ဒေါ်လာစျေးအတက်မှာ အခြေခံလူတန်းစားတွေ ဘယ်လို အခက်တွေ့ခဲ့လဲ

ဒေါ်လာစျေးအတက်မှာ အခြေခံလူတန်းစားတွေ ဘယ်လို အခက်တွေ့ခဲ့လဲ
အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ်များအား ၂၂ ရက် စက်တင်ဘာလ ၂၀၁၄ က တွေ့ရစဉ်။ ဓာတ်ပုံ -မဇ္ဈိမ

အခုနှစ်ကုန်ပိုင်းမှာ မြန်မာကျပ်ငွေတန်ဘိိုးကျဆင်းလာပြီး ဒေါ်လာငွေစျေး ထင်မှတ်မထားနိုင်လောက်အောင် မြင့်တက်ခဲ့တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။

အစိုးရသစ်တက်လာချိန်မှာ ပြည်တွင်းလုပ်ငန်းရှင်တွေက ငွေလဲလှယ်နှုန်းထားကို မြန်မာကျပ်ငွေ တစ်ထောင်ဝန်းကျင်လောက်ပဲ မျှော်မှန်းထားတာပါ။ ဒါပေမယ့် အခုလတွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းက ကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ တစ်ထောင့်သုံးရာငါးဆယ်ကျော်လောက်ထိ မြင့်တက်လာခဲ့တာပြီး ဒီလိုငွေလဲလှယ်နှုန်း မြင့်တက်မှုအပေါ်မှာ အခြေခံလူတန်းစားတစ်ချို့ ဘယ်လိုအခက်ကြံုနေရလဲဆိုတာ အရင်းဆုံးကြည့်ရအောင်ပါ။

"ဒီဟာကအစိုးရအပြောင်းလဲလုပ်တဲ့ နောက်ပိုင်းမှာ နိုင်ငံခြားငွေ မြင့်တက်လာတာတို့ သဘောပြောရင်တော့ ဒေါ်လာစျေးမြင့်တက်လာတယ်ပေ့ါ၊ သူနဲ့ ဆက်စပ်တဲ့ စက်သုံးဆီတို့ တခြားလူသုံးကုန်ပစ္စည်းတို့  စားကုန်ပစ္စည်းတို့ကသူ့ဟာနဲ့ သူပေါ့ အကုန်လုံးချိန်ခွင်လျှာညှိတဲ့ သဘောမျိုးနဲ့ တက်ကုန်ကြတာပါပဲ။ ဒီထဲမှာရှာဖွေရတဲ့ အားနဲ့ သုံးစွဲရတဲ့ အားနဲ့ မမျှမတတွေဖြစ်ကုန်တာကတစ်ပိုင်း တကယ်တမ်းကြတော့ မဖြစ်မနေလူတွေရဲ့ စားဝတ်နေရေးက ရုန်းကန်လှုပ်ရှားနေရတာဆိုတော့ ရေမြင့်ရင်ကြာမြင့်တဲ့ သဘောပေါ့လေ အဖက်ဖက်က ကုန်စျေးနှုန်းမှာကအစ အကုန်လုံးတက်လာခဲ့တဲ့ သဘောပေါ့။" လို့ အငှားယာဉ်မောင်း ဦးဇော်ထူးက ပြောပါတယ်။

အခုလက်ရှိမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်မှုနဲ့ အတူ အခြေခံစားသောက်ကုန်တွေရဲ့ စျေးနှုန်းနဲ့ လူသုံးကုန်ပစ္စည်းစျေးနှုန်းတွေ လည်းလိုက်ပါ မြင့်တက်လာခဲ့ပါတယ်။ အဓိက ဒီဒေါ်လာစျေးနှုန်း တက်လာမှုအပေါ်မှာ အခြေခံပြည်သူတွေကို သက်ရောက်မှုပိုများတယ်လို့ ပြောဆိုကြတာတွေလည်းရှိနေပါတယ်။ ပြည်တွင်းက သွင်းကုန်လုပ်ငန်းရှင် တယောက်ကတော့ ငွေလဲစျေးနှုန်းတည်ငြိမ်စေချင်တဲ့အကြောင်းကို အခုလိုပြောပြလာပါတယ်။

"ဒေါ်လာစျေးမြင့်လာတာနဲ့အမျှ အစ်ကိုတို့သွင်းကုန်ရဲ့ အရမ်းတန်ဖိုးမြင့်တက်လာတယ် အရင်းတန်ဖိုးမြင့်လာတော့ သွင်းလာတဲ့အချိန်မှာအချိန်တခုထိတော့ စျေးနှုန်းမတင်ပဲနဲ့ အစ်ကိုတို့ ရောင်းနိုင်ပေမယ့် စျေးနှုန်းတက်တဲ့ ကာလကတော်တော်လေးကြာလာတဲ့အခါကြတော့ အစ်ကိုတို့လဲနောက်တစ်ပတ် နောက်တစ်ပတ်ပြန်လည်တဲ့အခါမျိုးမှာစျေးနှုန်းတင်ရောင်းလာရတယ် အဓိကကတော့ စျေးနှုန်းကိုအစ်ကိုတို့အနေနဲ့ တည်ငြိမ်စေချင်တယ်ပေါ့နော်။" လို့ PRO 1 MYANMAR Co.,Ltdရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးထွေးက ပြောပါတယ်။

စံချိန်တင်မြင့်တက်ခဲ့ နိုင်ငံခြားငွေလဲနှုန်းက အခုသုံးလအတွင်းမှာ စံချိန်တင်အမြင့်ဆုံးထိ မြင့်တက်လာခဲ့တာပါ။ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ဒေါ်လာစျေး ၁၃၁၀ ဝန်းကျင်လောက်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာတော့ စျေးနှုန်းပြန်ကျဆင်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ၁၂၃၀ ထိကျဆင်းခဲ့တာပါ။ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ပြန်လည်ကျဆင်းလာတဲ့ ဒေါ်လာစျေးက ဇွန်လမှာ အမေရိကန်ဒေါ်လာစျေး ၁၁၉၀ကျပ်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာလမှာ ၁၂၈၀ကျပ် ဝန်းကျင်ကနေ တရိပ်ရိပ်မြင့်တက်လာခဲ့ကာ အခုနှစ်ကုန်ပိုင်းမှာတော့ ၁၃၆၀ကျပ်နီးပါးအထိ စံချိန်တင်မြင့်တက်လာခဲ့တာပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းကလည်း "လောလောဆယ် အစိုးရဒီဗဟိုဘဏ်အနေနဲ့ ဘာလုပ်ပေးမလဲဆိုတာ ချက်ချင်းရနိုင်တဲ့ နည်းလမ်းတွေ သူဖော်ဆောင် နိုင်ရင်တော့ ချက်ချင်းကြမှာပေါ့နော် မကျနိုင်တဲ့ နည်းလမ်းမလုပ်ပေးနိုင်ဘူးသူ့အနေနဲ့ ဘာမှ ဖော်ဆောင်မှုမလုပ်ပေးနိုင်ဘူးဆိုရင် အချိန်တခုယူရမှာပေါ့နော် ဒါပေမယ့် တခုပြောနိုင်တာကလောလောဆယ် ဘယ်တော့ ဒေါ်လာပြန်အေးမလဲဆိုရင်တော့ ကျတော်တို့မြင်တာကဒီ ၁၂ လပိုင်းကုန် တလပိုင်းအတွင်းမှာဒေါ်လာစျေးပြန်အေးသွားမှာပါ။" လို့ သူ့အမြင်ကို ခန့်မှန်း ပြောဆိုထားပါတယ်။

အခုနှစ်ကုန် ၂၀၁၇ နှစ်ဆန်းပိုင်းမှာငွေစျေးနှုန်းပြန်လည်တည်ငြိမ်လာဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေကမျှော်လင့်နေကြတာပါ။ အမေရိကန်သမ္မတ အပြောင်းလဲကြောင့် အမေရိကန်ဒေါ်လာစျေးမာလာတဲ့ သဘောမျိုးရှိနေပြီး မြန်မာနိုင်ငံက ပြည်တွင်းထုတ်ကုန် ထုတ်လုပ်နိုင်ခြင်းမရှိတာကလည်း ဒေါ်လာစျေးမြင့်တက်မှု တခုအပါဝင်လည်း ဖြစ်နေတာပါ။ အစိုးရက ဒါကိုဘယ်လိုထိန်းချုပ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly