သူ့ရဲ့ဖက်ရှင်တွေကို အချစ်ဆုံးတေးချစ်သူက စီစဉ်ပါတယ်ဆိုတဲ့ မြန်မာပြည်သိန်းတန်

သူ့ရဲ့ဖက်ရှင်တွေကို အချစ်ဆုံးတေးချစ်သူက စီစဉ်ပါတယ်ဆိုတဲ့ မြန်မာပြည်သိန်းတန်

စတီရီယိုခေတ်ဦးကာလက သူရဲ့ တေးသီချင်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့သူ၊  အများနဲ့မတူတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မြန်မာပြည်သိန်းတန်။  လက်ရှိအချိန်မှာတော့ သူရဲ့ရပ်တည်မှုအတွက် ဘယ်အရာတွေကများ သူ့အတွက် တွန်းအားဖြစ်စေနိုင်ပါလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် တေးသံရှင်မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံဖို့အတွက် မြန်မာပြည်သိန်းတန် ရှိတဲ့နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန့်ရဲ့ လက်ထဲမှာတော့ YOPE မေးခွန်းငါးခုနဲ့အတူ YOPE Red Chair ရှိနေပါပြီ။

မင်္ဂလာပါရှင့်။ အခုလို YOPE အစီအစဉ်မှာတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ရှင်။

ဝမ်းသာပါတယ်၊ မင်္ဂလာပါ။

သမီးတို့အစီအစဉ်မှာတော့ ဒီမေးခွန်းငါးခု မေးတဲ့အစီအစဉ်ပါပဲရှင့်။

အန်ကယ့်ရဲ့ ဖက်ရှင်တွေက အမြဲတမ်း ဝေဖန်ခံနေရတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဒါပေမယ့် အဲ့ဒီလိုဝေဖန်ခံနေရပေမယ့်လည်း အန်ကယ့်အနေနဲ့ ဒီလိုမျိုးပဲ ဆက်ပြီးတော့ ဖက်ရှင်ကို ဒီအတိုင်းပဲ ထားတယ်ဆိုတော့ ဘယ်အရာတွေကများ တွန်းအားဖြစ်စေပါလဲရှင့်။

အန်ကယ်ကတော့ ဒီဖက်ရှင်တွေကို ဂီတနဲ့ပေါင်းစပ်ပြီးတော့ ဖျော်ဖြေတင်ဆက်ရတာ အတော်နှစ်ခြိုက်လို့ ဒီဖက်ရှင်တွေကို သုံးပါတယ်နော်။ အန်ကယ့်ရဲ့ အချစ်ဆုံးတေးချစ်သူ ( မြန်မာပြည်သိန်းတန်၏ဇနီး) ကလည်း ဒီဖက်ရှင်တွေကို အန်ကယ့်ကို တီထွင်ဖန်တီးပေးပါတယ်။ ဒီဖက်ရှင်တွေနဲ့ ပတ်သက်ပေါင်းစပ်ပြီးတော၊့ ဂီတနဲ့ပေါင်းစပ်ပြီးတော့ ၊ အန်ကယ်စင်မြင့်ပေါ်ကနေ ဖျော်ဖြေရတာမျိုးဖြစ်ဖြစ်၊ ဘယ်အချိန်အခါမျိုးမှာဖြစ်ဖြစ် ၊ တေးဂီတကိုဖျော်ဖြေရတဲ့နေရာမှာ အန်ကယ့်အတွက် ဒီဖက်ရှင်တွေက တစ်အား ဖြစ်စေပါတယ်။ ပြီးတော့ ပရိသတ်များဆိုတာက အန်ကယ့်ရဲ့ မိဘတွေပါပဲ။ အန်ကယ့်အပေါ်မှာ မေတ္တာနဲ့ ဝေဖန်တာရှိမယ်။ အမျိုးမျိုးပေါ့နော်။ အဲ့ဒီဝေဖန်တာလေးကိုလည်း အန်ကယ်က နားစွင့်ပါတယ်။ ပြီးရင်နောက် အန်ကယ်ကလည်း ပြန်ပြီးတော့ မေတ္တာနဲ့ ပရိသတ်အပေါ်မှာ၊ ပရိသတ်တွေအများစု နှစ်ခြိုက်တဲ့ ဒီဖက်ရှင်လေးတွေကို ဆက်လက်သုံးပြီးတော့မှ တေးဂီတကို အလုပ်ကျွေးပြုနေခြင်း ဖြစ်ပါတယ်။ ဆိုတော့ မေတ္တာက တွန်းအားပေးခြင်းဖြစ်ပါတယ်။ မေတ္တာဓာတ်ပေါ့နော်။

ဒုတိယမေးခွန်းကပေါ့နော် ဒီမြန်မာပြည်သိန်းတန်ရဲ့ ဖက်ရှင်ဆိုတာ ဖြစ်လာဖို့အတွက်ပေါ့နော်။ အန်ကယ့်ရဲ့အမျိုးသမီးက ဘယ်လောက်ထိများ ပံ့ပိုးပေးပါလဲရှင့်။

အန်ကယ့်ရဲ့ အချစ်ဆုံးတေးချစ်သူက သူက စတကည်းက ပံ့ပိုးတာပါပဲ။ သူရဲ့အစီအစဉ်နဲ့၊  သူ့ရဲ့ အိုင်ဒီယာနဲ့ ၊ အန်ကယ့်ရဲ့ Dream လေးထဲမှာရှိတဲ့ Alvis Presley ဝတ်သလိုမျိုး၊ Neil Diamond ဝတ်သလိုမျိုး၊  ဒါလေးတွေ အန်ကယ်က စိတ်ဆန္ဒရှိတော့ ၊ အန်ကယ့်ရဲ့အချစ်ဆုံးတေးချစ်သူက အန်ကယ့်ရဲ့ စိတ်သဘောထားကို နားလည်သဘောပေါက်ပြီးတော့ ၊ အန်ကယ်ဘယ်လိုဝတ်သင့်တယ်၊ ဘယ်လိုအရောင် သုံးသင့်တယ်၊ ဘယ်လိုမျက်မှန်လေး တပ်သင့်တယ်၊ ဒါလေးတွေကို အသေးစိတ်သူက စီစဉ်ဆောင်ရွက်ပြီးတော့မှ အန်ကယ့်အတွက် ဖန်တီးပေးပါတယ်၊ ဖက်ရှင်အသေးစိတ်ပေါ့နော်။

ဟုတ် ဒါကတော့ နံပါတ်သုံးမေးခွန်းပါရှင့်။ အန်ကယ်သာ နောက်တစ်နာရီပဲ အသက်ရှင်ခွင့်ရတော့မယ်ဆိုရင် ပထမဆုံး ဘယ်အလုပ်ကိုများလုပ်ဖို့ စဉ်းစားထားပါလဲရှင့်။

ဗုဒ္ဓမြတ်စွာဘုရားက အန်ကယ်တို့ ရုပ်နာမ်၊ ဝဋ်ဒုက္ခက ခံနေတဲ့ ဒီရုပ်နာမ်ကြီးကနေ လွတ်အောင်ရုန်းထွက်ကြဖို့ ဝိပဿနာတရားတွေ ပေးသွားပါတယ်။ သူကိုယ်တိုင်လမ်းပြသွားပါတယ်။ ဆိုတော့နောက်ထပ်တစ်နာရီလောက်ပဲ အချိန်ရတော့မယ်ဆိုရင် ဒီအမြတ်ဆုံးကိုပဲ အန်ကယ်လုပ်ရမှာဖြစ်တယ်။

နံပါတ်လေးမေးခွန်းကတော့ အန်ကယ့်လိုဖက်ရှင်မျိုးကိုပေါ့ ။ လူငယ်တွေကို ပြန်လည်မျှဝေဖို့အတွက် အစီအစဉ်ရှိလားဆိုတာ သိချင်ပါတယ်ရှင့်။

အဲ့ဒီလိုအစီအစဉ်လေးလည်း ဆန္ဒရှိပါတယ်။ စင်မြင့်ပေါ်မှာ သီချင်းဆိုတဲ့ အဆိုတော်တစ်ယောက်ဟာ ဝတ်ကောင်းစားလှလေးနဲ့ ဝတ်ပြီးတော့ဆိုရင် ပရိသတ်ကပိုပြီးတော့မှ မျက်စိ ပသာဒရမယ်။ အပျင်းတော်ပြေမယ်။ အဲ့ဒီလိုလေးအဓိပ္ပာယ်ရှိတော့ ဒီဖက်ရှင်လေးတွေကို တေးဂီတနယ်ပယ်က နောင်လာနောင်သားများ ဆက်လက်ပြီးတော့မှ သူတို့လည်း နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုစေဖို့အတွက် အန်ကယ်တို့ ကြိုးစားကြည့်မှာပါ။

နံပါတ်ငါးမေးခွန်း နောက်ဆုံးပါရှင့်။ အန်ကယ်သာ အသက်(၂၀)အရွယ်ပြန်ရောက်သွားမယ်ဆိုရင် ပထမဆုံးလုပ်မယ့်အလုပ်က ဘာများဖြစ်မလဲရှင့်။

အသက်(၂၀)အရွယ်ပြန်ရောက်သွားမယ်ဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ဒီ ဉာဏ်နဲ့လုပ်ရတဲ့ ဉာဏ်အလုပ်၊ ဉာဏ်အလုပ်ဆိုတာ ဒါပဲပေါ့။ ဝိပဿနာပဲပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီ ဝိပဿနာကို မဂ်ဖိုလ်ဆိုက်အောင် မြန်မြန်ဆန်ဆန် ကိုယ်ကြိုးစားအားထုတ်နိုင်တယ်ဆိုရင် ကိုယ့်အတွက် စိတ်ချရပြီလေ။ အဲ့ဒါလေးတစ်ခုတော့ ဒါပဲစိတ်ကူးမိတယ်။

ဟုတ်ကဲ့ပါရှင်။ အခုလိုပေါ့နော် သမီးတို့ YOPE လူငယ်အစီအစဉ်မှာ မေးခွန်းငါးခုကို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် ဦးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဦးလည်း ဝမ်းသာပါတယ်ကွယ်။ သမီးတို့ကို ကျေးဇူးအများကြီး တင်ပါတယ်။ သမီးတို့လည်း ကျန်းမာချမ်းသာတော်မူကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly