ထိုင်းနှင့်ပွဲတွင် နောက်ဆုံးမိနစ်အထိ ကြိုးစားရန် ကစားသမားများကို ဦးဇော်ဇော်တိုက်တွန်း

ထိုင်းနှင့်ပွဲတွင် နောက်ဆုံးမိနစ်အထိ ကြိုးစားရန် ကစားသမားများကို ဦးဇော်ဇော်တိုက်တွန်း
မြန်မာကစားသမားများကို နှုတ်ဆက်နေသော ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်။ (ဓာတ်ပုံ - သူရ / မဇ္ဈိမ )

ဒီဇင်ဘာ ၈၊ ရန်ကုန်။              ။ ဒီဇင်ဘာ ၈ ရက် (ယနေ့) ညနေ မြန်မာစံတော်ချိန် ၆ နာရီခွဲတွင်ကစားမည့် ထိုင်းအသင်းနှင့်ပွဲတွင်  နောက်ဆုံးမိနစ်အထိ ကြိုးစားကစားရန် မြန်မာကစားသမားများကို   မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာအသင်းနှင့်ထိုင်းအသင်းတို့မှာ ဆူဇူကီးဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာဇမင်္ဂလာကွင်းတွင်ကစားရမည်ဖြစ်သည်။ ဘောလုံးပွဲတွေမှာ သမိုင်းဆိုတာဘယ်တော့မှ ပျောက်မသွားဘူး။ ပွဲပြီးရင် သမိုင်းတစ်ခုကျန်ခဲ့မှာ။ ဒီနေ့အားလုံးသမိုင်းအတွက် အလုပ်လုပ်ရမယ်။ အားလုံးက ဘောလုံးအသင်းဆိုပေမယ့် တစ်နိုင်ငံလုံးကို ကိုယ်စားပြု ပြီးထိုင်းကို လာကန်တာ။ ဘောလုံးကို အတွေးအခေါ်ရှိရှိ၊ နည်းစနစ်မှန်မှန်နဲ့ နောက်ဆုံးမိနစ်အထိ သေချာကစားပါ။ ဟု ဦးဇော်ဇော်က ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော   မြန်မာကစားသမားများကို ယနေ့နံနက်ပိုင်းက ပြောကြားသည်။

မြန်မာအသင်းနှင့်ထိုင်းအသင်းတို့ပွဲစဉ်အတွက် မြန်မာပရိသတ် ၂၉၀၀ လက်မှတ်ခွဲတမ်းရထားပြီး ထိုင်းနိုင်ငံရောက် မြန်မာများနှင့်  မြန်မာနိုင်ငံသားပရိသတ်များကွင်းအတွင်း လိုက်ပါ အားပေးမည်ဖြစ်သည်။ မြန်မာအသင်းမှာ ဆီမီးဖိုင်နယ်ပထမအကျော့တွင် ၂-၀ဂိုးဖြင့်ရှုံးထားသဖြင့် ယနေ့ပွဲတွင် ၃-၀ဂိုး၊ ၃-၁ဂိုးများဖြင့် အနိုင်ရပါက ဗိုလ်လုပွဲတက်နိုင်မည်ဖြစ်ပြီး ပွဲချိန်အတွင်း ၂-၀ဂိုးဖြင့်ပြန်လည်အနိုင်ရပါက အချိန်ပို ဆက်လက်ကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly