အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (နိဂုံးပိုင်း)

16 December 2016
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (နိဂုံးပိုင်း)
 

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဆရာမတို့အနေနဲ့ ဖြည့်စွက်ချင်တာများ ရှိသေးလားမသိဘူးရှင့်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ကျွန်မအနေနဲ့ အခု ဆွေးနွေးတဲ့ အခန်းကဏ္ဍတွေမှာ ကျွန်မတို့ တွေ့ရှိရတဲ့ အားသာချက် အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ ကျွန်မတို့ လုပ်ဆောင်စရာအနေနဲ့လည်း အများကြီးရှိပါတယ်။ ဒါကိုလည်း ကျွန်မတို့ သိပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေက ၅၁ သန်းကျော်ရှိတယ်။ အဲဒီအထဲမှာမှ လူမှုဝန်ထမ်းက ဝန်ထမ်းဦးရေကို ဝန်ကြီးကနေ အောက်ဆုံးအဆင့်အထိဆိုရင် ၂၀၀၀ ပတ်ဝန်းကျင်ပဲရှိတယ်။ အဲဒီအထဲမှာမှ ကျွန်မတို့ အရမ်းရုနး်ကန်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အသိပညာပေးလုပ်ငန်းတွေကိုလည်း တစ်ဖက်ကလုပ်နေသလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက်ဆိုလည်း ဥပဒေရေးဆွဲရေးတွေမှာ ပါဝင်ဆောင်ရွက်တယ်။ အမျိုးသမီးအတွက်တင်မကဘူး ကလေးသူငယ် ဥပဒေကိုလည်း ကျွန်မတို့  ရေးဆွဲနေပါတယ်။   ရေးဆွဲတယ်ဆိုတာက ယခင်က Child Law ပေါ့ အဲဒီဥပဒေကို ကျွန်မတို့ ၉၃ ခုနှစ်ကတည်းက ရေးဆွဲထားတာကို အခု ဒီခေတ်နဲ့ လျော်ညီအောင် ပြန်လည်ပြီးတော့ ပြုပြင်ရေးဆွဲနေတာကလည်း   နောက်ဆုံးအဆင့်လောက်ထိ ရောက်နေပါပြီ။

ကျွန်မတို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပဒေ ကာကွယ်တားဆီးရေးကလည်း ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စဆွဲဲပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်မှာ အလွှဲအပြောင်းကာလလေးတွေ ရှိတဲ့အတွက်ကြောင့် ထွက်မသွားလိုက်ဘူးပေါ့။ အမှန်က ကျွန်မတို့က ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက ထွက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အားလုံးကလည်း   မျှော်လင့်နေတယ်ဆိုတော့ အဲဒီအချိန်မှာ မထွက်ဖြစ်လိုက်ပဲနဲ့ ရွေးကောက်ပွဲတွေအတွက် အလုပ်ရှုပ်နေကြတဲ့အခါကျတော့ မထွက်ဖြစ်လိုက်ဘူး အခု ဒီဘက်အစိုးရလက်ထက်မှာ ဒီဘက်အစိုးရရဲ့ မူဝါဒနဲ့ လျော်ညီတဲ့ ကဏ္ဍလေးတွေကို ပြန်ဖြည့်စွပ်ပြီးတော့ ဆောင်ရွက်နေတယ်။ အထူးတရားရုံးတည်ဆောက်ခြင်းဆိုတဲ့ အခန်းလည်းပါတဲ့အတွက် တရားလွှတ်တော်ချုပ်ရုံးက စီစစ်နေတယ်။ ဒါလေးပြီးရင်တော့ ကျွန်မတို့ အဆင့်ဆင့်ပေါ့ ကက်ဘိနတ်တင်မယ် အဲဒါပြီးရင်တော့ လွှတ်တော်ထဲကို ရောက်ပါပြီ။ အဲဒါလေးကတော့ ကျွန်မတို့ ဆောင်ရွက်နေတာလေးပါ။

ပြီးတဲ့အခါကျတော့ ကျွန်မတို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ပြန်လည်ထူထောင်ဖို့အတွက် သူတို့ ခေတ္တ နားခိုဖို့အတွက် နားခိုဖို့ဆိုတာက သူနဲ့ ပဋိပက္ခဖြစ်တာက သူ့အမျိုးသားလေ သူ့အမျိုးသားရန်ကနေ ရုတ်တရက် ရှောင်ဖယ်လို့ရအောင်လို့ စိတ်ဆိုးလို့နေတဲ့အချိန်လေး သူဆန္ဒရှိလို့ နေချင်တယ်ဆိုရင် One Stop Service Center ဆိုပြီး ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ တည်ထောင်ဖို့ ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်တဲ့အချိန်မှာလည်း အမျိုးသမီးတွေ တရားဥဒေလက်လှမ်းမှီဖို့ ရရှိဖို့အချိန်တွေက နည်းပါးတယ်လို့ ပြောချင်တာပါ။ ပြောလည်းပြောကြတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကျွန်မတို့ကို ထောက်ပြကြတယ်။ ဒီအတွက်ကြောင့် တရားစီရင်ရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေ ရရှိဖို့အတွက်ရယ် ပြီးတော့ တရားစီရင်ရေးရဲ့ လုပ်ငန်းအဆင့်ဆင့် ပရိုစီဂျာတွေပေါ့ အဲဒါတွေ သိရှိနားလည်ဖို့အတွက်ကိုလည်း ကျွန်မတို့က ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် တစ်နှစ်နှစ်နှစ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေ ဒီထက်ပိုပြီးတော့ လုံခြံုစိတ်ချစွာ သွားလာနိုင်ပြီပေါ့နော်။ အန်တီအနေနဲ့ရော ဖြည့်စွက်ပြောချင်တာရှိသေးလားရှင့်။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

အန်တီကတော့ ပြည်သူတစ်ယောက်အနေနဲ့ အမျိုးသမီးထုတွေ ဘာလို့ ကျန်းမာရေးအဆင့်အတန်း နိမ့်ကျနေသလဲဆိုတာက အဓိကက အသိဉာဏ်ပေါ့။ အဲဒါကိုဖြန့်ဝေဖို့က အရပ်ဖက်တွေ ဘယ်လိုပဲလုပ်လုပ် အစိုးရကသာ ဦးဆောင်ပြီးတော့ လုပ်ပေးမယ်ဆိုရင် ပိုပြီးအောင်မြင်မယ်လို့ အန်တီထင်တယ်။ အဲဒီကဏ္ဍတွေကိုလည်း ဦးဆောင်ပေးစေချင်တယ်။

နောက်တစ်ချက်က ငွေမကုန်တဲ့ကိစ္စတွေပေါ့ ငွေမကုန်ပဲနဲ့ သူတို့ အဆင့်ဆင့် ရဖို့ဆိုရင် ကျေးရွာတစ်ရွာမှာ အမျိုးသမီးတွေကို ပြန်ပြီးတော့   ဖြန့်ဝေနိုင်မယ့် နေရာမျိုးလေးကို ဆောက်ဖို့ပေါ့။   ဆောက်ဖို့ဆိုတာက ကြီးကြီးကျယ်ကျယ်ဆောက်ဖို့ မဟုတ်ဘူးပေါ့။ သူတို့တွေ ညနေဆို တွေ့ဆုံဆွေးနွေးခွင့်ရတယ်။ ပြန်ပြီးတော့ Share လုပ်လို့ရတယ်။ အဲလိုဟာမျိုးတွေ ဖြစ်ပေါ်လာဖို့ဆိုတာက အန်တီတို့အင်အားနဲ့ လုပ်လို့မရဘူး။ အစိုးရကပဲ ဒါတွေကို တွန်းအားပေးပြီးတော့ လုပ်ဆောင်ပေးဖို့နဲ့ ဦးဆောင်စေချင်ပါတယ်။

နောက်တစ်ချက်က အမျိုးသမီးတွေက အများစုသည် ကိုယ့်ရဲ့အခွင့်အရေးလည်း မသိဘူး ကိုယ့်ရဲ့ရပိုင်ခွင့်လည်း မသိဘူး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း မသိဘူး။ အဲဒီအသိတွေရဖို့ဆိုတာကလည်း အရပ်ဖက်အဖွဲ့အစည်းတွေ ဘယ်လိုပဲလုပ်လုပ်ပေါ့ လုပ်တယ်ဆိုတာက နေရာအနှံ့ မဖြစ်နိုင်ဘူး။ အဲတော့ အစိုးရပိုင်းကသာ ဦးဆောင်ပေးရင် အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဝိုင်းလုပ်ပေးမှာပါပဲ။ ပြီးတော့ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက အစိုးရရော အရပ်ဖက်ရော ပြည်သူရော ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ညီမလေးအနေနဲ့ကရော ဘာများပြောချင်သေးလဲ။

မမဥ္ဇူ (စီမံကိန်းဆိုင်ရာ မန်နေဂျာ)

အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)

ဟုတ်ကဲ့ပါ။ ကျွန်မလည်း အန်တီပြောသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေဆိုတာကလည်း လုပ်လာခဲ့တာလည်း ကြာခဲ့ပါပြီ။ နေရာတိုင်းမှာပဲ ကျွန်မတို့ သွားလာနေတာပေါ့နော်။ ဒါပေမယ့် ကျွန်မတို့ ဘယ်လောက်ပဲလုပ်လုပ် ကျွန်မတို့အားလုံး ပြည်သူတွေရော အစိုးရက ဦးဆောင်ပြီးတော့ ကြားထဲမှာ ရပ်ပြီးတော့မှ လုပ်ပေးတဲ့အခါကျတော့ ပိုအောင်မြင်နိုင်မယ်လို့ ကျွန်မကတော့ မြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစားလေ အစိုးရကသာ မပါလာဘူးဆိုရင် ကျွန်မတို့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ မရပါဘူး။ အဲဒါကြောင့်မို့ ကျွန်မတို အမျိုးသမီးများအဖွဲ့ ကွန်ရက်ဟာဆိုရင် အစိုးရအဖွဲ့အစည်း ဌာနပေါင်းစုံလုပ်မယ့် Issue တိုိင်းကို ကျွန်မတို့က ကိုက်ညီတဲ့ ဌာနတွေနဲ့ ကျွန်မတို့က ချိတ်ဆက်တယ်။ လွှတ်တော်ဆိုလည်း လွှတ်တော်နဲ့ ချိတ်ဆက်ပြီးတော့ ကျွန်မတို့တွေက ကြိုးစားပြီးတော့ လုပ်သွားဖို့ရှိတယ်ပေါ့နော်။ ကျွန်မတို့ချည်းပဲ လုပ်နေရတာမျိုးချည်းတော့ ရေရှည်မှာတော့ ကျွန်မတို့ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူးလို့ အဲတော့ အစိုးရအနေနဲ့ ကျွန်မတို့နဲ့ ပူးပေါင်းပြီးတော့ လုပ်စေချင်တယ်။ ကျွန်မတို့ အဖွဲ့အစည်းတွေအနေနဲ့ဆိုရင်လည်း ကျွန်မတို့က အစိုးရအဖွဲ့ တစ်ရပ်လုံးကိုပဲ ကြိုဆိုပါတယ်လို့။ ကျွန်မတို့နဲ့ လက်တွဲပြီးတော့ လုပ်ပေးပါ။ ကျွန်မတို့ဘက်ကနေဆိုရင်လည်း တက်နိုင်သလောက် ဘာတွေ အစိုးရဘက်ကို ပြန်ကူညီရမလဲဆိုတဲ့ ဟာမျိုးတွေပေါ့နော်။ ကျွန်မတို့ အချင်းချင်းတွေ့တဲ့အချိန်မှာလည်း ပြောထားပါတယ်။ အခုလည်း ပြန်ပြီးတော့ ပြောတာပေါ့။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ကျွန်မကလည်း အခုလို ဆုံနေတဲ့အချိန်မှာ တစ်ခုလောက်တော့ ပြောချင်ပါတယ်။ အသိပညာပေးတွေ လုပ်တဲ့အခါမှာ အမရော ဟိုညီမလေးရော ဆောင်ရွက်တဲ့အခါမှာ အစိုးရဘက်က ဆောင်ရွက်သင့်တယ်ဆိုလို့ရှိရင် ကျွန်မတို့ကို အသိပေးပါ။ ကျွန်မတို့ ပူးပေါင်းပါ့မယ်။ အဲဒီအခါကျတော့ အစိုးရနဲ့ ပူးပေါင်းမယ့်ကဏ္ဍတွေဆိုရင် ကျွန်မတို့ကြားထဲမှာ Work Plan လေးတစ်ခုနဲ့ တင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ပိုပြီးတော့ အဆင်ပြေပါတယ်။ ဒါကလည်း သူ့ရဲ့အလုပ် ကိုယ့်အလုပ် ခွဲတာမဟုတ်ဘူး ပြိုင်တူတွန်းမှ ရွေ့မယ်ဆိုတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ကလည်း ကန့်သတ်ထားတယ်။ ဟိုဘက်ကလည်း အောက်ခြေမှာ သွားပြီးတော့ ဆက်စပ်ဆောင်ရွက်တဲ့အခါမှာလည်း ကျန်တဲ့အစိုးရအဖွဲ့အစည်းတွေ မပါမှာစိုးရင် ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မတို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့။ အဲဒီ Message လေးလည်း ပေးချင်ပါတယ်။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

နောက်တစ်ခုကလည်း ကျွန်မပြောချင်တာကတော့ အမျိုးသမီးထုတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းကြီး တစ်ခုအနေနဲ့ လုပ်ပြီဆိုရင်တော့ ကျွန်မက ပူဆာတယ်ပဲပြောပါတော့။ အစိုးရဘက်ကနေ လူအား၊ ငွေအား၊ နည်းပညာပိုင်းတွေ ဒီထက်ပိုပြီးတော့ ပံ့ပိုးပေးစေချင်တယ်ပေါ့နော်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ဟုတ်ကဲ့ပါ။ ပံ့ပိုးပေးဖို့ရာက ကျွန်မတို့ ဒီ ဘတ်ဂျက်တွေ ခွဲဝေတဲ့နေရာမှာလည်း အဲဒါကလည်း စကားပြောပါတယ်ရှင့်။ ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးဌာနတွေ အချိုးချလိုက်တဲ့အခါမှာ ကျွန်မတို့ဝန်ကြီးဌာန ရရှိတဲ့ ဘတ်ဂျက်နဲ့ ကျွန်မတို့ ဒီထက်မက ပိုပြီးတော့ ဆောင်ရွက်နေပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့ပါ။ ဆရာမရေ ဆရာမတို့ ဝန်ကြီးဌာနအနေနဲ့ဆိုရင် ကဏ္ဍ ၁၂ ရပ်လုံးအထိ ရောက်ဖို့ဆိုတာက လွှမ်းခြံုဖို့ဆိုတာက မလွယ်ဘူးလေ။ အဲတော့ ဆရာမတို့ အဓိကဆောင်ရွက်နေတဲ့ ကဏ္ဍသုံးခုနဲ့ နောက်ထပ် ဘယ်အစိုးရ ဝန်ကြီးဌာနတွေက ထပ်ပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုသေးလဲရှင့်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ဟုတ်ကဲ့။ ကျွန်မတို့ လက်ရှိ ဝန်ကြီးဌာနအနေနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နိုင်တဲ့ ကဏ္ဍသုံးခုကတော့ အမျိုးသမီးနဲ့ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆောင်ရွက်နိုင်တယ်။ အမျိုးသမီးနဲ့ အသက်မွေးဝမ်းကြောင်းကဏ္ဍ ဆောင်ရွက်နိုင်တယ်။ နောက်တစ်ခုကကျတော့ အမျိုးသမီးနဲ့ အရေးပေါ်အခြေအနေဖြစ်တဲ့အချိန်မှာ ဆောင်ရွက်တဲ့ တုန့်ပြန်မှုတွေကို ကျွန်မတို့ အဓိက ဆောင်ရွက်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ လက်ရှိမှာ ဆောင်ရွက်နေတဲ့ ကဏ္ဍတွေပေါ့ ကျန်းမာရေးကလည်း အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို သားဆက်ခြား မျိုးဆက်ပွား ကျန်းမာရေးအတွက်ကို ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ နက်ဝေါနဲ့ ချိတ်မနေဘူးပေါ့နော်။ Main Stream မဖြစ်နေတဲ့ဟာလေးတွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ပြီးတဲ့အခါမှာ ကျွန်မတို့ အမျိုးသမီးနဲ့ စီးပွားရေးကဏ္ဍမှာဆိုရင် ဘယ်ဝန်ကြီးဌာနက လုပ်မယ်ဆိုတာပေါ့ အဲဒါလေးတွေကအစ ကျွန်မတို့မှာရှိပါတယ်။

နောက်တစ်ခါ ကျေးလက်နေ အမျိုးသမီးတွေအတွက်ဆိုရင် ကျေးလက်ဦးစီးဌာနက ရှိနေတယ်ပေါ့နော်။ ပြီးတော့ အမျိုးသမီးနဲ့ ပညာရေးဆိုလို့ရှိရင် ပညာရေးကဏ္ဍအနေနဲ့ အမျိုးသမီး ကျွန်မတို့ရဲ့ ဝန်ကြီးဌာနတွေမှာဆိုရင် အမျိုးသားအမျိုးသမီး ခွဲခြားထားတာမရှိဘူး။ ကျွန်မတို့ ဒေတာတွေတောင်းရင်တောင်မှ လုံးခနဲတွေပဲ အခု ဥပဒေတွေ ရှိလာတဲ့အခါကျတော့ တောင်းရင် ကျားနဲ့မ ခွဲခြားပြီးတော့ ပေးလာတာတွေ ရှိလာပြီ။ အရင်တုန်းကဆိုရင် ဒီရွာမှာ လူဘယ်နှစ်ဦးရှိလဲဆိုရင် လူဦးရေ ၃၂၀၀ ရှိတယ်။ ဒါပေမယ့် ကျားမဖော်ပြထားခြင်းမရှိဘူး။ အခု ရေဘေးသင့်တဲ့အခါကျတော့ ကျွန်မတို့ ဒေတာတွေကောက်တဲ့အခါကျတော့ အထွေထွေအုပ်ချုပ်ရေးဌာနတွေမှာ ဒီ ဥပဒေလေးတွေ ရှိလာတယ်။ ရှိလာတဲ့အခါကျတော ကျားဘယ်နှစ်ဦး မဘယ်နှစ်ဦး ကလေးဘယ်နှစ်ဦးဆိုပြီးပေးတော့ ပံ့ပိုးကူးညီပေးရသူတွေအတွက်လည်း လွယ်ကူသွားပါတယ်။ နောက်ပိုင်းကျရင်တော့ ဒီထက် ဒါ ကျွန်မတို့ စပြီးရွေ့တဲ့ အရွေ့မှာတော့ နဲနဲလေးတော့ ရွေ့လာပြီပေါ့နော်။ အဲတော့ ဆက်ပြီးတော့ သွားနိုင်ဖို့အတွက်ကို ဝန်ကြီးဌာနတွေကလည်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ သွားမယ်ဆိုရင် သီးခြားဘတ်ဂျက် ထားပေးဖို့တော့ လိုပါတယ်။ တောင်းခံဖို့လည်း လိုပါတယ်။ ဥပမာ ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ကျတော့ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်တယ်ပေါ့နော်။ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲရှိတယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေမှာက အဲလိုမျိုး ရှိမနေတဲ့အခါကျတော့ ခုနကတုန်းက Gental Focal Person တွေကိုပဲ ကျွန်မတို့က တောင်းခံရတာပေါ့နော်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

အခုလက်ရှိမှာ ဆရာမတို့အနေနဲ့ အခြားဝန်ကြီးဌာနတွေ ပါလာအောင် ဆွဲခေါ်နေတဲ့သဘောရှိတယ်ပေါေ့နာ်။ ဟုတ်ကဲ့ပါ၊ အခုလို ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးသွားတဲ့အတွက် အားလုံးကို   ကျေးဇူးတင်ပါတယ်။

အပိုင်း(၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21122အပိုင်း( ၂ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21172အပိုင်း( ၃ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21217

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly