နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအား တရုတ်စစ်တပ်ပြော

နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအား တရုတ်စစ်တပ်ပြော

ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်စစ်တပ် အကြီးတန်းအရာရှိတစ်ဦး လာရောက်လည်ပတ်သွားပြီးနောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းပြီး အိမ်နီးချင်းနိုင်ငံတွင်းသို့ ကျည်များ လွဲမှားကျရောက်ခြင်း မရှိရန် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်၌ ပြောသည်။

ပြီးခဲ့သည့်လက တိုင်းရင်းသားလက်နက်ကိုင်တပ်များက လုံခြံုရေးတပ်ဖွဲ့များကို တိုက်ခိုက်မှု ဆင်နွှဲလာခဲ့ရာ ထောင်ပေါင်းများစွာသော ပြည်သူများက စစ်ဒဏ်မှ လွတ်ရန် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး ယင်းတိုက်ပွဲကျည်များ တရုတ်နိုင်ငံတွင်းလည်း လမ်းလွဲကျရောက်ခြင်းကြောင့် ပျက်စီးထိခိုက်မှုအနည်းအကျဉ်းရှိခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အနောက်ပိုင်းခရိုင် စစ်ဌာနချုပ် တပ်မှူး ကျို့ကျောင်းကျူက ဒီဇင်ဘာ ၁၁ ရက်က စကာ မြန်မာနိုင်ငံသို့ လေးရက်တာခရီး လာရောက်ခဲ့ပြီး မြန်မာစစ်တပ်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နယ်စပ်က တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတာတွေရှိလို့ တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်ပူပန်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ဒေသကို ထိန်းနိုင်မယ် မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံအတွင်း ကျည်မကျရောက်အောင်၊ နယ်စပ်ဒေသငြိမ်းချမ်းတည်ငြိမ်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ယင်းထုတ်ပြန်ချက်က ဖော်ပြသည်။

မြန်မာနိုင်ငံဖက်က ပြန်လည်ပြောဆိုရာတွင် နယ်စပ်အရေးအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံသားများ ထိခိုက်မှုမရှိစေရေး လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောဆိုကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဓိကရည်မှန်းချက်ဖြစ်သည့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ယခုတိုက်ခိုက်မှုများကအဓိကစိန်ခေါ်မှုလည်းဖြစ်သည်ဟု စီအင်န်အေသတင်းတွင်   ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့်လည်းပြီးခဲ့သည့်နှစ်အတွင်း ယင်းသို့သော လက်နက်ကိုင်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ရခြင်းအတွက် ယခုတိုက်ပွဲများအား စိုးရိမ်ပူပန်နေခြင်းလည်း   ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လျက်ရှိပြီး ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက တရုတ်နိုင်ငံအနေဖြင့် အဓိကအခန်းကဏ္ဍက ပါဝင်သွားမည်ဖြစ်ကြောင်း   မြန်မာကိုယ်စားလှယ်တစ်ဦးအား ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly