ကမ္ဘာ့ဖလားပြိုင်ပွဲတိုုးချဲ့မည့်အကြံ ဥရောပဦးဆောင်ကလပ်များ လက်မခံ

ကမ္ဘာ့ဖလားပြိုင်ပွဲတိုုးချဲ့မည့်အကြံ ဥရောပဦးဆောင်ကလပ်များ လက်မခံ

ဒီဇင်ဘာ ၁၆၊ နီယွန်။              ။ ကမ္ဘာ့ဖလားပြိုင်ပွဲတိုးချဲ့မည့်အကြံအစည်ကို ဥရောပထိပ်တန်းကလပ်များ ကိုယ်စားပြုအဖွဲ့အစည်းက လက်မခံဘဲပယ်ချလိုက် သည်။

ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်အုပ်စုလျှင် သုံးနိုင်ငံပါဝင်ပြီး အုပ်စုပေါင်း ၁၆ ခု၊ အသင်းပေါင်း ၄၈ သင်းဖြင့် ကျင်းပရန်  ယခုလအစောပိုင်းက အဆိုပြုထားသည်။

ဥရောပကလပ်အစည်းအရုံး (အီးစီအေ)ကမူ နှစ်တစ်နှစ်အတွင်း ပွဲပေါင်းများစွာကစားခြင်းမှာ လက်သင့်မခံနိုင်သည့်အနေအထား ဖြစ်သည်ဟု ပြောသည်။

“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသစ်တွေထပ်မတိုးဖို့ ဖီဖာကို ကျွန်တော်တို့တိုက်တွန်းပါတယ်”ဟု အီးစီအေဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီက ပြောသည်။

အင်ဖန်တီနို၏အဆိုပြုချက်ကို ဖီဖာကောင်စီက ဇန်နဝါရီ ၉ ရက် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် အင်ဖန်တီနိုသည် ဥက္ကဋ္ဌရွေးကောက်ပွဲကာလက ကတိစကားကို အကောင်ထည်ဖော်လိုသည့်အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ငံ အသင်းအရေအတွက်ပိုမိုပါဝင်ခြင်းအားဖြင့် ပြိုင်ပွဲပိုမိုကျယ်ပြန့်လာစေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

သို့သော် ရူမင်နစ်ဂီက “ကျွန်တော်တို့အနေနဲ့ အားကစားကိုပဲ ပြန်လည်အာရုံစိုက်ရမှာပါ။ ဘောလုံးမှာ နိုင်ငံရေး၊ စီးပွားရေး တွေကို ဦးစားမပေးသင့်ပါဘူး”ဟု ပြောသည်။

အီးစီအေသည် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးအစရှိသည့် အသင်းပေါင်း ၂၀၀ ကျော်ကို ကိုယ်စားပြုနေသည့် အဖွဲ့အစည်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags