၆၆ (ဃ)နှင့် အပြန်အလှန်လုပ်နေမယ်ဆို ဘယ်တော့မှလည်း ရင်ကြားစေ့မှာမဟုတ်ဘူးဟု သူရရွှေမန်းပြော

၆၆ (ဃ)နှင့် အပြန်အလှန်လုပ်နေမယ်ဆို ဘယ်တော့မှလည်း ရင်ကြားစေ့မှာမဟုတ်ဘူးဟု သူရရွှေမန်းပြော

မန္တလေး၊ဒီဇင်ဘာ ၁၆ ။           ။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု မန္တလေးမြို့၊ မြို့တော်ခန်းမတွင်၊ ဒီဇင်ဘာလ၁၆ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲတွင် သူရ ဦးရွှေမန်းက ပြောကြားသည်။

"ဒီဥပဒေပြင်ဆင်ဖို့အတွက် တစ်ဦးတစ်ယောက်အတွက် စဉ်းစားတာမဟုတ်ဘူး။ နိုင်ငံအတွက် စဉ်းစားတယ်။ အများအတွက်စဉ်းစားတယ််။"ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

အဆိုပါဥပဒေကို ပြင်ဆင်ရန်အတွက် ကော်မရှင်တွင် ဆွေးနွေးရာ၌ ကော်မရှင်အဖွဲ့အဝင်များနှင့် အကြိတ်အနယ်ဆွေးနွေးခဲ့ရကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောကြားသည်။

" ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ကော်မရှင်မှှာ အကြိတ်အနယ် ဆွေးနွေးရတယ်။ ကျွန်တော့ကော်မရှင်အဖွဲ့ဝင်ထဲကပဲ ပြောတယ်။ အရင်တုန်းက ဒါဘာမှ ဥက္ကဋ္ဌကြီးတို့ကမပြောခဲ့ဘူး။ အခုကြတော့မှ မီဒီယာတစ်ခုအကြောင်းပြုပြီးတော့မှ ဒီလိုစဉ်းစားတာလား။ ဒီလိုတွေးတာလားလို့ပြောတယ်။ပြောတဲ့အခါကြတော့ အဲလိုဆို မဟုတ်ဘူး။ မှားနေမယ်။ ကျွန်တော် စဉ်းစားထားတာကြာပြီ။ ဘယ်ကိစ္စက စစဉ်းစားလဲဆိုရင် အားလုံးသိလောက်တဲ့ ချစ်သမီးကိစ္စကတည်းက။ ချစ်သမီးဆိုရင် သိတယ်မဟုတ်လား။ အဲဒီဝေဖန်မှုပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ကိစ္စကို စဉ်းစားတယ်။ အဲဒါဖြစ်တဲ့အခါကြတော့ နောက်ပိုင်း ထပ်ခါထပ်ခါဖြစ်တယ်။ သိပ်မကြာသေးခင်က ပဲခူးမှာဖြစ်တယ်။ စန္ဒီအောင်ဆိုတဲ့ ကလေးမလေးဖြစ်တယ်။ ဖြစ်တဲ့အခါမှာ တရားစွဲတာတွေရှိတယ်။ အဲနောက်ပိုင်း သုံးလေးမှုဖြစ်တယ်။ သုံးလေးမှုဖြစ်တဲ့အခါမှာ ဒီဟာပေါ်လာတယ်။ ခုနကပြောတဲ့ ဒေးလီးအလဲဗင်းနဲ့ပတ်သက်တယ်။ အဲဒီတော့ ကျွန်တော် ကော်မရှင်အဖွဲ့ဝင်ကို ပြောတယ်။ မဟုတ်ဘူး။ အဲဒီကတည်းက စဉ်းစားတယ်လို့ ပြောခဲ့တယ်။

ထပ်မံပြီး “ ဒီလိုစဉ်းစားတာလည်း လူတစ်ယောက်အတွက် မဟုတ်ဘူး။ ဒီလိုတွေသာ ဆောင်ရွက်နေမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်စိတ်ဝမ်းကွဲကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုင်တန်းပြောဆိုနေကြမယ်။ ဒီနေ့လိုချင်တာ ရင်ကြားစေ့ရေး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီလိုဆောင်ရွက်နေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်နေမယ်ဆို ဘယ်တော့မှလည်း ရင်ကြားစေ့မှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ပြန်လည်သင့်မြတ်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီဥပဒေဟာ အဲဒါမျိုးများ ဖန်တီးထားသလား။ ဖန်တီးထားတယ်ဆို ကျွန်တော်တို့ ပြန်ကြည့်ရမယ်" ဟု ပြောသည်။

ကော်မရှင်၏ ဆုံးဖြတ်ချက်ကို သူရရွှေမန်းက "ဒါကြောင့် ပုဒ် ၆၆(ဃ)ထဲက အသရေဖျက်မှုကတော့ အခြားခြားသော ဥပဒေများ နဲ့နှိုင်းယှဉ်လိုက်တဲ့အခါကြတော့ ဒီအထဲမှာ မထည့်သင့်ဘူး။ ဒါကိုပယ်ဖျက်မယ်။ သို့သော်လည်း အခြားခြားသော ဥပဒေတွေနဲ့ ညီညွှတ်အောင် ခုနကပြောမယ်ဆိုရင်တော့ အာမခံပေးလို့ရအောင် ပုဒ်မ ၆၆(ဃ)-(က) အနေနဲ့ ပြစ်ဒဏ်ကျူးလွန်လာလို့ရှိရင် ထောင်ဒဏ် ၂ နှစ်ထက်မများစေရလို့ ပြင်လိုက်မယ်ဆိုရင်တော့ အချင်းများစရာ၊ အငြင်းပွားစရာ မရှိနိုင်တော့ဘူးလို့ ကျွန်တော်တို့ကော်မရှင်က ဆုံးဖြတ်ပြီးတော့ ပြည်ထောင်စုကို တင်ထားတယ် " ဟုသူရဦးရွှေမန်းက ကော်မရှင်တွင် ဆွေးနွေးခဲ့ရမှုကို ရှင်းလင်းပြေားကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဥပဒေချုပ်၊ တရားသူကြီးချုပ်၊ တရားရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးမှူးများ၊ တိုင်းရဲတပ်ဖွဲ့မှူးနှင့် အရပ်ဖက်အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly