ရခိုင်အရေး၊ တိုင်းရင်းသားလက်နက်ကိုင်အရေးများအပေါ် အလေးအနက်ထားရန် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းကြောင်း မစ္စတာ ဗီဂျေနမ်ဘီးယား ထုတ်ပြန်

ရခိုင်အရေး၊ တိုင်းရင်းသားလက်နက်ကိုင်အရေးများအပေါ် အလေးအနက်ထားရန် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းကြောင်း မစ္စတာ ဗီဂျေနမ်ဘီးယား ထုတ်ပြန်
Photo-efe_epa

 ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား၏ မြန်မာ့အရေးနှင့်ပတ်သက်၍ ရေးသားထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်စာတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂဘက်မှ စိုးရိမ်ပူပန်မှုများဆက်ရှိနေပြီး၊ ယင်းအခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းကြည်မှ အလေးအနက်ထားရန် တိုက်တွန်းချက်များ ပါ၀င်ပြီး တိုင်းရင်းသားလက်နက်ကိုင်ကိစ္စများပါ ပါ၀င်သည်။

လက်ရှိအခြေအနေများကို ထိန်းသိမ်းကိုင်တွယ်ရာတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရားဥပဒေနှင့်အညီဆောင်ရွက်ရေး၊ နိုင်ငံတကာစည်းမျဉ်းစံနှုန်းများ လိုက်နာရေးနှင့် အရပ်သားများ ပျက်စီးဆုံးရှုံးများအတွက် အထူးဂရုစိုက်ရန် ကုလသမဂဖက်မှ တိုက်တွန်းထားပြီး ပဋိပက္ခဖြစ်ပွားရာဒေသများထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများဝင်ရောက်ထောက်ပံ့ခွင့်ပြုရန် လိုအပ်သည် ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်ပတ်သက်ပြီး “ယင်း၏ ဖွဲ့စည်းတည်ထောင်ပုံနှင့် လုပ်ပိုင်ခွင့်အာဏာတို့နှင့်စပ်လျင်း၍ မေးခွန်းအချို့ထွက်ပေါ်နေခဲ့သော်လည်း ” ဟု ဖော်ပြပါရှိသလို  ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ဒေသခံနှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်နိုင်ရန်၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကိုပါ ရရှိနိုင်ရန်အတွက် ကော်မရှင်အနေဖြင့် ယုံကြည်စိတ်ချရပြီးလွတ်လပ်သည့် ပြုမှုဆောင်ရွက်ပုံမျိုးဖြင့်သာ လုပ်ဆောင်သွားမည်ဟု ကျွန်တော့အနေဖြင့် ယုံကြည်ထားသည် ဟု ပါရှိသည်။။

ပြီးခဲ့သည့် ရက်ပိုင်းကမှ ရခိုင်ပြည်နယ်သို့ သွားရောက်ထားခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ လက်ရှိအခြေအနေအပေါ် အကဲဖြတ်သုံးသပ်မှုအပေါ်တွင် သဘောတူ လက်ခံကြောင်း၊ “ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် မီဒီယာများကို ဒေသအတွင်း ၀င်ရောက်ခွင့်ရှိရေးနှင့် တင်းမာမှုများ လျော့ကျစေရေး အားထုတ်ကြိုးပမ်းရန်နှင့် ဒေသခံလူထုအကြား ညီညီညွတ်ညွတ်ဖြင့် သဟဇာတရှိရေးတို့အပေါ် ၎င်းဘက်က တောင်းဆိုထားမှုအပေါ်တွင်လည်း သဘောတူလက်ခံကြောင်း ”ပြောကြားလိုသည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များအနေဖြင့်လည်း ဖြစ်စဉ်များကြောင့် မိမိတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးသွားကြရသူများကိုလည်း ၎င်းတို့၏မူလနေအိမ်များထံသို့ ပြန်လာနိုင်ရန်လုပ်ဆောင်ပေးရမည်ဖြစ်သည် ဟု တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း “ယခုအခြေအနေအပေါ်တွင်လည်း အလေးအနက်ထား စဉ်းစားပေးရေးအား ကျွန်တော့အနေဖြင့် တိုက်တွန်းလိုသည်။ အရေးကြီးကိစ္စများစွာကို သူမ စွမ်းဆောင်ထားနိုင်သကဲ့သို့ မြန်မာပြည်သူထု၏ ရင်တွင်းသံများကို နားထောင်ပြီး တိုကု်ရိုက်ပြောဆိုပေးရန်လည်း တောင်းဆိုလိုသည် ” ဟု မစ္စတာနဗ်မီးယား ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့သို့ သွားရောက်ကာ ယင်းမြို့များရှိ အရပ်ဘက်ပြည်သူများအားလုံခြံုစိတ်ချရမှုရှိစေရေး အာမခံချက်ပေးရန် တောင်းဆိုလိုသည် ဟုလည်း ပါ၀င်သည်။

တိုင်းရင်းသားလက်နက်ကိုင်အရေးကို “ လက်ရှိအနေအထားအရ မြန်မာနိုင်ငံ၏ အခြားသောဒေသများကို ကြည့်ရာတွင်လည်း အထူးသဖြင့် ရှမ်းနှင့်ကချင်ပြည်နယ်တို့၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ခိုက်မှုများဖြစ်ပေါ်ထားခဲ့ပြီး တင်းမာမှုများတိုးမြင့်လာနေသည့်အပေါ် ကျွန်တော့်အနေဖြင့် များစွာထိခိုက်စိတ်ပျက်မိသည်” ဟု ဖော်ပြထားပြီး  ယခုအခြေအနေများတွင် ပါ၀င်ပတ်သက်သူအားလုံးအနေဖြင့် အခြေအနေများကို လျှော့ချထိန်းချုပ်နိုင်ရန်၊  စောလျင်စွာစေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ပြန်သွားရေး” ကို တိုက်တွန်းထားသည်။

အစိုးရနှင့် တပ်မတော်တို့အနေဖြင့်လည်း လူနည်းစုအုပ်စုများအပေါ် လေးစားမှုနှင့်စာနာမှုတို့ကို ပြသရမည်ဖြစ်ကြောင်း နှင့် ယင်းလုပ်ငန်းစဉ်တွင် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးရန် ကုလသမဂ္ဂဘက်ကလည်း အသင့်ရှိနေမည်ဖြစ်သည် ဟု မစ္စတာနမ်ဗီးယား၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly