သတင်းရင်းမြစ်ထံမှ အခကြေးငွေယူ လိမ်လည်သော သတင်းသမားအချို့အပေါ် မြန်မာဂျာနယ် လစ်ကွန်ရက်မှ ရှုံ့ချ

သတင်းရင်းမြစ်ထံမှ အခကြေးငွေယူ လိမ်လည်သော သတင်းသမားအချို့အပေါ် မြန်မာဂျာနယ် လစ်ကွန်ရက်မှ ရှုံ့ချ

ရန်ကုန်၊ ဒီဇင်ဘာလ ၁၃ ။          ။ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမည့်ဟုဆိုကာ သတင်းစာရှင်း လင်းပွဲပြုလုပ်လိုသူထံမှ အခကြေးငွေ လိမ်လည်ရယူခဲ့သူ အချို့အပေါ်  ရှုံ့ချလိုက်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ၏ အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။

" အမှန်က ဒါက MJN ရဲ့ ဂုဏ်သိက္ခာဆိုတာထက် အခုလို သတင်းသမားတွေပါ ပါဝင်ပတ်သက်နေတယ်။ ငွေကြေး အရှုပ်အရှင်းတွေ ရှိနေတယ်ဆိုတာကိုက ကျွန်တော်တို့ သတင်းမီဒီယာ   လောကကြီးတစ်ခုလုံးအတွက် မကောင်းဘူးပေါ့။ စတုထ္တမဏ္ဍိုင်ကို လူတွေက လေးစားဖို့ သတင်းထောက်တွေက ကျင့်ဝတ်ကို နိုင်ဖို့လိုတယ်။ နောက်တစ်ခုက တစ်ခါတည်း ဆက်ပြောမယ်။ တချို့ရှိတယ်။ သတင်းထည့်ပေးရင် ဘယ်လောက်ပေးရမလဲ ဆိုတာမျိုးတွေ ဒီကနေ ရှုံ့ချပါတယ်။ ခုလို ကျင့်ဝတ်ဖောက်ဖျက်တဲ့ဟာမျိုးတွေ၊ ပိုက်ဆံပေးမှ သတင်းရမယ်ဆိုတဲ့ သတင်းသမားတွေ၊ လမ်းစရိတ်မပေးရင် မလာနိုင်ဘူးဆိုတဲ့ သတင်းသမားတွေကို ကျွန်တော် ဒီကနေ လုံးဝရှုံ့ချပါတယ် " ဟု ၄င်းက ဆိုသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် နေထိုင်သည့် ငွေကြေးလိမ်လည်ခံရသူ ဦးကျော်မင်းက တရားရင်ဆိုင်နေရသည့် ကိစ္စနှင့် ပတ်သက်၍ သတင်းမျှတမှု မရှိသဖြင့် သတင်းစာရှင်းလင်းပွဲ   ပြုလုပ်လို၍ သူရိယအလင်း သတင်းထောက်  ဦးသီဟကို အကူအညီတောင်းခဲ့ကြောင်း၊ ဦးသီဟမှ ၁လခန့် အကြာတွင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးသန့်စင်နှင့် ဆက်သွယ်ပေးခဲ့ကာ သတင်းစာ ရှင်း လင်းပွဲပြုလုပ်လိုလျှင် ၆ သိန်းခန့် ကုန်ကျမည့်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ဦးကျော်မင်းက ၆ သိန်း မတတ်နိုင်၍ ၃ သိန်းကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ၁ သိန်း၊ ၁၁ ရက်နေ့ တွင် ၂ သိန်းပေးခဲ့ပြီး အဆိုပါ ငွေကြေးပေးဆောင်ရာတွင် သတင်းထောက် ဦးချစ်ကိုက အသိသက်သေအဖြစ် လက်မှတ်ထိုးခဲ့ကြောင်း၊ ကုန်ကျစရိတ်များကိုလည်း စာရင်းဇယားနှင့် ပေးခဲ့ကြောင်း ဦးကျော်မင်း၏ ပြောပြ ချက်အရ သိရသည်။

" သူတို့ငွေကြေးယူပြီးတော့ ကျွန်တော်ကိစ္စကို ဆောင်ရွက်ပေးမယ် ဆိုရုံပဲ ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်ဘာကို စိတ်မကောင်းဖြစ်လဲဆိုတော့ MJN မှာ ကျွန်တော်တို့ လာလျှောက်တဲ့ အခါမှာ ကိုသန့်စင်၊ ကိုချစ်ကို၊ ကိုသီဟ သူတို့က မီဒီယာလောကမှာ ကျွမ်းကျင်တဲ့သူတွေ၊ ကျွန်တော်က မကျွမ်းကျင်ဘူး။ ဒါကို သူတို့က ဘယ်နေ့ ဘယ်အချိန် လုပ်မှာကို မသိဘဲနဲ့ ဖိတ်စာတွေဝေကြတယ်။ ဒါကို စိတ်မကောင်းဖြစ်မိတယ်။ "ဟု ကိုကျော်မင်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက်မှ သူရိယအလင်းသတင်းထောက် ဦးသီဟကို ဆက်သွယ်ပြီး ထိုကိစ္စကို ဖြေရှင်းပေးရန် ပြောဆိုခဲ့သော်လည်း သူနှင့် မသက်ဆိုင်ကြောင်း   ဖြေကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးသန့်စင်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရကြောင်း မြန်မာဂျာနယ် လစ်ကွန်ရက် (MJN)၏ အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပုဂ္ဂိုလ်ရေးမဟုတ်ဘဲ အများပြည်သူနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ငွေကြေးပေးဆောင်ရန်မလိုဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးသည့်     နေရာသာဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly