ရှူးရှူးရှဲရှဲ ကြာဆံဟင်းခါးချက်

ရှူးရှူးရှဲရှဲ ကြာဆံဟင်းခါးချက်

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ ကြာဆံဟင်းခါးလေး ချက်စားရအောင်။ ကြာဆံဟင်းခါးကတော့ ကြိုက်တဲ့သူများလို့ အိမ်မှာချက်စားတာပဲဖြစ်ဖြစ်၊ အလှူပွဲလမ်းသဘင်တွေမှာပဲဖြစ်ဖြစ် မျက်နှာပန်းလှတဲ့စားစရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကြာဆံဟင်းခါးချက်တော့မယ်ဆိုရင် ဘာတွေ လိုအပ်မလဲဆိုတာ ကြည့်ရအောင်နော်။

ကြာဆံဟင်းခါးအတွက် လိုအပ်တာတွေကတော့

ဂျံုကြာဆံ       ၂၀သား

ပဲပြားခြောက်   အနည်းငယ်

မှိုခြောက်       အနည်းငယ်

ပန်းခြောက်    အနည်းငယ်  

ငုံးဥ             အလုံး ၃၀ (ပြုတ်ပြီး အခွံနွှာထားပါ)

ကြက်သွန်နီ ဥအသေး ၂၀ သား (အခွံနွှာရေဆေးထားပါ)

ငရုတ်ပွ             ၅တောင့်

ချင်း                 ၄ကျပ်သား

ကြက်သွန်ဖြူ        ၅ကျပ်သား

ငံပြာရည်        အနည်းငယ်

ဆားဆနွင်း    အနည်းငယ်

သံပုရာသီး     ၂လုံး

ဆီ               ၅ကျပ်သား

ငရုတ်ကောင်း အနည်းငယ်

ဒီနေရာမှာ ကြက်သားကို ၅၀သား (တစ်ကောင်)

နံနံပင် ကြက်သွန်မြိတ်နဲ့ ငရုတ်သီးအလှော်မှုန့် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ကြာဆံဟင်းခါးချက်ဖို့ ပစ္စည်းတွေ စုံလင်ပြီဆိုရင်တော့ အရင်ဆုံးလုပ်ရမှာက  လေးခြမ်းခုတ်ထားတဲ့ ကြက်ကို ဆား၊ဆနွင်း၊ ငံပြာရည် အရသာ လေးလေး လေး ဖြစ်အောင်နယ်ပြီး ရေများများနဲ့ ၄၅ မိနစ်လောက် ပြုတ်ရပါမယ်၊ ကြက်သားနူးပြီဆိုရင်တော့   အအေးခံပြီး ကြက်သားကို အမျှင်မျှင်လေး တွေဖြစ်အောင် မျှင်ထားပါ။ ကျန်တဲ့အရိုးတွေကို  ပြန်ပြုတ်ထားပါ။ ကြက်ပြုတ်ရည်ကို ကြာဆံချက်တဲ့ အခါ ပြန်သုံးဖို့ပါ၊

ပြီးရင်တော့ မှိုခြောက်၊ ပဲပြားခြောက်ကို ရေစိမ်ထားပါ။ သဲ ၊ အမှုန်အမွှား တွေ သန့်စင်အောင်ဆေးကြောပြီးရင် ရေစစ်ထားပေးပါ။

မရှိမဖြစ်လိုတဲ့ ပန်းခြောက်ကိုတော့ ရေလေးဆေးပြီး မှ အထုံးလေးတွေ ထုံးထားပေးပါ။

 ကြာဆံကိုရေစိမ်ထားပါ။ ၄၅မိနစ်လောက်စိမ်ပြီး ပွလာရင် ဆယ်ပြီး ရေစစ်ထားပါ။

ကြက်သွန်နီ ၅ဥ၊  ငရုတ်ပွ ကြက်သွန်ဖြူ ၊ ချင်းတို့ကို ညက်နေအောင်ထောင်းထားပါ၊

ဒါတွေပြီးရင်တော့ ဆီကို ကျက်အောင်တည်ပြီး ငရုတ်သီး၊ ကြက်သွန်ထောင်းကို ဆီသတ်ပါ။

ဆီသတ်တာ အရောင်ရဲလာရင်တော့ ကြက်သား မျှင်ထားတာတွေ ထည့်ပါ။ ကြက်သားအနံ့မွှေးလာရင် ငံပြာရည် စတီးဇွန်း ၄ ဇွန်းစာ ထည့်ပေးပြီး နှံ့အောင်မွှေပေးပါ၊ ငရုတ်ကောင်းမှုန့် လက်ဖက်စား ဇွန်း ၂ဇွန်း စာပါ တစ်ပါတည်း ထည့်ပါ။

ကြက်သားဆီသတ်တာရပြီဆိုရင် ပထမတုန်းက တည်ထားတဲ့ ကြက်အရိုးပြုတ်ရည် ထည့်ပါ။ ပြီးရင် အချိုအရသာအတွက် ကြက်သွန်နီ ဥသေးလေးတွေကိုထည့် အဖုံးအုပ်ပြီးတည်ထားပါ။ ငုံးဥလေးတွေ ကိုလည်း အရသာဝင်အောင် တစ်ခါထဲ ရောထည့် တည်ထားပါ။

ကြက်သွန်ဥလေးတွေ ပျော့အိလာပြီဆိုရင်တော့  အရသာ အပေါ့အငံ မြည်းပါ။ ပြီးရင်  ရေစစ်ထားတဲ့ မှိုခြောက် ၊ပန်းခြောက်၊ ကြာဆံ ၊ ပဲပြားတို့ကို ထည့်ပြီး ခဏတည်ထားပြီး ပါ၀င်ပစ္စည်းတွေ  နူးရင် ရပါပြီ။

ကဲ အခုဆိုရင်တော့ အချိန်သိပ်မပေးရပေမယ့် လူအများဝိုင်းဖွဲ့စားသောက်လို့ အဆင်ပြေတဲ့ ကြာဆံဟင်းခါးချက်လေး ရပါပြီ။ ၀ါသနာပါရင်တော့ အပေါ့အနေတော် အရင်မြည်းကြည့်လို့ ရတယ်ရှင့်။

မိမိနှစ်သက်ရာ နံနံပင် ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးလှော်မှုန့်၊ သံပုရာသီး၊ ငံပြာရည်တို့ ထည့်၊ အရသာကို လိုသလိုပြုပြင်ပြီး ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းတဲဲ့ ကြာဆံဟင်းခါးချက်လေးကို အလုပ်ပိတ်ရက် ရုံးပိတ်ရက်တို့မှာ ချက်ပြုတ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ။ ဆောင်းရာသီဆိုတော့ ပူပူလေးနဲ့ ရှူးရှူးရှဲရှဲဆိုတော့ အတော်ပဲပေါ့။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly