၀ယ်လိုအားကောင်းမွန်လာလျက်ရှိသော မြန်မာပါ၀င်သည့် CLMV နိုင်ငံများထံသို့ ထိုင်း၏ ပို့ကုန်တင်ပို့မှု မြင့်တက်လာနေ

၀ယ်လိုအားကောင်းမွန်လာလျက်ရှိသော မြန်မာပါ၀င်သည့် CLMV နိုင်ငံများထံသို့ ထိုင်း၏ ပို့ကုန်တင်ပို့မှု မြင့်တက်လာနေ

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ပါ၀င်သည့် CLMV နိုင်ငံတွေဆီသို့  ထိုင်းနိုင်ငံဆီမှ ပို့ကုန်တင်ပို့မှု ဆက်လက် မြင့်တက်နေလျက်ရှိကြောင်းနှင့် အထက်ပါနိုင်ငံလေးနိုင်ငံတွင် ၀ယ်လိုအားကောင်းမွန်လာနေလျက်ရှိပြီး တိုးတက်မှုများဆက်လက်ဖြစ်ပေါ်နေကြောင်း ထိုင်းနိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ စီးပွားရေးရာဌာန OIE  က ထုတ်ပြန်သွားသည်။

 ယခုနှစ်၏ ပထမကိုးလတာအတွင်း အထက်ပါ CLMV နိုင်ငံလေးနိုင်ငံဆီသို့ ပို့ကုန်တင်ပို့မှုပိုင်းတွင်  ၄ ဒသမ ၄၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၁ ဒသမ ရ ဘီလီယံထိ ရောက်ရှိတင်ပို့နိုင်ခဲ့ကြောင်း  OIE ၏ စက်မှုစီးပွားဆိုင်ရာ သုတေသနဌာနဒါရိုက်တာ Ittichai Yotsi က ပြောဆိုသွားသည်။

" CLMV အုပ်စုဝင်နိုင်ငံတွေက ခုချိန်မှာ ၀ယ်လိုအားပိုင်းမှာ တိုးတက်လာနေသလို သူတို့တွေဆီက စားသုံးသူဖောက်သည်တွေအကြားမှာလည်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေက နာမည်ကျော်လူသိများလာလျက်ရှိပါတယ်၊ ဒါကြောင့်မို့ ဒီအုပ်စုဆီကို ပို့ကုန်တင်ပို့မှုပိုင်းမှာ တိုးတက်များပြားလာနေတာဖြစ်ပါတယ်" လိုု့ဆိုပြီး ၎င်းက ပြောကြားသွားသည်။

 လက်ရှိအချိန်တွင် အဆိုပါ CLMV နိုင်ငံများထံသို့ ထိုင်းနိုင်ငံထံမှ ပို့ကုန်တင်ပို့မှုပမာဏမှာ အာဆီယံဒေသတစ်ခုလုံးဆီသို့ စုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းဝန်းကျင် ရှိနေသကဲ့သို့ ယင်းနိုင်ငံ၏ တစ်နှစ်တာ စုစုပေါင်း ပို့ကုန်အားလုံး၏ ၂၃ ရာခိုင်နှုန်းထိ ရှိနေခြင်းလည်း ဖြစ်သည်။

 လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအနေဖြင့် အခြားသော အဓိကကုန်သွယ်ဘက်နိုင်ငံများဖြစ်သည့် ဥရောပဒေသမှ နိုင်ငံများ၊ အမေရိကန်နှင့် ဂျပန်တို့ကဲ့သို့ ုနိုင်ငံများထံသို့  ပို့ကုန်တင်ပို့မှုပိုင်းတွင် ကျဆင်းနေမှုများ ရှိနေသည့် အချိန်မှာပင် ယခုကဲ့သို့ CLMV နိုင်ငံများထံသို့ ပို့ကုန်တင်ပို့မှုပိုင်းတွင် တိုးမြင့်နေခြင်းက ထေကာမိစေလျက်ရှိသည်ဟုလည်း Ittichai က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly