စီးတီးဘတ်(စ) တင်သွင်းမယ့် အများပိုင် ကုမ္ပဏီတွေကို ကမ္ဘောဇဘဏ်က ငွေချေးပေးသွားဖို့ ရှိနေ

စီးတီးဘတ်(စ) တင်သွင်းမယ့် အများပိုင် ကုမ္ပဏီတွေကို ကမ္ဘောဇဘဏ်က ငွေချေးပေးသွားဖို့ ရှိနေ

စီးတီးဘတ်(စ)ကားတွေ ပြည်တွင်းကိုတင်သွင်းမယ့် သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီတွေကို ကမ္ဘောဇဘဏ်က ချေးငွေထုတ်ချေးပေးမယ်ဆိုတဲ့ သတင်းကိုပြောပြချင်ပါတယ်။ အဲဒီလိုချေးငွေပေးတဲ့ နေရာမှာ ဘဏ်အနေနဲ့ အများပိုင်ကုမ္ပဏီတွေကို ၃ နှစ် ချေးငွေပေးမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာစတင်ပြေးဆွဲတော့မယ့် စီးတီးဘတ်စ် အများပိုင်ယာဉ်လိုင်းတွေကိုကမ္ဘောဇဘဏ်ကငွေထုတ်ချေးပေးမှာဖြစ်ပါတယ်။

ကနဦးအနေနဲ့ ကားတစ်စီးကို ငွေကျပ်သိန်းတစ်ရာ့ရှစ်ဆယ်ဝန်းကျင်နဲ့ တွက်ပြီးချေးပေးမှာပါ။ စုစုပေါင်းဘယ်လောက်ချေးပေးမယ်ဆိုတာကို ဘဏ်ဘက်ကနေ ကန့်သတ်ထားမရှိဘူးလို့ သိရပါတယ်။

ကမ္ဘောဇဘဏ်ရုံးချုပ်ချေးငွေဌာနက လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ကြည်ကြည်မာက "လောလောဆယ်မှာတော့ ကျမတို့ ဘဏ်အနေနဲ့ အများပိုင် ယာဉ်လိုင်းတွေအတွက် ပ့ံပိုးပေးမယ့် ငွေကဘယ်လောက်လို့ သတ်မှတ်ထားမရှိပါဘူး။ ဒါဟာ ပထမဦးဆုံး အကြို ညှိနှိုင်းဆွေးနွေးတာဖြစ်တဲ့အတွက် သူတို့တွေ ကုမ္ပဏီတခုချင်းဆီက အသေးစိတ်တက်လာပါလိမ့်မယ်။ ကုမ္ပဏီတခုစီကနေကားအစီးရေ ဘယ်လောက်လဲဆိုတာ အဲဒီပေါ်မှာ ကြည့်ပြီးတော့ ဆုံးဖြတ်သွားမှာပါ။ ဒါပေမယ့် ကမ္ဘောဇဘဏ်အနေနဲ့တော့ အတတ်နိုင်ဆုံးကူညီသွားဖို့ရှိပါတယ်။" လို့ ရှင်းပြပါတယ်။

ချေးငွေပြန်လည်ပေးဆပ်ရမယ့် ပုံစံအနေနဲ့ ချေးငွေတန်ဘိုးရဲ့ ၂၀ ရာခိုင်နှုန်းကို လက်ငင်းပေးပြီးကျန် ၈၀ ရာခိုင်နှုန်းကို ၃ နှစ် အရစ်ကျ စနစ်နဲ့ ပြန်လည် ပေးဆပ်ရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် နှစ်ဆန်းမှာ စီးတီးဘတ်(စ) ယာဉ်လိုင်းပေါင်း ၆၀လောက် ရှိမှာဖြစ်တယ်လို့ သိရပြီးအဲဒိမှာ ပါဝင်နိုင်ဖို့ကိုလည်း လက်ရှိလမ်းကြောင်းပေါ်မှာရှိနေတဲ့ မော်တော်ယာဉ်လိုင်းတွေနဲ့ ယာဉ်ပိုင်ရှင်တွေ ကိုပါဖိတ်ခေါ်သွားမယ်လို့သိရပါတယ်။

"ကျတော်တို့ လက်ရှိကုမ္ပဏီတွေ ယာဉ်ပိုင်ရှင်တွေရဲ့ အခက်ခဲကိုကျတော်တို့ တင်ပြခဲ့တယ် ကုမ္ပဏီဆိုရင် ငွေရေးကြေးရေးအင်အားတောင့်တဲ့ ကုမ္ပဏီရှိပါတယ်။ နောက်ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှုနည်းတဲ့ ကုမ္ပဏီရှိပါတယ် နောက်တစ်ချက် ယာဉ်ပိုင်ရှင်တွေ အများပိုင်ယာဉ်လိုင်းတွေမှာပါချင်တယ်။ သို့သော် ယာဉ်တွေအိုဟောင်းနေတယ် ငွေရေးကြေးရေးအရအခက်ခဲတွေ ရှိတဲ့အခါကြတော့ အဲ့ဒီတစ်ဦးချင်းတစ်ယောက်ချင်းယာဉ်ပိုင်ရှင်တွေကိုထောက်ပံ့ပေးဖို့ အားနည်းတဲ့ ကုမ္ပဏီတွေကိုထောက်ပံ့ပေးဖို့ ဘဏ်ကိုတင်ပြတောင်းဆိုခဲ့တာပါ" Power Eleven အများပိုင်ကုမ္ပဏီလီမိတက်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောပါတယ်။

စီးတီးဘတ်စ် တင်သွင်းမယ့် ကုမ္ပဏီတွေအနေနဲ့  ၂၀၀၆ ခုနှစ်အထက် ဘယ်မောင်းမော်တော်ယာဉ်တွေကိုပဲ တင်သွင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်ပိုင်ရှင်တွေအနေနဲ့က အခုကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ ငွေချေးရင် လွယ်ကူတဲ့ အနေထားဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

"ချေးတဲ့ ငွေကိုနှစ်အလိုက်နိုင်ငံတော်ကသတ်မှတ်တဲ့ အတိုးနှုန်းအတိုင်း ဥပမာသုံးနှစ်ချေးတယ်ဆိုရင် ပထမနှစ်မှာချေးတဲ့ ငွေကြေးကိုအတိုးတွက်ပြီးတော့ ပထမနှစ်ဆပ်ပါ့မယ်ပေါ့ ပထမနှစ်ဆပ်ပြီးသွားရင် ပထမနှစ် ကျန်တဲ့အရင်းကို ပြန်ပြီးတော့ အတိုးတွက်ပြီးတော့ နောက်နှစ်အတွက် ပြန်ပြီးတော့ ဆပ်ရမှာဖြစ်ပါတယ် တတိယနှစ်ကြတော့ တတိယနှစ်ကကျန်ခဲ့တဲ့ငွေကို အတိုးနှုန်းတွက်ပြီးတော့မှ အဲ့အတိုးနဲ့ လအလိုက်ဆပ်ရမယ့် အရင်းတွေနဲ့ တွဲပြီးတော့ ဆပ်ပါ့မယ်ဆိုပြီးတော့ သူတို့ကရှင်းပါတယ်။ အဲဒါကလဲ BOD ကိုတင်ပြပြီးတော့ အတည်ပြုချက်ယူပြီးရင် တက်ရောက်လာတဲ့ သူတွေကိုလက်ကမ်းစာစောင်တွေပေးပြီးတော့ သူတို့ဘဏ်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်" လို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်းဒေသကြီး)က ဌာနမှူး ဦးမောင်မောင်လွင် က မဇ္ဈိမကို ပြောပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လိုင်းပေါင်း ၃၅၀ ကျော်လောက် ပြေးဆွဲနေပြီး ယာဉ်အစီး ရ၀၀၀လောက်ရှိနေပေမယ့် ယာဉ်အစီးရေ ၄၀၀၀ကျော် ပြေးဆွဲနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တစ်တိုင်းလုံးအနေနဲ့ တစ်နေ့ကိုခရီးသည် ပေါင်း၂.၆ သန်းလောက်ကို သယ်ယူပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ မသက်မသာဖြစ်နေတဲ့ နေထိုင်သူတွေအတွက် အသစ်ရောက် လာမယ့် စီးတီးဘတ်(စ)ကားတွေက စိတ်ကျေနပ်လောက်နိုင်မယ့် သယ်ယူပို့ဆောင်သူတွေဖြစ်လာမလား၊ နောက်ပြီး ဘဏ်ကနေချေးငွေ ရယူပြီးရင်းနှီးမြှုပ်နှံမယ့် အများပိုင်ကုမ္ပဏိီတွေကရော အကြွေးအပူကြောင့် ဝန်ဆောင်မှုကို ဦးစားပေးနိုင်ပါ့မလားဆိုတာ   စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly