ဘီဘီစီ ဂီတဆုပေးပွဲ၌ အကောင်းဆုံးဆုနှစ်ဆု ရရှိခဲ့သည့် အဒဲလ်

ဘီဘီစီ ဂီတဆုပေးပွဲ၌ အကောင်းဆုံးဆုနှစ်ဆု ရရှိခဲ့သည့် အဒဲလ်

နာမည်ကျော်ပေါ့ပ်အဆိုတော် အဒဲလ်ဟာ အခုဆိုရင် ဘီဘီစီဂီတဆုကို ရရှိတာ နှစ်နှစ်ဆက်တိုက်ရှိလာပြီဖြစ်ပြီး အဆိုပါ ဆုပေးပွဲကိုတော့ ယခုနှစ်တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။ အဒဲလ်ဟာ အဓိက ဆုကြီးများဖြစ်သော နှစ်တစ်နှစ်အတွက် အကောင်းဆုံးသီချင်းဆုနှင့် နှစ်တစ်နှစ်အတွက် အကောင်းဆုံး တေးအယ်လ်ဘမ်ဆု တို့ကို Hello သီချင်းနှင့် သူမ၏ အယ်လ်ဘမ် 25 တို့ဖြင့် သိမ်းပိုက်ရရှိခဲ့ပါသည်။

“ကျမအဲ့ဒီ့ကို မလာနိုင်ခဲ့တဲ့အတွက် တကယ့်ကို တောင်းပန်ပါတယ်” လို့ သူမက လော့စ်အိန်ဂျယ်လိစ်ကနေ သတင်းစကား ပါးခဲ့ပါသည်။ ဆက်လက်ပြီး “ ကျမဂီတလမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာ နှစ်တော်တော်ကြာနေပြီ ဖြစ်ပြီး အခုလိုမျိုး ဆုရရှိမှုဟာ အိမ်ကိုလွမ်းတဲ့စိတ် ဖြစ်မိစေပါတယ်”လို့ သူမက ပြောကြားခဲ့ပါသည်။

မနှစ်က ဆုပေးပွဲမှာလည်း သူမဟာတက်ရောက်နိုင်ခဲ့ခြင်း မရှိပေမယ့် အကောင်းဆုံးဗြိတိန်အနုပညာရှင်ဆု နှင့် အကောင်းဆုံး တိုက်ရိုက်ဖျော်ဖြေမှုတင်ဆက်မှုဆုတို့ကို ရယူနိုင်ခဲ့ပါသည်။

ဆုရရှိပေမယ့် ဆုပေးပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့သော အခြားအနုပညာရှင်ကတော့ Coldplay အဖွဲ့ဖြစ်ပြီး အကောင်းဆုံး ဗြိတိန်အနုပညာရှင်ဆုကို ရရှိချိန်မှာ သူတို့ဟာ သြစတြေးလျနိုင်ငံမှာ   ဖျော်ဖြေပွဲပြုလုပ်နေတာ ဖြစ်ပါသည်။ အဖွဲ့ရဲ့အဆိုတော် Chris Martin က မဲလ်ဘုန်းမြို့ အီတီဟတ်အားကစားကွင်းမှ “ကျနော်တို့ အဲ့ဒီ့ကို မလာနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်၊ ကျနော်တို့ ခင်ဗျားတို့ကို ချစ်ပါတယ်၊ နောက်ပြီးကျနော်တို့ အလွန်ဝမ်းသာပြီးတော့ ခင်ဗျားတို့နဲ့ မကြာခင်မှာ ပြန်တွေ့ပါမယ်” လို့ ဗီဒီယိုမှတဆင့် ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly