ကြိမ်ဝါးစသည့် မြန်မာ့ပို့ကုန်လုပ်ငန်း ဘာကြောင့် ကျဆင်းနေတာလဲ

ကြိမ်ဝါးစသည့် မြန်မာ့ပို့ကုန်လုပ်ငန်း ဘာကြောင့် ကျဆင်းနေတာလဲ

မြန်မာနိုင်ငံက ကြိမ်နဲ့ ဝါး လက်မှုအနုထည်ပစ္စည်းတွေ နိုင်ငံခြားတင်ပို့တဲ့စျေးကွက် ထင်သလောက် တိုးတက်မှုမရှိဘဲ ကျဆင်းလာနေတယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်ကြားကာလတွေတုန်းကဆိုရင် ကြိမ်ဝါးအချောထည်ထုတ်ကုန်တွေကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုးလောက် တင်ပို့နိုင်ခဲ့ပေမယ့် ဒီဘက်ခေတ် ဘဏ္ဍာနှစ်တွေမှာတော့ ကန်ဒေါ်လာ ၂ သန်းကျော်ဖိုးလောက်ပဲတင်ပို့ရောင်းချနိုင်တာ ဖြစ်ပါတယ်။ ဘာကြောင့် စျေးကွက်မတိုးချဲ့နိုင်ရတာလဲ..ထိုက်သင့်တဲ့ စျေးနှုန်းတွေ အဲဒိ်စျေးကွက်ထဲမှာဘာဖြစ်လို့ မရသေးတာလဲ။

ပြည်တွင်းက ကြိမ်ဝါးအချောထည် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ စျေးကွက်ကအရင် ၂၀၀၄ ခုနှစ် နောက်ပိုင်းကျဆင်းလျက်ရှိလာနေပြီး ထင်ထားသလောက် မတိုးတက်တာတွေ၊   စျေးကွက်မတိုးချဲ့နိုင်တာနဲ့ ထိုက်သင့်တဲ့ စျေးနှုန်းမရရှိနိုင်သေးဘူးဆိုတဲ့ ခါးသီးတဲ့ အတွေ့အကြံုတွေ ရင်ဆိုင်နေရတယ်လို့ ကြိမ်ဝါးလုပ်ငန်းရှင်အသင်းက ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးကပြောပြလာပါတယ်။

"အရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်နဲ့ဆိုရင် လက်ရှိအခြေအနေကကျဆင်းနေတယ်လို့ ပြောလို့ရတယ်၊ အဲဒီ့အကြောင်းအရာကို ပြန်သုံးသပ်တဲ့အချိန်မှာ ဒီလက်မှုထည် လုပ်ငန်းတွေကို ထုတ်လုပ်တဲ့လုပ်သားလျော့ပါးလာတာတစ်ချက်ပါသလို ကျွန်တော်တို့ တင်ပို့ရောင်းချသူအများစုက တတိယပုဂ္ဂိုလ်(ကြားခံလူ)တွေကို အားကိုးပြီးတော့ နိုင်ငံခြားတင်ပို့နေရတာကိုတွေ့ရတယ်။" မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

နေ့စဉ်နံနက် ၈ နာရီကနေ ညနေ ၅ နာရီ တစ်နေ့ကို စုစုပေါင်းအလုပ်ချိန် ၈ နာရီမှာ ကြိမ်အချောထည်ပစ္စည်းတွေကို ထုတ်လုပ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ရန်ကုန်ရှိ TK ကြိမ်အချောထည်စက်ရုံကနေ တစ်လကိုပေ ၂၀ အကျယ်ရှိတဲ့ ကွန်တင်နာတစ်လုံးကို ပြည်ပစျေးကွက်တွေကို တင်ပို့နေရတာပါ။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ ပြင်သစ်နဲ့ အမေရိကန် စတဲ့ စျေးကွက်တွေဖြစ်ပါတယ်။

နောက်ပြီးတော့ တရုတ်စျေးကွက်ကို တင်ပို့ဖို့လည်း အမှာစာတွေရရှိထားပြီးလည်းဖြစ်ပါတယ်။ စက်ရုံမှာကလည်း ဒေသခံအမျိုးသမီးအယောက် ၂၀ လောက်က အလုပ်လုပ် ကို််င်နေတာဖြစ်ပါတယ်။ ကျွမ်းကျင်မှုအပေါ် မူတည်ပြီးတော့ သူတို့ကတစ်နေ့ကိုကျပ် ၂၅၀၀ ကနေ ၃၀၀၀ လောက်အထိ ရတယ်လို့လည်းသိရပါတယ်။

နေ့စားအလုပ်သမ မငယ်ငယ်ခိုင်ကတော့ မြစ်ဝကျွန်းပေါ်ဒေသကနေ ဒီမှာ လာပြီး အခြေချအလုပ်လုပ်နေတာ အချိန် နှစ်ဝက်လောက်ရှိပါပြီ။ သူမရဲ့ အဓိက လုပ်ရတဲ့ အလုပ်က နောက်ဆုံးအချောထည်ပစ္စည်းတွေကို အရည်အသွေးစစ်ဆေးပေးရတဲ့ အပိုင်းဖြစ်ပါတယ်။

“အော်ဒါတွေတော့ ရတယ်ရှင့်။ ဒါပေမယ့် ညီမတို့လုပ်တဲ့အပေါ်မှာအကျိုးခံစားခွင့်မရှိ်ဘူး” လို့ မငယ်ငယ်ခိုင်က ရင်ဖွင့်ပါတယ်။

ကျွဲကူးရေပါဆိုတဲ့အတိုင်း ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံခြားဝယ်လက်တွေကို တိုက်ရိုက်ရောင်းချနိုင်မှသာ လုပ်သားတွေကို မက်လုံးပေးဆွဲဆောင်နိုင် မှာဖြစ်တယ်ဆိုတဲ့ စကားကိုလည်း ကြားသိရပါတယ်။

မြန်မာနိုင်ငံ ကြိမ်း နှင့် ဝါး လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက "ကျွန်တော့်အနေနဲ့ အမေရိကားကိုလည်းပို့နေတယ်၊ ဂျပန်ကိုလည်းပို့နေတယ်ဆိုတော့ အရည်အသွေးကလုပ်နိုင်မယ်လို့ ယူဆတယ်၊ ဒါပေမယ့် လုပ်သားတွေကို ထိုက်သင့်တဲ့စျေးနှုန်းမက်လုံးပေးနိုင်ဖို့ကျတော့ ကိုယ်တိုင် သွားရောက် ရောင်းချနိုင်မှပဲ ထိုက်သင့်တဲ့ စျေးတစ်ခုရလာမယ်၊ နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ စျေးကွက် တစ်ခုရလာမယ်။" လို့ ရှင်းပြပါတယ်။

နိုင်ငံတကာစျေးကွက်တွေကို တိုက်ရိုက်သွားရောက် ရောင်းချနိုင်ဖို့က ကမ္ဘာ့ဝယ်လက်တွေနဲ့ ထိတွေ့နိုင်မယ့် ကုန်သွယ်ရေးပွဲတွေကိုသွားရောက် ပြသနိုင်ဖို့ကလည်း မြန်မာ့ပို့ကုန်ကဏ္ဍတိုးမြှင့်ဖို့အတွက် အရေးကြီးလျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီကလုပ်ငန်းရှင်အတော်များများကတော့ အဲဒိနေရာတွေကိုသွားဖို့ ယုံကြည်မှု နည်းပါးနေတာကိုလည်း ကြားသိခဲ့ရပါတယ်။

Messe Frankfurt က Marketing Communication ဌာနရဲ့ ဒါရိုက်တာ Erdmann Kilian က "ဒီစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးအများကြီး ကြားဖူးပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ အစမှာတော့ ရင်းနှီးမြှုပ်နှံမှုကို လုပ်သင့်တယ်ဗျ။ ကျွန်တော်ကတော့ အဖွဲ့အစည်းတွေကို ဟိုမှာဘာတွေကို ပြသလို့ရမလဲဆိုတာ မြင်တွေ့နိုင် ဖို့ရယ်…ပြီးတော့ ဒီကကုမ္ပဏီတွေ နိုင်ငံတကာကုန်စည်ပြပွဲတွေကို ပိုပြီးသွားရောက်နိုင်အောင် အစိုးရကထောက်ပ့့ံပေးပါလို့ ပြောချင်တယ်။" လို့ အကြံပြုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly