ဒီဇင်ဘာ ၁၂၊ ဆွစ်ဇာလန် ။ ။ ၂၀၁၆-၁၇ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များအတွက် မဲခွဲခဲ့ရာတွင် ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းမှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းနှင့်တွေ့ဆုံနေပြီး ပီအက်စ်ဂျီအသင်းမှာ ဘာစီလိုနာအသင်းနှင့် ထိပ်တိုက်တွေ့ဆုံကာ ပွဲကျပ်လျက်ရှိနေကြသည်။
အာဆင်နယ်အသင်းမှာ မဲခွဲတိုင်းပွဲကျပ်လေ့ရှိသည့် ၎င်းတို့၏အစဉ်အလာအတိုင်း ယခုအကြိမ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းနှင့်တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
အခြားပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် မန်စီးတီးမှာ မိုနာကိုနှင့်တွေ့ဆုံခဲ့ပြီး လက်စတာမှာ ဆီဗီလာအသင်းနှင့်တွေ့ဆုံခဲ့သည်။
လက်ရှိချန်ပီယံရီးယဲလ်အသင်းမှာမူ အီတလီကလပ်နာပိုလီနှင့်တွေ့ဆုံခဲ့ပြီး ယမန်နှစ်က ဒုတိယရခဲ့သည့် အက်သလက်တီကိုအသင်းမှာ ဂျာမန်ကလပ် လီဗာကူဆင်အသင်းနှင့်တွေ့ဆုံလျက်ရှိသည်။
အခြားပွဲစဉ်များတွင် ဘင်ဖီကာနှင့်ဒေါ့တ်မွန်၊ ပေါ်တိုနှင့်ဂျူဗင်တပ်စ် တို့ တွေ့ဆုံလျက်ရှိသည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်များ၏ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၄/၁၅/၂၁/၂၂ ရက်များတွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို မတ်လ ရ/၈/၁၄/၁၅ ရက်နေ့များတွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ
မန်စီးတီး(အင်္ဂလန်) - မိုနာကို(ပြင်သစ်)
ရီးယဲလ်(စပိန်) - နာပိုလီ(အီတလီ)
ဘင်ဖီကာ(ပေါ်တူဂီ) - ဒေါ့တ်မွန်(ဂျာမနီ)
ဘိုင်ယန်မြူးနစ်(ဂျာမနီ) - အာဆင်နယ်(အင်္ဂလန်)
ပေါ်တို(ပေါ်တူဂီ) - ဂျူဗင်တပ်စ်(အီတလီ)
လီဗာကူဆင်(ဂျာမနီ) - အက်သလက်တီကို(စပိန်)
ပီအက်စ်ဂျီ(ပြင်သစ်) - ဘာစီလိုနာ(စပိန်)
ဆီဗီလာ(စပိန်) - လက်စတာ(အင်္ဂလန်)
ရည်ညွှန်း ယူအီးအက်ဖ်အေ