မြန်မာနိုင်ငံ၏ ပထမဆုံး ဒစ်ဂျစ်တယ် ကင်န်တင်းကို ဖန်တီးပေးမည့် YU Menu Book app

မြန်မာနိုင်ငံ၏ ပထမဆုံး ဒစ်ဂျစ်တယ် ကင်န်တင်းကို ဖန်တီးပေးမည့် YU Menu Book app

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ။             ။ ရန်ကုန် တက္ကသိုလ်တွင် သုံးရက်ကြာကျင်းပနေသည့် ၂၀၁၆ သိပ္ပံပြပွဲ၌ မြန်မာနိုင်ငံတွင်း ပထမဆုံး ဒစ်ဂျစ်တယ်ကင်န်တင်းကို ခေါ်ဆောင်ပေးမည့် YU Menu Book App ကို မိတ်ဆက်လိုက်သည်။

ယင်း application ကို ရန်ကုန် တက္ကသိုလ်ကွန်ပျူတာ သိပ္ပံကျောင်းသားများဖြစ်သည့် ကိုညီညီလင်း၊ မအိသဥ္ဇာဖြိုး၊ မအေးမြတ်သူ၊ ကိုအေးစင်လွင်၊ ကိုအောင်ကိုမင်း၊ ကိုဟိန်းသီဟ၊ မဝင်းလဲ့သွယ်၊ မစိုးသဒ္ဒါဖြူ နှင့် ကိုကောင်းဆက်လင်းတို့က ပူးပေါင်းရေးဆွဲထားခြင်းဖြစ်သည်။

တက္ကသိုလ်ကန်တင်းများတွင် အစားအသောက်မှာစားသည့်အခါ အချိန်ကြန့်ကြာမှုများ နှင့် စားသုံးသူများဘက်က စိတ်မကျေနပ်ဘဲ ထပြန်သွားမှုများ များလာသဖြင့် အဆိုပါ applicationကို   ရေးဆွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း YU Menu Book appရေးဆွဲသူ ကိုညီညီလင်းက မဇ္ဈိမကို ပြောသည်။

“အဲ့ဒီလိုဖြစ်တာကို လျှော့ချပေးဖို့ ဒီapp ကို ရေးဖြစ်ပြီး project အနေနဲ့ science fairမှာ ဝင်ရောက်ပြသဖြစ်ခဲ့တာပါ” ဟု ကိုညီညီလင်းက ပြောသည်။

YU Menu Book ကို အသုံးပြုရန် မိမိ၏ facebook account နှင့် sign up လုပ်ရမည်ဖြစ်ပြီး မိမိအထူးပြုယူထားသော မေဂျာ နှင့် ဖုန်းနံပါတ်ကို profile တွင် ဖြည့်စွက်ပေးရမည်ဖြစ်သည်။ ၎င်း application တွင် ဆိုင်များ နှင့် ယင်းဆိုင်များတွင် ရောင်းချသည့် အစားအစာ itemများကို စျေးနှုန်းနှင့်တကွ တွေ့မြင်နိုင်ပြီး လွယ်ကူစွာ ရွေးချယ်နိုင်မည်ဖြစ်သည်။ စားလိုသည့် ဟင်းပွဲများကို   အော်ဒါတင်လိုပါက မိမိ ဆိုင်ရောက်မည့် အချိန်ကိုပါ တပါတည်း သတ်မှတ်ပေးလိုက်ရမည်ဖြစ်သဖြင့် ဆိုင်ကိုရောက်ရှိချိန်တွင် ဟင်းပွဲကို စောင့်ဆိုင်းစရာမလိုဘဲ အဆင်သင့်စားနိုင်မည် ဖြစ်သည်။   ငွေပေးချေမှုကိုမူ ဆိုင်ရောက်မှသာ ပေးချေနိုင်သည်ဟု သိရသည်။

ဆိုင်ရှင်များအတွက် application နှင့် စားသုံးသူများအတွက် application နှစ်ခုလုံးကို android platform တွင် အခြေခံရေးဆွဲပေးထားပြီး စားသုံးသူအတွက် appကို google play storeတွင် အလွယ်တကူရယူနိုင်ပြီ ဖြစ်သည်။ နောက်ပိုင်းတွင်မူ ယင်းapplicationကို apple ဖုန်းများအတွက် iOS platform ကိုပါ ထပ်မံရေးဆွဲမည်ဟု ဆိုသည်။

ဆိုင်ရှင်များသည် ၎င်းတို့အသုံးပြုမည့် applicationမှတဆင့် မိမိရောင်းချမည့် အစားအစာ itemများ အလျော့အတင်း၊ စျေးနှုန်းအပြောင်းအလဲ၊ ဆိုင်အမည် အစရှိသည်တို့ကို အချိန်နှင့် တပြေးညီ လွယ်ကူစွာပြင်ဆင်နိုင်ပြီး စားသုံးသူများ အသုံးပြုရမည့် applicationမှာမူ အစားအသောက်မှာယူခြင်းသာမက ဆိုင်နှင့် ပတ်သတ်သည့် review များကိုလည်း လွယ်လင့်တကူ ရေးသားနိုင်မည်ဖြစ်သည်။

“ဒီprojectကို လက်တွေ့အကောင်ထည်ဖော်ဖို့ကတော့ စီးပွားရေး နားလည်တဲ့သူ တစ်ယောက်လိုပါတယ်။ အဲ့ဒါမှ ဆိုင်တွေနဲ့ developers’ team အကြား စီးပွားရေးတစ်ခုအနေနဲ့ အဆင်ပြေအောင် လုပ်ဆောင်နိုင်မှ ရေရှည်အဆင်ပြေမှာပါ။ နောက်ပြီး ဟင်းပွဲအော်ဒါတင်ပြီး ရောက်မလာတာမျိုးဆို ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကိုပါ ဆက်လုပ်ရမှာပါ။ လတ်တလောတော့ mobile banking   တွေကလည်း fixed မဖြစ်သေးတဲ့အတွက် အစားအသောက်တွေအတွက် လက်ငင်းငွေချေတာပဲ လုပ်လို့ရပါမယ်။ တကယ်လို့ ကုမ္ပဏီတစ်ခုခုကနေ ဒီapplicationကို ၀ယ်ပြီး ကျောင်းမှာ run   ပေးမယ်ဆိုရင် ကျွန်တော်တို့က developer အနေနဲ့ ရောင်းမှာပါ”ဟု ကိုညီညီလင်းက ၎င်းတို့၏ အနာဂတ်အစီအစဉ်များနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားသည်။

YU Menu Book app တွင် လတ်တလောအနေနှင့် ရန်ကုန်တက္ကသိုလ်တွင်း ကန်တင်းများတွင် ဖွင့်ထားသော ဆိုင်များအနက် လေးဆိုင်သာ dataထည့်သွင်းထားပြီး နောက်ပိုင်းတွင် တက္ကသိုလ်တွင်းရှိ ကန်တင်းသုံးခုလုံးမှ ဆိုင်များ၏ dataကို ရယူနိုင်ရန် Developers’ Team အနေနှင့် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

“ယခုလောလောဆယ်ကတော့ ရန်ကုန်တက္ကသိုလ်တွင်းက ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ရေးဆွဲထားတာပါ။ ဒီမှာ အဆင်ပြေလာလို့ တခြားတက္ကသိုလ်က ကန်တင်းတွေလည်း ဒီလို digital canteen စနစ်အသုံးပြုချင်တယ်ဆိုရင် Developers’ team အနေနဲ့ အကူအညီ ပေးသွားဖို့ရှိပါတယ်” လို့ developers’ team အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မအိသဥ္ဇာဖြိုးက မဇ္ဈိမကို ပြောသည်။

အဆိုပါ YU Menu Book application သည် ၂၀၁၆ သိပ္ပံပြပွဲတွင် ကျောင်းသားများအကြား ရေပန်းစားနေပြီး အကောင်းဘက်က ဝေဖန်မှုများစွာလည်း ရရှိထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly