အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး အခင်းအကျင်း ဖော်ဆောင်ရန် UNFC တောင်းဆို

အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး အခင်းအကျင်း ဖော်ဆောင်ရန် UNFC တောင်းဆို

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၃ ။            ။ အားလုံး ပါဝင်နိုင်ရေးအပေါ် ဆက်လက် ရပ်တည်ပြီး အားလုံး ပါဝင်နိုင်သည့် အခင်းအကျင်းကို အမြန်ဆုံး ဖော်ဆောင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဒီဇင်ဘာလ ၁၃ ရက်တွင် ကြေငြာချက် ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

UNFC က ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် မြေမြင် ထိုးစစ်အခြေအနေများနှင့် စပ်လျဉ်း၍ အများပြည်သူသို့ ရှင်းလင်းသော ကြေငြာချက်တွင် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်းစွာ အဖြေ ရှာနိုင်သည့် ပတ်ဝန်းကျင်ကောင်းနှင့် အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းကို အမြန်ဆုံး ဖော်ဆောင်ပေးရန် လိုအပ် ပါသည်ဟု ဖော်ပြထားသည်။

“ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာက ဖြစ်စဉ်တခုလုံးနဲ့ ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်နေတဲ့ အသင်းအဖွဲ့တွေအားလုံး လူ တွေကို ဖြစ်စဉ်အတွင်းမှာ ပါဝင်စေဖို့၊ သူတို့ကို ပြောခွင့်ဆိုခွင့်၊ ညှိနှိုင်းခွင့်၊ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ကို ပေးဖို့လိုတယ်။ အဲ ဒီလို အခင်းအကျင်းမျိုးကို အစိုးရဘက်က ဖော်ဆောင်ပေးဖို့လိုတယ်။ အခွင့်အလှမ်းပေးဖို့ လိုတယ်။ ကြိုဆိုဖို့ လိုတယ်။ နောက်ပြီးတော့ အာမခံချက်တွေ ပေးဖို့လိုတယ်ဆိုတဲ့သဘောပါ။ ဒီအခွင့်အရေးတွေ ရမှ ပြဿနာ အရင်းအမြစ်က ဘာ လဲ ဆိုတာကို သူတို့ လွတ်လွတ်လပ်လပ် ပြောခွင့်ရမယ်။ အဲဒီလို ပြောခွင့်ရမှ တဖက်က ပြဿနာ ဃဂနဏ ဘာလဲဆို တာ သိခွင့်ရမယ်။ အဲဒီလို သိရရင် ကျနော်တို့က ကောင်းမွန်တဲ့ အဖြေရှာမှု လမ်းကြောင်းတခုကို အတူတကွ ရှာဖွေနိုင် တာပေါ့လေ။ အဲဒါကို ဆိုလိုတာ ဖြစ်ပါတယ်” ဟုု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရအနေဖြင့်  တပ်မတော်မှ ထိုးစစ်ဆင်နေသည်ကို ကိုယ်တွယ် ဖြေရှင်းရန် မကြိုးပမ်းပဲ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေး ကိုသာ ဆောင်ရွက်နေခြင်းသည် ငြိမ်းချမ်းရေးကို ဦးတည်နေခြင်း မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA ပါ နိုင်ငံရေး လမ်းပြမြေပုံအဆင့်များအရ နိုင်ငံရေးမူဘောင်မူကြမ်းရေးဆွဲခြင်း၊ အတည်ပြုခြင်းတို့မှာလည်း တစ်နိုင် ငံလုံး အတိုင်းအတာ မဆောင်သကဲ့သို့ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်မှုမရှိပဲ လာမည့် ဖေဖော်ဝါရီလတွင် ငြိမ်းချမ်း ရေးညီလာခံ ကျင်းပရန် စီစဉ်လုပ်ဆောင်နေမှုမှာ NCA နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေသည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

“ ကျနော်တို့ သွားရမဲ့ အဆင့်ဆင့်သည် သေချာဆက်စပ်ဖို့ လိုတယ်။ အဲဒါတွေ ဖြတ်ကျော်ပြီးမှဘဲ ညီလာခံ ကျင်းပတာ မျိုးက အဓိပ္မါယ်ရှိတယ်။ တက်ရောက်တဲ့ ကိုယ်စားလှယ်အားလုံးလဲဘဲ တန်းတူရည်သူ ပြောဆိုတင်ပြပိုင်ခွင့် တွေရမှဘဲ ကျနော်တို့ ပြဿနာကို အဖြေရှာရာရောက်ပါတယ်။ အဲတော့ အခုအခင်းအကျဉ်းကို ကြည့်ရင် အဲဒီလို အနေအထားမျိုး မရောက်သေးဘူး။ အဆင်ချောချော မသွားနိုင်သေးတဲ့ အချိန်မှာ ညီလာခံကို မကျင်းပသင့်သေးဘူးဆိုတဲ့ သဘောထား အမြင် ကျနော်တို့မှာ ရှိပါတယ်။ အားလုံး ညီလာခံ မတက်ရောက်နိုင်ရင် ညီလာခံကလည်း အဓိပါယ် ပြည့်စုံမှု မရှိသလို ဖြစ်နေမယ်။ အခင်အကျင်း မကောင်းသလိုဘဲ ရလဒ်ကောင်းလည်း မရလာဘူးလေ” ဟု ခူဦးရယ်က ဆက်လက် ပြောသည်။

တိုင်းပြည်၏ ပြဿနာအရင်းအမြစ်အသေးစိတ်နှင့် တိုင်းရင်းသားများ၏ ပကတိဆန္ဒ သဘောထားမှန်ကို အခြေခံ၍ တိုင်းပြည်ကို အုပ်ချုပ်သည့် အစိုးရ တစ်ရပ်အနေဖြင့် မှန်ကန်စွာ အဖြေရှာ၊ ကိုင်တွယ် ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

တပ်မတော်မှ NCA ကို ပြန်လည် သုံးသပ်ရန် လက်မခံသည့်အတွက် UNFC အနေဖြင့် NCA ကို လက်မှတ်ရေး ထိုးနိုင် ရေး အဆိုပြုမူ(၉ )ချက်ကို ဆွေးနွေးညှိနှိုင်းလျှက် ရှိနေသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများ ညီလာခံတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက် ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် UNFC ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၂၀ ရှိရာမှ ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags