M ဇော်ရိန်ရဲ့ တစ်ကိုယ်တော် တေးစီးရီးကို မိတ်ဆက်

M ဇော်ရိန်ရဲ့ တစ်ကိုယ်တော် တေးစီးရီးကို မိတ်ဆက်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။              ။ Myanmar Idol ရဲ့ ပြိုင်ပွဲဝင်အဖြစ်မှ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ M ဇော်ရိန်က သူရဲ့တစ်ကိုယ်တော် တေးစီးရီးမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့က Orchid Hotel မှာပြုလုပ်ခဲ့ပါတယ်။

အောင်မြင်ပြီးသား အဆိုတော်တွေ သီချင်းတွေနဲ့ ပြိုင်ပွဲဝင်ပြီးအောင်မြင်လာတဲ့ တေးသံရှင်တစ်ယောက် အနေနဲ့ အခုလို ကိုယ်ပိုင်တေးသီချင်းတွေ ထွက်ရှိလာခဲ့တဲ့အပေါ်   ကျေနပ်ပီတိဖြစ်ကြောင်း   ပြောပါတယ်။

Mဇော်ရိန် က " သူများသီချင်းတွေဆိုပြီးအောင်မြင်တာနဲ့ ကိုယ်ပိုင်သီချင်းတွေဆိုပြီးအောင်မြင်တာ မတူပါဘူး။ ကိုယ်ပိုင် သီချင်းတွေက တာဝန်ပိုကြီးတယ်ဆိုပေမယ့် အခုလိုချပြခွင့်ရတာ ပိုပြီးပီတိဖြစ်ရပါတယ်" လို့ ပြောပါတယ်။

ကိုယ်ပိုင်ရေးဖွဲ့ထားတဲ့ တေးသီချင်း ၃ ပုဒ်ပါဝင်ပြီး စုစုပေါင်း သီချင်း ၁၀ ပုဒ်ပါဝင်တဲ့ စိတ် လို့ နာမည်ပေးထားတဲ့ Audio CD ကို ဒီဇင်ဘာ ၁၅ ရက်တွင် The Sun Music က ဖြန့်ချိမှာ ဖြစ်ပါတယ်။

"ကျွန်တော်အခုလို သီချင်းခွေတစ်ခါမှ မလုပ်ဖူးတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ သီချင်းတွေ ရွေးထားတာ တော့ ကြာပီ၊ တကယ်လုပ်ဖြစ်တာက ၉ လပိုင်းကမှပါ။ အခုတောင် ရ ရက်နေ့ ထွက်မယ်လို့ စီစဉ်ထားတာ ၁၅ ရက်နေ့ မှ ပဲ ထွက်နိုင်မှာပါ" လို့ ထပ်မံပြောပါတယ်။

အဆိုပါ Audio CD ထဲမှာ featuring အနေနဲ့ ချမ်းချမ်းနဲ့ ပိုင်သက် တို့မှ ကူညီသီဆိုပေးထားပြီး တေးရေးများအဖြစ် သြနေသိန်း၊ ကေးကေး၊ စောထက်နိုင်စိုး၊ Jazzy၊ ပိုင်သက်နဲ့ M ဇော်ရိန်တို့က ရေးသားထားတာ ဖြစ်ပါတယ်။

လက်တလောမှာ အဆိုတော်စိုင်းခမ်းလိတ်ရဲ့ နာမည်ကြီးတေးသီချင်းများကို ပြန်လည်သီဆိုမယ့် အခွေထဲမှာ သံလွင်ချောင်းခြား နဲ့ ရန်ကုန်မှာသာတဲ့လ သီချင်းနှစ်ပုဒ်ကို ပါဝင်သီဆိုထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly