အမျိုးသမီးများအတွက် ဘေးကင်းလုံခြံုတဲ့ မြို့ပြဝန်းကျင် တည်ဆောက်ရေး

14 December 2016
အမျိုးသမီးများအတွက် ဘေးကင်းလုံခြံုတဲ့ မြို့ပြဝန်းကျင် တည်ဆောက်ရေး
 

 မြို့ပြကအမျိုးသမီးတွေက နေ့စဉ်နဲ့အမျှ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေရတာကြောင့် မကြာခဏဆိုသလိုပဲ ဘက်စ်ကားပေါ်နဲ့ လမ်းမပေါ်တွေမှာ အကြမ်းဖက်မှုတွေကို ခံနေကြရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ဘေးကင်းလုံခြံုတဲ့ ပတ်ဝန်းကျင် တည်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဘေးကင်းလုံခြံုတဲ့ မြို့ပြတည်ဆောင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့မှာ ပြုလုပ်လိုက်ပါတယ်။

ဒီလှုပ်ရှားမှုကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ Action Aid Myanmar က ဦးဆောင်ပြုလုပ်လိုက်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်က Action Aid ရုံးမှာ ကျင်းပသွားတာပါ။

မလွင်လွင်လှိုင် (Action Aid Myanmar)

အမျိုးသမီး အခွင့်အရေးဌာန ညှိနှိုင်းရေးမှူး တာဝန်ခံ

“ရည်ရွယ်ချက်က အမျိုးသမီးတွေ နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့ အခြေအနေတွေက မလုံခြံုဘူးဆိုတဲ့ ဟာကို မီးမောင်းထိုးပြတာပါ။ နေ့စဉ်နဲ့အမျှလည်း ကြားနေရတာပါ။ ဒီကိစ္စတွေကို ကျွန်မတို့က တကယ့် တရားဥပဒေ စိုးမိုးမှုရှိမှပဲ ဒီလို အမျိုးသမီးတွေ ကာကွယ်မှု ရရှိလာဖို့အတွက် အဲဒီတော့ ကျားမကို အခြေပြုတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပိုပြီးတော့ တိုးမြင့်လာအောင် ကောင်းမွန်လာအောင် ဒီပွဲလေးကို ကျွန်မတို့ မိတ်ဆက်ရတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်”

Sale Cities လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ ၂၀၁၄ ခုနှစ်က စတင်လှုပ်ရှားခဲ့တာဖြစ်ပြီး မြို့နယ် ရ မြို့နယ်မှာ လှုပ်ရှားမှုတွေကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ မြို့နယ် ရ မြို့နယ်မှာသာမက ရန်ကုန်မြို့ တစ်မြို့လုံးအတိုင်းအတာနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ်အလိုက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဥပဒေ အထောက်အကူပြုသူတွေနဲ့ ပူးပေါင်းပြီး ဆက်လုပ်ကြမယ်လို့ သိရပါတယ်။

ဒေါ်စွဲ့ခင်မာဝင်း

အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့

“အန်တီတို့က အမျိုးသမီးရေးရာဆိုပေမယ့်လည်း အန်တီတို့တစ်ဖွဲ့တည်းနဲ့ အမျိုးသမီးထုတွေ အားလုံးရဲ့ လုပ်ငန်းတာဝန် အဝဝကို မဆောင်ရွက်နိုင်ဘူး။ Action Aid ကလည်း အကုန်လုံးကို ဘာပဲဖြစ်ဖြစ် လွှမ်းခြံုနိုင်မှာမဟုတ်ဘူးလေ။ ပူးပေါင်းပြီးတော့ ဆောင်ရွက်လိုက်တဲ့အခါမှာ အခုဆိုရင် အန်တီတို့ မသိတာလည်း သိခဲ့ရတယ်။ သူတို့လည်း အကုန်လုံးနဲ့ ပူးပေါင်းပြီးတော့ လှုပ်ရှားသွားမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ဘဝလုံခြံုမှုက ပိုပြီးတော့ စိတ်ချရမယ်လို့ ထင်ပါတယ်”

ဘေးကင်းလုံခြံုတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာကိုတော့ ဆယ်ကျော်သက် အမျိုးသမီးတွေရဲ့ လုံခြံုမှုအကြောင်းအရာကနေ ပါဝင်ဆွေးနွေးခဲ့တဲ့ နန့်သဇင်မင်းက အခုလို အကြံပြုထားပါတယ်။

နန့်သဇင်မင်း

ညှိနှိုင်းရေးမှူး၊ ရောင်စုံ မိန်းကလေးများအဖွဲ့

“ဘေးကင်းလုံခြံုတဲ့ ပတ်ဝန်းကျင်ရှိဖို့က အမျိုးသမီးကို ဥပဒေကနေ ကာကွယ်ပေးမယ့် ဥပဒေက ခိုင်ခိုင်မာမာရှိဖို့လိုမယ် မူဝါဒတွေ ချမှတ်ဖို့လိုမယ်။ ဘယ်လိုလုံခြံုမှုတွေ Transportation တွေ ပေးဖို့လိုမယ်။ ပြီးတော့ ဥပဒေပြုတဲ့နေရာမှာလည်း ထိရောက်တဲ့ ဥပဒေတွေ ရှိဖို့လိုတယ်။ နောက်တစ်ခုက အကယ်၍ ဒီလိုမျိုး မလုံခြံုတော့ဘူး တစ်ခုခု ကြံုလာရပြီဆိုရင် တိုင်ကြားမယ်ဆိုရင် တိုင်းကြားမယ့်နေရာတွေကို အမျိုးသမီးတွေ သိသင့်တယ်။ ပြီးတော့ အမျိုးးသမီးတွေအတွက် တကယ်တိုင်းကြားရမယ့်နေရာတွေ နေရာပေါင်းစုံမှာ ရှိထားသင့်ပါတယ်”

Action Aid အနေနဲ့ ပြီးခဲ့တဲ့လမှာ ပြုလုပ်ခဲ့တဲ့ မြို့ပြ အမျိုးသမီးများဖိုရမ်ကနေ ရရှိလာတဲ့ အချက်အလက်တွေကိုလည်း သက်ဆိုင်တာ တာဝန်ရှိသူတွေကို စည်းရုံး လှုံ့ဆော်သွားပြီး ပြည်သူ့ဝန်ဆောင်မှုတွေကို တိုးမြင့်ပေးဖို့အတွက် လှုပ်ရှားမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘေးကင်လုံခြံုသော မြို့ပြအခမ်းအနား တည်ဆောက်ခြင်းကို Action Aid Myanmar နဲ့အတူ ကျားမရေးရာ အခြေပြုအဖွဲ့တွေ လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေ ပါဝင်တဲ့ မိတ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly