံခြားငွေ တွင်းသစ်ကို စတင်တူးဖော်လာသည်။ ယင်းမှာ ကျွန်လုပ်သားပင်ဖြစ်သည်။

မြောက်ကိုရီးယားက အစိုးရကို ကျားကန်ရန်အတွက် ထောင်ပေါင်းများစွာသော နိုင်ငံသားများကို နိုင်ငံခြားသို့ စတင်စေလွှတ်လာ သည်။ ယင်းတို့အနက် ကျွန်လုပ်သားလေး ရင်အီးအတွက် အိပ်မက်ထဲက အလုပ်အကိုင်တစ်ခု၊ တစ်လ အမေရိကန်ဒေါ်လာ ၁၂၀ ဝင်ငွေနှင့် တစ်နေ့ ထမင်းသုံးနပ်ဆိုသည်မှာ ရခဲလှသည်။ ၁၉၉၀ခုနှစ်များက မြောက်ကိုရီးယားအငတ်ဘေး အပြင်းထန်ဆုံး အချိန်တွင် အခွင့်ရသည်နှင့် ခုန်ကူးခဲ့၍ ယခုတောင်ကိုရီးယားတွင် ဘေးကင်းလုံခြုံနေပြီဖြစ်သည့် မစ္စတာ ရင်အီးကဖြစ်ကြောင်း ကုန်စင်ကို ပြန်ပြောပြနိုင်ပြီဖြစ်သည်။

‘ဒီမှာက ဆန်တွေလည်းအများကြီး၊ အသားနဲ့ စွပ်ပြုပ်လည်းသောက်နိုင်ပြီ။ မြောက်ကိုရီးယားမှာဆိုရင်တော့ အိပ်မက်တောင် မမက်နိုင်တဲ့ဟာတွေပါ’’ဟု ရင်အီးက ပြောကြားခဲ့သည်။

သို့ရာတွင် ကူဝိတ်တွင် လက်သမားတစ်ယောက်အနေနှင့် သူ၏အလုပ်အကိုင်မှာ များမကြာမီတွင်ပင် တစ်နေ့အလုပ်ချိန် ၁၆နာရီနှင့် ခြံဝန်းအတွင်း အကျဉ်းချခံထားရသည့်အခါတွင် ခြောက်အိပ်မက်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားတော့သည်။

အစိုးရထံသို့ တိုက်ရိုက် ရောက်ရှိသွားသောကြောင့် ရင်အီးမှာ သူ့လုပ်ခသူ မြင်ပင်မြင်ခွင့်မရ။

‘အခုပြန်စဉ်းစားကြည့်တော့ ကျွန်တော်တို့ကို တိရစှ္ဆာန်တွေလို ဆက်ဆံခဲ့တာ။ ကျွန်တော်တို့ဟာ လူတောင်မဟုတ်ခဲ့ပါဘူး’ဟု ရင်အီးက ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူအလေးထားသည့် အဆောက်အအုံ စီမံကိန်းများနှင့် အကျဉ်ခံနေရ သည့်နိုင်ငံ ၏ နျူကလီးယားအစီအစဉ်ကို မတည်ထောက်ပံ့နိုင်ရန်အတွက် နိုင်ငံခြားအလုပ်သမားဈေးကွက်ကို နှစ်ဆနီးပါးအထိ ချဲ့ထွင်ခဲ့ သည်။ ထိုနိုင်ငံခြားအလုပ်သမားများမှာလည်း လက်ခံသည့်နိုင်ငံ၏ အလုပ်သမားဥပဒေများအရသာ ကာကွယ်မှုရကြသည်။

ယခုဆိုလျှင် မြောက်ကိုရီးယားနိုင်ငံသားများမှာ နိုင်ငံပေါင်း ၄၀တွင် အလုပ်လုပ်နေကြသည်။ အချို့မှာ မွန်ဂိုလီးယား သတ္တုတွင်း များတွင်၊ အချို့မှာ တရုတ် အထည်အလိပ်စက်ရုံများတွင်၊ အခြားများစွာမှာ အရှေ့အလယ်ပိုင်းမှ ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေကြသည်။ ရုရှမှာ မြောက်ကိုရီးယားအလုပ်သမား အများဆုံးကို လက်ခံထားရာဖြစ်သည်။

‘ကင်ဂျုံအွန် အာဏာရလာကတည်းက ကျွန်အလုပ်သမားဈေးကွက်က ပေါက်ကွဲထွက်လာတော့တာပဲ’ဟု ဆိုးလ်အခြေစိုက် North Korean Watch အဖွ့၏ အမှုဆောင်ဒါရိုက်တာ မြောင် ချယ်အန်းက ပြောကြားခဲ့သည်။

‘ကျွန်အလုပ်သမား ၉၀၀၀၀လောက်ရှိပြီး၊ တစ်နှစ်ကို မြောက်ကိုရီးယားအစိုးရထံ အကြမ်းဖျင်း ကန်ဒေါ်လာ ၂ဘီလျံလောက် စီးဝင်နေတယ်’’ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

မကြာသေးမီက တောင်ကိုရီးယားသို့ ပြည်ပြေးလာခဲ့ကြသည့် မြောက်ကိုရီးယားအမျိုးသားများနှင့် အေဘီစီသတင်းဌာနက စကားပြောခဲ့ရာတွင် ၎င်းတို့မှာ ဆိုက်ဘေးရီးယားသစ်ထုတ်စခန်းများတွင် သွေးခဲမတတ်အအေးဒဏ်ကို ခံစားရင်း နာရီပေါင်း များစွာကြာအောင် အလုပ်လုပ်ရသော်လည်း လုပ်ခ၏ ဆယ်ရာခိုင်နှုန်းသာလျှင် ရရှိကြသည်ဟု ဆိုသည်။

လုပ်ငန်းခွင် ခက်ခဲကြမ်းတမ်းမှုများကြောင့် မျက်စိရှေ့မှောက်တွင်ပင် လုပ်ဖော်ကိုင်ဖက်များသေဆုံး သွားကြသော်လည်းမြောက် ကိုရီးယားအစိုးရက ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးထားသောကြောင့် ထွက်မပြေးနိုင်ဖြစ်နေကြရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly