အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ရတနာပုံအသင်း ထိုင်းကလပ်နှင့်တွေ့ဆုံ

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ရတနာပုံအသင်း ထိုင်းကလပ်နှင့်တွေ့ဆုံ
၂၀၁၇ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ပြိုင်ခွင့်ရထားသည့် ရတနာပုံအက်ဖ်စီ။ (ဓာတ်ပုံ- ရတနာပုံအက်ဖ်စီ)

ဒီဇင်ဘာ ၁၀၊ ရန်ကုန်။              ။ ၂၀၁၇ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲပထမအဆင့်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းမှာ ထိုင်းပရီးမီးယားလိဂ်ကလပ် ဆူခိုထိုင်းအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရတနာပုံအသင်းမှာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဖြစ်ခဲ့သည့်အတွက် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းနှင့်ရင်ဆိုင်ရမည့် ဆူခိုထိုင်းအသင်းမှာ ၂၀၁၆ဘောလုံးရာသီက ထိုင်းပရီးမီးယားလိဂ်အဆင့် ၈ နေရာတွင်ရပ်တည်ခဲ့ပြီး အသင်းတွင် ပြည်ပကစားသမားများအဖြစ် ဂျပန်၊ ကာဇက်စတန်၊ မာဒါစကာ၊ မွန်တီနီဂရိုးကစားသမားများ ပါဝင် ကစားနေသည်။

ရတနာပုံအသင်းနှင့် ဆူခိုထိုင်းအသင်းတို့ပွဲကို ဇန်နဝါရီ ၃၁ ရက်တွင် ထိုင်းနိုင်ငံ၌ ကစားရမည်ဖြစ်ပြီး ရတနာပုံအသင်းအနေဖြင့် ယင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ဒုတိယအဆင့်တွင်  ပေါ်တူဂီလူမျိုး နည်းပြ ဘိုအာ့စ်ကိုင်တွယ်နေသော တရုတ်စူပါလိဂ်ကလပ် Shanghai SIPG အသင်းနှင့်ကစားရမည်ဖြစ်သည်။ ရတနာပုံအသင်းမှာ ၂၀၁၄ ဘောလုံးရာသီကလည်း အာရှချန်ပီယံလိဂ် ခြေစစ်ပွဲဝင် ကစားခွင့်ရခဲ့ပြီး စင်ကာပူကလပ် တန်ပိုင်းရိုဗာအသင်းနှင့် ရင်ဆိုင်ခဲ့ရကာ ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးပြီး AFC Cup ပြိုင်ပွဲသို့သာ ဝင်ပြိုင်ခွင့်ရခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly