မြန်မာက အလုပ်သမားစေလွှတ်မှု ပိတ်သော်လည်း ထိခိုက်မည် မဟုတ်ဟု မလေးရှားပြော

မြန်မာက အလုပ်သမားစေလွှတ်မှု ပိတ်သော်လည်း ထိခိုက်မည် မဟုတ်ဟု မလေးရှားပြော

မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်မှုကို ရပ်ပစ်သည့် မည်သည့်ဆုံးဖြတ်ချက်မဆိုအတွက် နိုင်ငံတွင်း လစ်လပ်နေရာများကို ပြည်တွင်းမလေးရှားအလုပ်သမားများက ဝင်ရောက်   ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံအတွက် ဆိုးဆိုးဝါးဝါးထိခိုက်လိမ့်မည် မဟုတ်ကြောင်း မလေးရှား လက်ထောက်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဖြစ်သူ ဒါတက်ဆီရီအစ္စမေးလ် အဗ္ဗဒူမူတာလစ်က   ပြောသည်။

မလေးရှားနိုင်ငံ၏ လုပ်သားလိုအပ်ချက်ကို မြန်မာအပြင် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့အပါအဝင် အခြားနိုင်ငံပေါင်း ၁၄ နိုင်ငံက အလုပ်သမားများကိုလည်း ခေါ်ယူသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါအပြင် ပြည်တွင်းအလုပ်သမားတွေကို လစ်လပ်သွားတဲ့ နေရာတွေမှာ ဝင်ရောက်ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ် ”ဟု အစ္စမေးလ်အဗ္ဗဒူမူတာလစ်က ပြောသည်။

“ဒီအတွက် ပြည်တွင်းအလုပ်သမားတွေကို စုဆောင်းခန့်အပ်သွားဖို့ ကျွန်တော်တို့ အစီအစဉ်တွေဆွဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ် ”ဟု ဒီဇင်ဘာ ရ ရက်က ပြုလုပ်သည့် ၂၀၁၆ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုရန်ပုံငွေညီလာခံနှင့် ပြပွဲ ပိတ်သိမ်းသည့် အခမ်းအနားတွင် သတင်းထောက်များအား အဗ္ဗဒူမူတာလစ်က ပြောခဲ့သည်။

မြန်မာနိုင်ငံ အလုပ်သမားညွန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၆ ရက်နေ့၌ မလေးရှားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ခြင်းကို ခေတ္တရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်၌ လတ်တလောဖြစ်ပွားနေသည့် အခြေအနေများကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းများကို ခေတ္တရပ်ဆိုင်းရန် အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများသို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ခွင့်ပြုသည့် အလုပ်ကမ်းလှမ်းမှုများဖြင့် အလုပ်သမားစေလွှတ်လိုပါက အေဂျင်စီက တာဝန်ယူရမည်ဟု ဖော်ပြထားသည်။

အကယ်၍ စေလွှတ်သော အလုပ်သမားက မလေးရှားနိုင်ငံတွင် တစ်စုံတစ်ရာဖြစ်ပွားပါက အေဂျင်စီက ကိုယ်တိုင်ကျခံကာ ချက်ချင်းသွားရောက်ခေါ်ယူရမည်ဖြစ်ကြောင်း၊ ပျက်ကွက်ပါက လိုင်စင်ရုပ်သိမ်းသည့် အထိ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားသော အခြေအနေများနှင့်ပတ်သက်ကာ ဆန္ဒပြမှုများကို ဝန်ကြီးချုပ် နာဂျစ်ကိုယ်တိုင် ဦးဆောင်လျက် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်က အာဆီယံ၏ ဝင်ရောက်မစွက်ဖက်ရေးမူဘောင်ကို ချိုးဖောက်ရာရောက်ပြီး စိတ်ပျက်စရာလည်းဖြစ်ကြောင်း မြန်မာနိုင်ငံဖက်က တုံ့ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags