မြေနီကုန်းဂုံုးကျော်တံတားအောက် အပန်းဖြေရာနေရာ စည်းကမ်းမဲ့မှုများ အရေးယူနိုင်ရန် ကွင်းဆင်းစစ်ဆေးနေ

မြေနီကုန်းဂုံုးကျော်တံတားအောက် အပန်းဖြေရာနေရာ စည်းကမ်းမဲ့မှုများ အရေးယူနိုင်ရန် ကွင်းဆင်းစစ်ဆေးနေ
ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။              ။ စမ်းချောင်းမြို့နယ် မြေနီကုန်း ဂုံးကျော်တံတား အောက်ရှိ အများပြည်သူအပန်းဖြေနေရာတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးနှင့် အမှိုက်စွန့်ပစ်မှုများ ယမန်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ထွက်ပေါ်လာပြီးနောက် အရေးယူနိုင်ရန် မြို့တော်စည်ပင်မှအဖွဲ့ ကွင်းဆင်းဆောင်ရွက်နေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“ အဖွဲ့ဖွဲ့ပြီးတော့ သွားပြီးတော့ စစ်နေတယ်။ အဲ့ဒါကို ဓာတ်ပုံမှတ်တမ်းယူနေတယ်။ ဖြစ်စဉ်ကို လုပ်နေပြီပေါ့နော်။ အဲ့ဒီအပေါ်မှာကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြင့်မော်က ပြောဆိုသည်။

အဆိုပါ ဂုံးကျော်တံတားအောက်ရှိ အပန်းဖြေနေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ထဲတွင်ရှိသည့် အတွက် စမ်းချောင်းအပိုင်စည်ပင်မှ အရေးယူမည့်အပိုင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာ ရေးကော်မတီ အချက်အလက်များအရ သိရသည်။

မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်နှင့် ပတ်သက်၍ “ ကျွန်တော်တို့မှာ ဥပဒေ၊ နည်းဥပဒေ ရှိတယ်လေ။ ၂၀၁၃ ဥပဒေအတိုင်းပဲ သွားမှာပေါ့ ” ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။ လတ်တလောတွင် သွားရောက်စစ်ဆေးနေပြီး မည်ကဲ့သို့အရေးယူသွားမည်ကို ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

မြေနီကုန်း ဂုံးကျော်တံတားအောက်တွင် အများပြည်သူအပန်းဖြေနိုင်ရန် ထိုင်ခုံလုပ်ပေးခြင်း၊ လျှောက်လမ်းအလှဆင်ခြင်း လုပ်ငန်းများကို စီမံကိန်းလုပ်ဆောင်ဆဲကာလတွင် ယင်းကဲ့သို့ စည်းကမ်းမဲ့သူများရှိနေခြင်းဖြစ်သည်။ အဆိုပါနေရာကို အပန်းဖြေနေရာဖန်တီးမှုကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်မည်ဖြစ်ပြီး မတ်လကုန်တွင် အပြီးဆောင်ရွက်ရန် ရည်မှန်းထားပြီး ပြင်သစ်ယဉ်ကျေးမှုစင်တာ၏ နည်းပညာအကူအညီ၊ YCDC ၏ ဘတ်ဂျတ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

မြေနီကုန်း ဂုံးကျော်တံတားအောက်ရှိ အပန်းဖြေနေရာပြီးစီးပါက လှည်းတန်းခုံးကျော်တံတားအောက်တွင် ဆက်လက်လုပ်ဆောင်မည်ဖြစ် ပီး အခြားသောဂုံးကျော်တံတား ငါးစင်းအောက်တွင်လည်း အထက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly