လူဦးရေ သန်း ၅၀ ကျော်၊ ကျောင်းခန်းအပြင်ဘက်မှာ ၄ သန်း

လူဦးရေ သန်း ၅၀ ကျော်၊ ကျောင်းခန်းအပြင်ဘက်မှာ ၄ သန်း
ရန်ကုန်မြို့ မြောက်ဒဂုံရပ်ကွက်ရှိ ကျောင်းမနေရပဲ ဈေးရောင်းနေရသည့် ကလေးငယ်တစ်ဦးအားတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

အခုတလော သက်ဆိုင်ရာက ထုတ်ပြန်တဲ့ကြေညာချက်တစ်ခုမှာ မြန်မာနိုင်ငံမှာ ပညာမသင်ကြားနိုင်တဲ့ ကလေးဦးရေဟာ ၄ သန်းကျော်ရှိနေတယ်ဆိုတဲ့သတင်း ဖတ်လိုက်ကြရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တာဝန်ရှိသူများ ထုတ်ပြန်လေ့ရှိတဲ့ အတွေ့အကြံုများအပေါ် မူတည်ပြီး ဒီ ကိန်းဂဏန်းကို အနည်းဆုံး ၂ ဆပိုတွက်ကြရမှာဖြစ်တယ်လို့လည်း ဝေဖန်ကြတာ ရှိပါတယ်။ ထပ်ဆင့်တွက်ချက်တာ မှန်သည်မှားသည်အပထား၊ သက်ဆိိုင်ရာက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရ ကျောင်းမနေနိုင်တဲ့ကလေးဦးရေ ၄ သန်းကျော်ရှိနေတယ်ဆိုတဲ့ သတင်းအရပင်လျင် ထိတ်လန့်တုန်လှုပ်ဖို့ ကောင်းနေပါပြီ။

မနေ့တုန်းကဆိုလျင် ပန်းခြံတစ်ခုအတွင်း လူမြင်ကွင်းမှာပင် အသက် ရှစ်နှစ်အရွယ်ကလေးတစ်ဦး ပြောင်ကျကျ ကော်ရှူနေသည့် ဓါတ်ပုံကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် တွေ့ခဲ့ကြရပါသည်။ သည်လို ဓါတ်ပုံမျိုး သည်လိုအဖြစ်အပျက်မျိုးကတော့ သည်တိုင်းပြည်မှာ အထူးအဆန်းပင် မဟုတ်တော့ပါ။

သည်ကနေ့တွင်ပင် သင်္ဃန်းကျွန်း မီးခွက်စျေးဘေး နံနက် ဝေလီဝေလင်းအချိန် လူသွားလမ်း ပလက်ဖေါင်းပေါ်တွင် အသက် ဆယ်နှစ်ကျော် လူငယ် ၆ ဦး၊ အိပ်ပျော်နေကြသည်ကို တွေ့ခဲ့ရပါသေးသည်။ သည်အတိုင်း အခင်းအကာမရှိ လမ်းဘေး လူသွားပလက်ဖောင်းပေါ်တွင်ပင် အိပ်ပျော်နေကြခြင်းဖြစ်သည်။ လူသွားလူလာနှင့် ဝေးရာနေရာ၊ လူမြင်ကွင်းမဟုတ်သည့်နေရာများတွင်သာ တွေ့ရတတ်သည့် သည်လိုုမြင်ကွင်းမျိုးမှာ ယခုအခါ မီးရောင်အောက် လူသွားလူလာများရာနေရာ လူမြင်ကွင်းထဲ ရောက်လာသည်အထိ မြင်တွေ့လာရသည ့်လက္ခဏာအရဆိုလျင် လမ်းဘေး လေလွင့် လူငယ်များအရေအတွက်မှာ အလျင်အမြန်တိုးပွား များပြားလာနေကြသည့်သဘော တထစ်ချ ယူဆ လို့ရနိုင်ပါသည်။

သက်ဆိုင်ရာက ထုတ်ပြန်သည့်စာရင်းအရ ကျောင်းမနေနိုင်သည့် လူငယ် ၄ သန်းသည် ကျောင်းခန်းထဲသို့ရောက်မလာနိုင်သည့်အတွက် မည်သည့်နယ်ပယ်များသို့ ရောက်ရှိသွားခဲ့သည်ဆိုသည်ကို ဆန်းစစ်ဖို့လိုလာပါသည်။ အကယ်၍များ ပန်းခြံအတွင်း လူမြင်ကွင်းတွင်ပင် ကော်ရှုနေသော ကလေးနှင့် သင်္ဃန်းကျွန်း မီးခွက်စျေးဘေး လူသွားလမ်းပေါ် အိပ်ပျော်နေကြသော ကလေးငယ်များလို ဘဝမျိုး အဖြစ်အပျက်မျိုးနှင့် ဖြတ်သန်းနေကြရခဲ့သည်ရှိသော် သူတို့ဘဝနှင့် တိုင်းပြည်အနာဂတ် မတွေးရဲအောင်ပင် ဖြစ်ရပါသည်။

လူငယ်တွေ စာသင်ခန်းကိုမဖြတ်သန်းရပဲ ကြီးပြင်းလာခဲ့သည်ရှိသော လူ့သမဂ္ဂတစ်ခုသည် ယခုလို ပညာခေတ်ကြီးထဲ ကမ္ဘာ့အလည်တွင် မည်ကဲ့သို့ ရပ်တည်ကြပါမည်နည်း။ လက်ရှိအနေအထားအရပင်လျင် မိမိတို့နိုင်ငံအဖို့ ပညာမသင်ကြားရပဲ ကြီးပြင်းလာကြတော့မည့် လူငယ် ၄ သန်းဖြင့် မိမိတို့တိုင်းပြည်ကို မည်ကဲ့သို့ ဆက်လျှောက်နိုင်ကြပါမည်နည်း။ ဘဝကို ပညာဖြင့်သာ ထိန်းချုပ်ပဲ့ပြင်ရမည်ဖြစ်သည်ဆိုသည့် စကားအရဆိုလျင် သည်လူငယ် ၄ သန်းကို မည်ကဲ့သို့သော ပညာဖြင့် ပဲ့ပြင်ထိန်းချုပ် ခရီးဆက်လို့ ရနိုင်ပါအံ့နည်း။

ပညာနည်းသော ပညာမဲ့သော လူများဖြင့် ဖွဲ့စည်းတည်ရှိသည့် လူမျိုးတမျိုးသည် မည်သည့်အခါမှ ကြာရှည်မရပ်တည်နိုင်ပါ။ ခို်င်မာစွာ ရပ်တည်နိုင်မည်လည်း မဟုတ်ပါ။ ပထမတွင် ပညာမဲ့သူသည် သူ့ကိုယ်သူ ဖျက်ဆီးပါလိမ့်မည်။ ဒုတိယ ဘေးပတ်ဝန်းကျင်ကို ဖျက်ဆီးပါလိမ့်မည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နောင် နှစ်နှစ်ဆယ်ကျော်လျင် ကျွန်တော်တို့နိုင်ငံသည် စင်္ကာပူထက်ကျော်ပြီး ဖွ့့ံဖြိုးတိုးတက်လာလိမ့်မည်ဟု ပြောခဲ့သည်။ ဝမ်းမြောက်အားတက်ဖွယ် စကားဖြစ်သော်ငြားလည်းပဲ လက်ရှိ ကျောင်းစာသင်းခန်းအပြင်ဘက်ရောက် လူငယ် ၄ သန်းကျော်အရေးတွေးမိပြီး ယင်းနှစ်ဆယ်အတွင်း အခြားအလုပ်များကို ခဏထား၊ လူတိုင်း ပညာသင်ကြားတတ်မြောက်နိုင်ရေး အလုပ်တစ်ခုတည်းနှင့်ပင် မိမိတို့လူမျိုးများ အပြင်းအထန် ရုန်းကန်ကြိုးစားကြရမုှာ သေချာနေကြောင်း တင်ပြလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly