မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ ဆိပ်ကမ်းက သွင်းကုန်ပစ္စည်းတိုက်ရိုက်ထုတ်ယူတဲ့ စနစ်ကို ရုပ်သိမ်းဖို့ လုပ်ငန်းရှင်တွေတောင်းဆို

မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ ဆိပ်ကမ်းက သွင်းကုန်ပစ္စည်းတိုက်ရိုက်ထုတ်ယူတဲ့ စနစ်ကို ရုပ်သိမ်းဖို့ လုပ်ငန်းရှင်တွေတောင်းဆို
ရန်ကုန်မြို့ အလုံမြို့နယ် ထီးတန်းဆိပ်ကမ်းဝန်းအား နိုဝင်ဘာလ ၁၉ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

အောက်တိုဘာလ ၁၁ ရက်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပြောင်းလဲသတ်မှတ်ခဲ့တဲ့ ဆိပ်ကမ်းကနေ သွင်းကုန် ကုန်ပစ္စည်းတွေ တိုက်ရိုက်ထုတ်ယူတဲ့ စနစ်နဲ့ ပတ်သက်ပြီး သဘောင်္လိုင်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေ က အဲဒီ့စနစ်အပေါ်မှာ ပူးပေါင်းလုပ်ကိုင်မှာမဟုတ်ဘဲ ဒီစနစ်ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုသွားမယ်လို့ ဆိုလိုက်ပါတယ်။

ဆယ်စုနှစ်တစ်စုအတွင်း ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးရဲ့ သွင်းကုန်လုပ်ငန်းပမာဏ ၅ ဆကျော် တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုးတက်လျက်ရှိတဲ့ အပေါ်မှာ ပြည်တွင်းက သဘောင်္လိုင်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ် ကိုင်သူတွေက သွင်းကုန်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွင်း ပိုပြီးအဆင်ပြေပြေ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်မှုတွေ ရှိခဲ့ပါတယ်။

မဟာနဒီပင်လယ်ရေးကြောင်းဝန်ဆောင်မှုလုပ်ငန်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကပ္ပတိန် ဟင်နရီခင်မောင်က "အပြည်ပြည်ဆိုင်ရာသင်္ဘောလုပ်ငန်းကလူတွေက နောက်အစိုးရတက်လာရင် လုပ်ရကိုင်ရတာပိုပြီးတော့ လွယ်ကူလာလိမ့်မယ် Shipping နဲ့ ပတ်သက်ပြီးတော့ လုပ်ရကိုင်ရတာပိုပြီးတော့ လွယ်ကူလာလိမ့်မယ်။

အင်တာနေရှင်နယ် နိုင်ငံတွေမှာရှိတဲ့ နောင်ဆုံးအင်တာနေရှင်နယ် နိုင်ငံတွေမှာရှိတဲ့ နောက်ဆုံးအာရှနိုင်ငံတွေမှာရှိတဲ့ Port တွေလိုလွယ်ကူလာလိမ့်မယ်လို့ နားလည်ထားခဲ့တယ်။ မျှော်လင့်ထားခဲ့တယ်။" လို့ သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပြပါတယ်။

အဲဒီ့လိုမျှော်လင့်မှုတွေ ရှိခဲ့ပေမယ့် အခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ ကစပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပြင်ဆင်သတ်မှတ်ခဲ့တဲ့ ဆိပ်ကမ်းကနေတိုက်ရိုက် ကုန်ပစ္စည်းထုတ်ယူနိုင်မယ့် စနစ်ကြောင့် သူတို့ရဲ့ မျှော်လင့်ချက်တွေ သဲထဲရေသွန် သလို ဖြစ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

"မျှော်လင့်ထားခဲ့တာတွေအားလုံးဟာ ကနေ့ မြန်မာ့ဆိပ်ကမ်းအာဏပိုင်က ထုတ်လာတဲ့ ဥပဒေတွေ SAD ကို ကွန်ဆန်းတေးတစ်လုပ်နေတာတွေဟာ ကျွန်တော်တို့နိုင်ငံထဲကို ရင်းနှီးမှုတွေ ၎င်းရှစ်ပင်းလိုင်းတွေ ပိုပိုများလာဖို့ ကြီးမားသောအနှောက်အယှက်တွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော် တင်ပြချင်ပါတယ်" လို့လည်း ဆက်ပြောပါတယ်။

သူတို့က ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို နိုင်ငံတကာနည်းလမ်းအတိုင်း ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်နွယ်လုပ်ကိုင်ချင်တာ ဖြစ်ပါတယ်။

မဇ္ဈိမက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ ပြောင်းလဲသတ်မှတ်ခဲ့တဲ့ ဆိပ်ကမ်းကနေသွင်းကုန်လုပ်ငန်းရှင်တွေ တိုက်ရိုက် ကုန်ပစ္စည်းထုတ်ယူတဲ့နေရာမှာ ပြဿနာရှိနေတဲ့အကြောင်းကို နိုဝင်ဘာလက တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ့မှာ သွင်းကုန်လုပ်ငန်းရှင်တွေကတော့ သဘောင်္လိုင်းတွေနဲ့ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေက ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

တစ်ခါ ပင်လယ်ရေကြောင်းသဘောင်္လိုင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေက အသစ်ပြဌာန်းထားတဲ့ တိုက်ရိုက်ကုန်ပစ္စည်းထုတ်ယူတဲ့ စနစ်ကိုကန့်ကွက်သွားမယ်ဆိုပြီး ပြောဆိုလာပြန်ပါတယ်။

WIN & WIN UNIVERSE CO.,LTD ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဗိုဗိုမြင့်က "ဆန့်ကျင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ကွန်တိန်နာလိုင်းတွေသည် ၂၆/၂၀၁၆ ကို အပြည့်အဝဆန့်ကျင်ပါတယ်။ ဆန်ကျင်ဖို့အတွက် ဝန်ကြီးဆီလည်းစာတင်ထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီလည်း စာတင်ထားပါတယ်။ အဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့သည် ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းတာမဟုတ်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တာဖြစ်ပါတယ်။" လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဦးက လည်း "တရားမဝင်တဲ့ ကိစ္စကြီးကို ကျွန်တော်တို့ သင်္ဘောလိုင်းတွေက ဘယ်လိုလုပ်ပူးပေါင်းဆောင်ရွက်မလဲ? နည်းဥပဒေကလည်းမှန်တယ် Procedure ကလည်းမှန်တယ် ဆိုရင် ကျွန်တော်တို့ သင်္ဘောလိုင်းတွေက ပူပေါင်းဆောင်ရွက်ဖို့ အသင့်ပါ မမှန်တဲ့ဟာကြီး မမှန်တဲ့အချက်အလက်တွေ အားလုံးကို ကျွန်တော်တို့က ဘယ်လိုပူးပေါင်းပြီးဆောင်ရွက်မလဲ ကျွန်တော်တို့ ဆောင်ရွက်ရင် လူမိုက်အားပေးဖြစ်သွားမှာပေါ့ .." လို့ ပြောကြားလိုက်ပါတယ်။

သဘောင်္လိုင်းတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေက နိုင်ငံတကာလုပ်ထုံအတိုင်းအဆင့်ဆင့် လုပ်ကိုင်စေချင်တာဖြစ်ပြီး နိုင်ငံတကာလုပ်ထုံးအတိုင်းဖြစ်မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုမို ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ပုံမှန်လုပ်ဆောင်နေကြ နည်းစနစ်အတိုင်း ဆက်လက်လုပ်ဆောင်နေပြီး မြန်မာဆိပ်ကမ်းအာဏပိုင်ရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို ့တောင်ဆိုသွားဖို့ ရှိသလို ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ဖို့ကိုလည်း လုပ်ဆောင်နေပြီလို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly