ရခိုင်အရေး ပြည်ပသတင်းမီဒီယာတွေက အဖျက်သဘောနဲ့ သတင်းဆိုးတွေ များနေဟု ကိုယ်တိုင်သွားရောက်ခဲ့သူ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းမြတ် ပြော

ရခိုင်အရေး ပြည်ပသတင်းမီဒီယာတွေက အဖျက်သဘောနဲ့ သတင်းဆိုးတွေ များနေဟု ကိုယ်တိုင်သွားရောက်ခဲ့သူ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းမြတ် ပြော
အမေး၊ အရေးနှင့် ဓာတ်ပုံ - တင်မောင်လွင်(မြန်မာ့အလင်း)

ရခိုင်အရေးနှင့်ပတ်သက်ပြီး ပြည်ပအခြေစိုက် မီဒီယာကြီးတွေပါ သတင်းတွေကို တစ်ဖက်ကိုမေးမြန်းပြီး ရေးသားနေသည့်အပေါ် အဆိုပါဒေသများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် စုံစမ်း စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းမြတ် (အငြိမ်းစားကုလ သမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်) ၏  မြန်မာ့အလင်းသတင်းစာနှင့် အမေးအဖြေပြုလုပ်ခဲ့ပုံများကို  မဇ္ဈိမမှ ထုတ်နုတ်ဖော်ပြလိုက်သည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ ခေါင်းဆောင်သည့်   ကော်မရှင်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ  စုံစမ်းစစ်ဆေးမှုများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မောင်တော ဒီဇင်ဘာ ၁၃

ဦးထွန်းမြတ်
(အငြိမ်းစား ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်) စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်

မေး။  ။အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းမှာ ကြက်ရိုးပြင်ကျေးရွာမှာ ရှိတဲ့ ကလေးခုနစ်ယောက်အမေအသက် ၄၀ အရွယ်ရှိသူ အမျိုးသမီးဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတယ်လို့ ပြည်ပ မီဒီယာတချို့က ဖော်ပြတာကို ဒီကနေ့မနက် အင်တာနက် စာမျက်နှာမှာ တက်လာတာတွေ့ရပါတယ်။ အဲ့ဒီအမျိုးသမီးက ကလေးခုနစ်ယောက်လည်း အသတ်ခံရတယ်။ ယောက်ျားလည်း အသတ်ခံရတယ်လို့ ပြောထားတယ်လို့ သိရပါတယ်။ အဲ့ဒီသတင်း အချက်အလက်နဲ့ပတ်သက်ပြီး ဆရာကြီးတို့ မြေပြင်မှာလက်တွေ့ လေ့လာတွေ့ရှိရတာနဲ့ ဘယ်လိုကွာခြားမှုရှိ တယ်ဆိုတာကို လက် လှမ်းမီသလောက်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီနေ့မနက် ပြည်ပ သတင်းစာတွေမှာ ဖော်ပြထားတာကို အင်တာနက် သတင်း စာတွေမှာ တွေ့ရပါတယ်။ ပထမထွက်တဲ့သတင်းက ယူကေနိုင်ငံက သည်ဂါးဒီးယန်း အွန်လိုင်းစာမျက်နှာရယ်၊ နောက်တစ်ခုက ဟောင်ကောင်ကသတင်းတစ်ခုမှာ ပါလာတာ ကိုတွေ့ရတယ်။ သာမန်အားဖြင့်တော့ ဒါတွေက ကောလာဟလတွေ အမျိုးမျိုးထွက်တယ်ဆိုပြီးတော့   တော်တော်လေး ဆိုးဆိုးရွားရွားရေးထားတာတွေ့ရတယ်။ ဒုတိယသမ္မတကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေအနေနဲ့ နယ်မှာ ဆင်းပြီး စေ့စေ့စုံစုံမလုပ်နိုင်ပေမယ့် ရောက်တုန်းတော့ ဒီကိစ္စကို လက်လှမ်းမီသရွေ့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း ဒီနေ့ ကြက်ရိုးပြင်ရွာကို သွားရောက်ခဲ့ကြတယ်။ ပြည်ပသတင်းစာ တွေရေးထားတာက ယေဘုယျအားဖြင့် သုံးမျိုးလောက်ရေး ထားတယ်။ ပထမက အဲ့ဒီအမျိုးသမီးရဲ့ ကလေးငါးယောက် ဆုံးရှုံးတယ်။ သူရဲ့ခင်ပွန်းနဲ့ ကလေးတစ်ယောက် အသတ်ခံရတယ်။ သူနဲ့ကျန်တဲ့ကလေးတစ်ယောက်ကတော့ ဘင်္ဂလားဒေ့ရှ် ကို ရောက်သွားတယ်လို့ အဲ့ဒီအမျိုးသမီးပြောတာကို ရေးထား တယ်။ သူကိုယ်တိုင်လည်း မုဒိမ်းကျင့်ခံရ တဲ့အကြောင်း ရေး ထားတယ်။ နောက်ပြီး ကြက်ရိုးပြင်ရွာထဲမှာ အိမ်ခြေ ရ၀၀ခန့် မီးရှို့ တယ်။ လူ ၁၀၀ ကျော်အသတ်ခံရတယ်။ အမျိုးသမီးတွေရော မုဒိမ်းကျင့်ခံရတယ်ဆိုပြီးတော့ ရေးထားတယ်။ အဲ့ဒီရွာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေလုပ်ခဲ့တော့ သာမန်အားဖြင့်ဆိုရင် သူတို့က အစိုးရနဲ့ အစိုးရအဖွဲ့တွေနဲ့ ပတ်သက်ရင် ရှောင်နေတတ်ကြတယ်လို့ သိရတယ်။

ဒီနေ့မနက်တော့ တော်တော်များများပဲ တွေ့ ခဲ့ရတယ်။ ကောင်းကောင်းမွန်မွန်ပဲ စကားပြောလို့ရပါတယ်။ ပြည်ပသတင်း မီဒီယာတွေရေးတာ ယုတ္တိ ရှိ မရှိဆိုတာ သိရအောင် ဒီကရွာသားတွေ ဘယ်လောက် အသက်ဆုံးရှုံးသလဲဆိုတာ မေးကြည့်တယ်။ ပထမတော့ ပြောမယ်မထင်ဘူး။ ဒါပေမယ့် နောက်တော့ တစ်ယောက်ချင်းမေးကြည့်တော့ ပြောတယ်။ သေသေချာချာဆိုရင် သူတို့ဆီမှာရှိတဲ့ ရွာလေးစုက လူဦးရေ ၁၀၅၀၀ လောက်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ရွာကြီး ပေါ့။ သူတို့က သေဆုံးတဲ့သူတွေရဲ့ စာရင်းပေးလိုက်တယ်။ အဲ့ဒီ ရွာက သေဆုံးတဲ့ယောက်ျား ၁၀ ယောက်ရဲ့အမည်၊ အသက် စာရင်းတွေ အကုန်ရခဲ့တယ်။ ကလေးသုံးယောက်၊ ပြီးတော့ အမျိုးသမီးသုံးဦးသေဆုံးတယ်ဆိုတာ သူတို့ဆီကနေ ကြား သိခဲ့တယ်။ နောက်ပြီး သူတို့ကိုဆက်မေးပါတယ်။ မီးလောင် ခံရလို့ ကလေးငါးယောက်နဲ့ မိခင်တစ်ယောက်၊ အဖေနဲ့ ကလေးငါးယောက် အသတ်ခံရတာရှိသလားလို့ မေးကြည့် တော့ မရှိဘူးပြောပါတယ်။ သတ်တာ မကြားမိဘူးလို့ ပြောပါ တယ်။ အဲ့လိုဆိုရင် အမေတစ်ယောက်တည်း ကနေပြီးတော့ ကလေးဘယ် နှယောက်နဲ့ သေဆုံးတာကြားဖူးသလဲဆိုပြီးတော့ သူတို့က အမေတစ်ယောက်နဲ့ ကလေးနှစ်ယောက် သေဆုံးသွား တယ်လို့တော့ကြားတယ်။ ဖခင်နဲ့ သေတာတော့မကြားဘူးတဲ့။ ဒါကိုကြည့်ရင် ဒီနေ့ပြည်ပသတင်း စာတွေမှာပါတာနဲ့ မညီ ဘူးဖြစ်နေတယ်။ ဒါကလည်း သူတို့ဆီက ထွက်ချက်ဖြစ်ပါ တယ်။

ဒီထဲမှာ ကလေးတစ်ယောက်ကတော့ ကျည်ဆန်ထိမှန် တယ်။ မသေဘူးတဲ့။ ဒီမိသားစုကလည်း မဟုတ်ဘူးတဲ့။ ဒါဆို ကျွန်တော်တို့က သတင်းထဲမှာပါတဲ့ နော်အေးရှား (Noor Ayesha) ဆိုတဲ့ အမျိုးသမီးနဲ့ သူ့ကလေးရဲ့ ဓာတ်ပုံကို ပြကြည့် တယ်။ အဲ့ဒီအမျိုးသမီးနဲ့ ကလေးရဲ့ ပုံကို ဒီရွာထဲမှာဘယ်သူ မှမမြင်ဖူးဘူး။ မသိကြဘူးလို့ ပြောတယ်။ လူဦးရေ ၁၀၀၀၀ ဝန်းကျင်ပဲရှိတော့ သိပ်မှ မများတာ၊ သိကြမှာပဲလို့ဆိုပြီး ဆက်မေးကြည့်တယ်။ လူကြီးတွေကိုချည်းမမေးဘဲ ကလေး တွေကိုမေးကြည့်တော့ ကလေးတွေကလည်း မမြင်ဖူးဘူးလို့ ပြောတယ်။ သူတို့ပြောနေတုန်းနောက်က အသက် ၂၀ လောက် ရှိတဲ့ ကောင်လေးတစ်ယောက်က သူတို့ဘာသာစကားနဲ့ ကလေး တွေကို မြင်ဖူးတယ်လို့ ပြောလိုက်ဆိုပြီး ပြောတာကို အဲ့ဒီဘာသာစကားနားလည်တဲ့ ဆရာဝန်တစ်ယောက်က ပြန်ပြောပြတယ်။

မေး။ ။ဆရာ့အနေနဲ့ လူမှုကွန်ရက်နဲ့ ပြည်ပသတင်း မီဒီယာတွေက ရေးသားထားတဲ့ အခုလိုသတင်း မျိုးကို အားလုံးသိအောင် ဘယ်လိုတုံ့ပြန်ချင်ပါလဲ။

ဖြေ။ ။ဆိုလိုတာကတော့ ပြည်ပသတင်းစာတွေမှာ ရေးတဲ့ လူ ၁၀၀ ကျော်သေတယ်ဆိုတာတွေ၊ နောက်ပြီး အိမ်ခြေ ရ၀၀ ကျော်ကို ဖျက်ဆီးခံရတယ်ဆိုတာတွေ၊ အမျိုးသမီး ၅၀ ကျော်ကို မုဒိမ်းကျင့်တယ်ဆိုတာတွေက သူတို့ ကိုယ်၌က သိသလား၊ မြင်သလားဆိုတော့ ဘယ်သူမှလည်း မသိဘူး။ ကြားတယ်ပဲ။ ဘယ်သူလဲဆိုတော့လည်း မသိကြဘူး။ သာမန်အားဖြင့် ကျွန်တော်တို့ ကော်မရှင်က ဒီကိစ္စတွေကို ဒီလောက် အသေးစိတ်ပြောဖို့စိတ်မကူးပါဘူး။ ဒါပေမယ့် အခုဖြစ်နေတာက တော်တော်လေး ဆိုးဆိုးရွားရွားရေးထား တယ်။ ကြည့်ရတာကလည်း ယုတ္တိမတန်တဲ့ဟာတွေ ရေးထား တော့ မဟုတ်တမ်းတရား ရေးထားတော့ တိုင်းပြည်ပေါ်မှာ နစ်နာစရာတွေ ဖြစ်မှာစိုးရိမ်လို့ စုံစုံစိစိစုံစမ်းမှု၊ စစ်ဆေး မှုမပြီးသေးပေမယ့် ဒီကနေ့ အခွင့်ကြုံတုန်း ပွင့်ပွင့်လင်းလင်း သိအောင်လို့ဆိုတာရယ်၊ အထူးသဖြင့် ပြည်ပသတင်းမီဒီယာ တွေကလည်း ကြားတဲ့အတိုင်း အဖျက်သဘောနဲ့သတင်း ဆိုးတွေက တော်တော်လေးများနေတာကြောင့်ရယ်ဆိုပြီး အားလုံးသိအောင် အခုကြိုတင်ပြောထား ရခြင်းဖြစ်ပါတယ်။

Credit - MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly