ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား သုံးသပ်ခြင်း(နိဂုံးပိုင်း)

08 December 2016
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား သုံးသပ်ခြင်း(နိဂုံးပိုင်း)

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲတော့ ကျွန်တော် ခုနကပြောသလိုပဲ ပြဿနာတစ်ခုကို ချဉ်းကပ်လို့ရှိရင် ကျွန်တော်တို့က နှစ်ဖက်ကြည့်ရတာပေါ့နော်။ သူ့ဘက်မှာလည်း အခက်အခဲရှိမယ်။ ကိုယ့်ဘက်မှာလည်း အခက်အခဲရှိမယ်ဆိုတဲ့အခါကျတော့လေ။ နောက်ထပ်တစ်ယောက်ကို ကျွန်တော် ဖိတ်ခေါ်ချင်ပါတယ်။ ကိုတင်ထွဋ်လင်း။ NLD လူငယ်ခေါင်းဆောင်ဖြစ်ပါတယ်။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ကိုတင်ထဋ်လင်း (ပရိသတ်)

ကျွန်တော်ပြောချင်တာကတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရင် နေရာဒေသတိုင်းမှာ ပြဿနာတွေရှိကြတယ်။ ကျွန်တော်တို့က ပြည်သူဘက်က ခံစားပြီးတော့ လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းတွေက အကုန်မှန်တယ်။ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ည့ံဖျင်းတာလည်း မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ခုနက အကိုလည်း မေးသွားတယ်။ သူတို့ဘက်က ပြန်စဉ်းစားကြည့်ရင်ရော ဘာတွေများရှိမလဲဆိုတဲ့အဖြေမျိုးပေါ့ ကျွန်တော် ခုနက နားထောင်ကြည့်သလောက်တော့ အဲဒီအဖြေမျိုး မထွက်ဘူးပေါ့။ တစ်ဘက်က ပြန်ပြီးတော့ အစိုးရဘက်ကလည်း ပြန်စဉ်းစားဖို့လည်းလိုတယ်။ ဒီဘက်ခြမ်းမှာတော့ ပြည်သူတွေခံစားနေရတာ မှန်တယ်။ ဒုက္ခရောက်နေတာမှန်တယ်။ ဒါတွေကို မဖြေရှင်းနိုင်တာ မှန်တယ်။ သူတို့ဘက်ကရော ဘယ်လိုမျိုး ပြန်ပြီးတော့ ဖြေရှင်းဖို့ဆိုတဲ့ဟာမျိုးကို တက်ရောက်လာတဲ့လူတွေက ခုနက အကိုလည်း မေးခဲ့ပါတယ်။ အဲဒီဆွေးနွေးချက်လေးကတော့ မထွက်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

အဲတော့ ကျွန်တော်တို့ အဲဒီအဖြေကို ဘယ်လိုထုတ်ကြမလဲ။

ကိုတင်ထဋ်လင်း (ပရိသတ်)

ကျွန်တော်ပြောချင်တာက အဖြေထုတ်ဖို့ကို ပြောတာမဟုတ်ပါဘူး။ တက်ရောက်လာတဲ့သူတွေက အဆိုးဘက်ကနေ ဆွေးနွေးသလို အကောင်းဘက်ကလည်း ဆွေးနွေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကတော့ နှစ်ဖက်ပေါ့။ ကျွန်တော်တို့ကလည်း တစ်ဖက်တည်းမမြင်ပဲနဲ့ နှစ်ဘက်ကြည့်ပြီးတော့ ဟိုဘက်ကကောင်းတာလေးလည်းကြည့်မယ် ဒီဘက်က ဆိုးတာလည်း ရှိမယ်ပေါ့။ အဲဒီနှစ်ခုကို ချိန်ပြီးတော့ တွေးတက်ဖို့ ပြောတာပါ။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

အဲတော့ Valance ရှိဖို့ ပြောတာပေါ့နော်။ ကျွန်တော်တို့က ထပ်ပြီးတော့မှ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးဖို့အတွက် အစိုးရ အရာရှိကြီးတွေကိုလညး် ကျွန်တော်တို့ ဖိတ်ကြားထားပါတယ်။ ဒါပေမယ့် သူတို့ကလည်း မအားလပ်ဘူးဆိုတော့ ကျွန်တော်ထင်ပါတယ်။ ဒီမှာ တက်လာတဲ့သူတွေအားလုံးပဲ မျှော်လင့်ချက် အများကြီး ထားခဲ့ကြရတာပါ။ ကျွန်တော်တို့ မျှော်မှန်းသလောက် မဖြစ်လာတဲ့အခါမှာ အားမလိုအားမရနဲ့ တချို့စကားလုံးတွေက နည်းနည်း ရင့်သီးရင်ရင့်သီးမယ်။ ဒါမှမဟုတ်ရင်လညး် မာထန်ရင်မာထန်မယ်ပေါ့လေ။ ဒါကိုလည်း ကျွန်တော် တောင်းပန်ပါတယ်။ အဲတော့ နောက်ထပ် ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

ဦးအောင်မျိုးခိုင် (ပရိသတ်)

ကျွန်တော်က ဦးအောင်မျိုးခိုင်ပါ။ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီရဲ့ ဗဟို အဖွဲ့ဝင်ကော်မတီ ဥက္ကဋ္ဌပါ။ ဧရာဝတီတိုင်းမှာ တစ်ခုတည်းသော ဗဟိုနိုင်ငံရေးပါတီတစ်ခုပါ။ အဲတော့ စောစောက ဆွေးနွေးသွားတာလေးကို ကျွန်တော်က ဖြည့်စွက်ပြောချင်တာပါ။

ကျွန်တော်တို့ အစိုးရဘက်မှာရှိနေတဲ့ အခက်အခဲတွေပေါ်မှာရော စာနာမှုနဲ့ သူတို့ရဲ့အခက်အခဲတွေကို ပါဝင်ကူညီသင့်တယ်ဆိုတဲ့အပိုင်းဟာ ကျွန်တော်တို့နိုင်ငံရေးပါတီတွေရော စောစောကပြောသွားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေမှာရော ရှိလည်းရှိုလို့ ကျွန်တော်တို့ ဂရုဏာစိတ်လေးနဲ့ ကျွန်တော်တို့ ပါဝင်ဆွေးနွေးတာပါ။ ဒါပေမယ့် အဲဒီဟာကို ကျွန်တော်တို့ လက်ရှိ ပြည်ထောင်စုအစိုးရ တိုင်းဒေသကြီးအစိုးရ တိုင်းဒေသကြီး အာဏာရပါတီအနေနဲ့ တံခါးဖွင့်ပေးဖို့ လိုတာပါ။ ကျွန်တော်တို့ ပါဝင်ကူညီဆောင်ရွက်ဖို့အတွက် နိုင်ငံရေးပါတီနဲ့ CSO များဘက်က ဆန္ဒရှိ အသိရှိပေမယ့် အစိုးရက ဒီတံခါးကို မဖွင့်ပေးရင်တော့ မိမိရဲ့အားနည်းချက်ကို မိမိကိုယ်တိုင် ပြင်ဆင်ပြီးတော့ တိုင်းပြည်နဲ့ ပြည်သူအတွက် ပေးဆပ်နိုင်စွမ်းက ကျဆင်းနေတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ အဲတော့ အဲဒီတံခါးဟာ လက်ရှိ အာဏာရပါတီနဲ့ လက်ရှိ ပြည်ထောင်စုအဆင့် တိုင်းအဆင့်က ဖွင့်ဖို့လိုပါတယ်။ ဒီတံခါးက သူတို့ပိတ်ထားတာပါ။

ဥပမာအားဖြင့် ကျွန်တော် သက်သေတစ်ခုအနေနဲ့ တင်ပြရရင် ကျွန်တော်တို့က ဧရာဝတီတိုင်းမှာ တစ်ခုတည်းသော ဗဟိုဌာနချုပ် ပါတီဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး ဖွဲ့စည်းပြီး နောက်တစ်နေ့မှာပဲ ကျွန်တော်တို့ တရားဝင်စာ ပေးပို့ခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရရဲ့ ပြည်သူပေါ်မှာ အကျိုးပြုတဲ့လုပ်ငန်းတွေ ကျွန်တော်တို့က လယ်သမား အလုပ်သမားပါတီ ဖြစ်တဲ့အတွက် လယ်သမား အလုပ်သမားတွေရဲ့ အကျိုးစီးပွားအတွက်ကို ပူးပေါင်း ကူညီဆောင်ရွက်ပေးဖို့အတွက် ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးလိုပါတယ်ဆိုတဲ့ စာတစ်စောင် ကျွန်တော်တို့ ပေးပို့ခဲ့တာရှိပါတယ်။ ဖုန်းအားဖြင့် လူအားဖြင့်လည်း ကျွန်တော်တို့ ဆက်သွယ်အကြောင်းကြားခဲ့တာ ရှိပါတယ်။ သို့သော် စောစောကတင်ပြခဲ့သလိုပဲ မရေရာသော အကြောင်းပြချက်မျိုးစုံနဲ့ ကျွန်တော်တို့ ၃ ကြိမ်လောက် ကမ်းလှမ်းခဲ့ပေမယ့် ပြန်ကြားမှု တွေ့ဆုံမှု မရှိခဲ့ပါဘူး။ ဒါဟာ သူတို့ဘက်က ဒီတံခါးကို ဆန္ဒရှိစွာနဲ့ ပိတ်ထားခဲ့တယ်လို့ ကျွန်တော်အနေနဲ့ ကိုယ့်ပါတီရဲ့ အတွေ့အကြံုကို တင်ပြတာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ လက်ရှိ ကြံုတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြရမယ်ဆိုရင် ကျွန်တော်တို့ တိုင်းဒေသကြီး အားနည်းချက်ဟာ တိုင်းဒေသကြီးမှာပဲ တာဝန်ရှိသလား ဒီလိုချည်းပဲ ကျွန်တော်တို့ ဆွေးနွေးလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့အထက်မှာ ပြည်ထောင်စုအစိုးရဆိုတာ ရှိပါတယ်။ ဗဟိုထိန်းချုပ်မှုက ပြီးခဲ့တဲ့လက်ထက်ကထက် လွန်ကဲလာတဲ့သဘော ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရရဲ့ ပုံမှန်စွမ်းဆောင်ရည် မပြည့်မှီတာရဲ့ အပေါ်မှာလည်း ဗဟိုက စိုးရိမ်မှုရှိလို့လည်း ထိန်းချုပ်မှု နည်းတာလား ထိန်းချုပ်မှုကြောင့်ပဲ တိုင်းဒေသကြီးအစိုးရဟာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းတာလား၊ ဒါဟာ ကျွန်တော်တို့ အပြန်အလှန် အမှီသဟဲပြုနေတဲ့ အနေအထားမျိုးမှာလည်း ရှိပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော် ပြန်ပြီးတော့ ခြံုပြောရရင် အစိုးရအဖွဲ့ဝင်တွေလည်း ဒီဆွေးနွေးပွဲကို မတက်တဲ့အခါကျတော့ ကျွန်တော်တို့က ဆွေးနွေးတာ တစ်ဖက်သတ်ဆန်နေတယ်ပေါ့နော်။ ဒါပေမယ့်လည်း ကျွန်တော် ပြန်ပြီးတော့ ပြောရရင် ကျွန်တော်တို့က အစိုးရတစ်ရပ်ပေါ့နော် အဲဒါကို မိသားစုတစ်စုပဲ ထားပါတော့။ နိုင်ငံတစ်နိုင်ငံ မိသားစုတစ်စုပေါ့ မိသားစုတစ်စုမှာတော့ လေးငါးယောက် ရှိနေတယ်ဆိုလို့ရှိရင်တောင် သူတစ်လူ ငါတစ်မင်းဖြစ်နေတယ်။ ဒါမှမဟုတ်ရင် မညီမညွတ် ဖြစ်နေတဲ့ဟာပေါ့။ ပြဿနာတွေကို ဖြေရှင်းတဲ့အခါတောင်မှ မိသားစုတစ်စုမှာ ဒီပြဿနာတွေ ဖြေရှင်းဖို့ အခက်အခဲရှိနိုင်တယ်။ နိုင်ငံအတွက်ဆိုရင်တော့ ပိုပြီးတော့မှ ဆိုးဝါးတဲ့အခြေအနေ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ ဒါက ဒီဆွေးနွေးပွဲရလဒ်ရဲ့အဖြေကို ကျွန်တော် ပြောတာပါ။

အောင်မျိုးခန့် (ပရိသတ်)

ကျွန်တော် ဆရာတို့ဆွေးနွေးသွားတာလေးကို အကြံပြုချင်တာပါ။ အခု ချလိုက်တဲ့ အစိုးရရဲ့ ပေါ်လစီတွေက ကောင်းပါတယ်။ အဖွဲ့အစည်းတွေပါတယ်။ CSO တွေပါတယ်။ ပြည်သူတွေပါတယ်။ နောက်ပြီးတော့ ကျွမ်းကျင်အဖွဲ့အစည်းတွေပါတယ်။ ဒါပေမယ့် Management ပိုင်းက အားနည်းနေတယ်။ ခုနက ဆရာဝေယံအောင်ပြောသလိုပဲ ကျွန်တော်တို့ မော်တီပီကယ်ကိစ္စတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လုပ်လိုက်တဲ့အတွက် ဆိုင်ကယ်တွေ လိုင်စင်တွေပေါ့။ အခုက ကျွန်တော်တို့မြို့နယ်မှာဆိုရင် ယာဉ်မောင်းလိုင်စင်ကို ၂၅၀၀၀ ပေးရပါတယ်။ ၁၅၀၀၀၀ တန်ဆိုင်ကယ်ကို သွားလုပ်တာ ၃၀၀၀၀၀ ကျပါတယ်။ အဲလိုမျိုး စီမံခန့်ခွဲမှု ည့ံတာတွေရှိပါတယ်။ အဲဒါတွေကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ပေးနိုင်မယ်ဆိုရင် ကောင်းသွားမယ်လို့ ထင်ပါတယ်။

ပရိသတ်တစ်ဦး

ရက် ၁၀၀ နဲ့ပတ်သက်ပြီးတော့ ကျွန်တော်အမြင်ကတော့ ပြည်သူအားလုံးမျှော်လင့်တဲ့ အစိုးရဖြစ်လာပြီ။ အစတုန်းကတော့ ရက်သား၊ လသားကနေပြီးတော့ ရက် ၁၀၀ ပေါ့။ ရက် ၁၀၀ ဆိုပြီးတော့ ခေါင်းစဉ်ပြလုပ်သွားပြီးတော့ မြင်သာထင်သာတာဆိုလို့ ဌာနအလိုက် ကဏ္ဍအလိုက် ခွဲပြီးလုပ်သွားတယ်။ ဒါပေမယ့် ဒါက For Show ပုံစံဆန်တယ်ပေါ့။ ဆောက်လုပ်ရေးဆိုရင်လည်း လမ်းတံသားတွေပဲ သိးသန့်လုပ်သွားတယ် ကျန်တာတွေကို လှည့်မကြည့်ဘူး။ အခု ရဲတပ်ဖွဲ့ ရဲ့လုပ်ငန်းစဉ်ဆိုရင်လည်း မှုခင်းပညာပေးတွေပြောတယ်။ ဒါဆို ဒါကြီးပဲလုပ်သွားတယ်။ မြို့နယ်အလိုက် ကျေးရွာအုပ်စုအလိုက် လိုက်လုပ်သွားတယ်။ တစ်ဖက်က မှုခင်းတွေက တိုးလာတယ်။ တရားဥပဒေစိုးမိုးမှုအပိုင်းမှာကျတော့ ပိုပြီးတော့ စိုးမိုးမှုအားနည်းတာပေ့ါ။ အခုအဆိုးဆုံးက တရားစီရင်ရေးမှာ အဲဒီတစ်ခုကို မကိုင်နိုင်ဘူးဖြစ်နေတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဆရာဦးဝေယံအောင်အနေနဲ့ နည်းနည်း အချုပ်ကလေး ဆွေးနွေးပေးပါဦးခင်ဗျ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ခုနက ဆရာပြောသွားတဲ့စကား တစ်ဖက်သတ််ဖြစ်နေတယ်ဆိုတဲ့စကားက မဟုတ်ပါဘူး ကျွန်တော်တို့က တစ်ဖက်တည်းပါ။ ကျွန်တော်တို့က အိမ်မှာ လုပ်နည်းလုပ်ဟန်မှားနေတဲ့ မိဘကို ပြောနေတာပေ့ါ။ ကျွန်တော်တို့ညီအစ်ကိုတွေကို ကျွန်တော်တို့ ပြောနေတာ။ ပြည်သူထောက်ခံမှု တစ်ခဲနက် ရပြီးသွားပါပြီ။ ပြည်သူလိုလားတဲ့အစိုးရ ရပြီးသွားပါပြီ။ အဲဒီအစိုးရ အမှားအယွင်းဖြစ်သွားရင် တစ်ဖက်က တိုက်ခိုက်လာမယ့်အစား ကျွန်တော်တို့က မိသားစုစိတ်ဓာတ်နဲ့ ကျွန်တော်တို့က ဝေဖန်နေတာပါ။ အဲဒီအတွက် ကျွန်တော်တို့ကို တစ်မျိုးမြင်တာတွေလည်း လျော့သင့်ပါတယ်။ ကျွန်တော်တို့က တစ်ဖက်တည်းပါပဲ။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆိုလိုတာကတော့ ဟိုဘက်ဒီဘက် ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမှာ လာရောက်ဆွေးနွေးကြတယ် ဆွေးနွေးကြတဲ့အခါမှာ ကိုယ့်ရဲ့အခက်အခဲကို တင်ပြတဲ့အခါမှာ တိုင်းအစိုးရဘက်ကလည်း သူ့မှာ အခက်အခဲ ရှိကောင်းရှိနိုင်တယ်ဆိုတဲ့ ဟာမျိုးကို ကျွန်တော် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီဆွေးနွေးပွဲလေးကို ဒီမှာပဲ အဆုံးသတ်ပါရစေ။ အားလုံး ကျေးဇူးတင်ပါတယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် ။ http://www.mizzimaburmese.com/article/20941
အပိုင်း ( ၂ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/20983
အပိုင်း ( ၃ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် ။ http://www.mizzimaburmese.com/article/21023

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly