အိမ်တွင်းအကြမ်းဖက်မှုများ၏ နောက်ကွယ်မှ အကြောင်းအရာများ

07 December 2016
အိမ်တွင်းအကြမ်းဖက်မှုများ၏ နောက်ကွယ်မှ အကြောင်းအရာများ
 

အမျိုးသမီးတွေ ရင်ဆိုင်နေကြရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ မူးယစ်ဆေးဝါးတွေကြောင့်ပဲ ဖြစ်နေတာလား စီးပွားရေး အဆင်မပြေတာကြောင့်လား၊ ဘာကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်နေရသလဲ။ ဒါတွေကိုတော့ အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာတယ်ဆိုတဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးအဖွဲ့အစည်းတချို့နဲ့ ဒေသခံအမျိုးသမီးတချို့ အခုလို ထုတ်ဖေါ်ပြောဆိုထားပါတယ်။

စောစံငြိမ်းသူ (ဒုဥက္ကဌ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အကျိုးအကြောင်းမရှိပဲနဲ့ လင်ယောက်ျားတွေက သားမယားအပေါ်မှာ ပြစ်ထားခဲ့တယ်ဆိုလို့ရှိရင် သူ့ရဲ့ နောက်ဆက်တွဲ ဘဝလုံခြံုမှုပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ အဲဒါကြောင့်မို့ ဒါကလည်းပဲ လင်ယောက်ျားက သားမယားအပေါ်မှာ နိုင်ထက်စီးပြီးတော့ အကြမ်းဖက်ရာရောက်ပါတယ်။

ဒေါ်ဝေဝေထွန်း (အထွေထွေအတွင်းရေးမှူး၊ ရခိုင်အမျိုးသမီးများကွန်ရက်)

အများစုက ဘာကြောင့်ဖြစ်သလဲဆိုရင် အရက်သေစာ သောက်စားခြင်းပေါ့။ ယောကျ်ားဖြစ်သူက အရက်သေစာသောက်စားတယ်။ အဲဒီအခါကျ မိန်းမဖြစ်သူကို ရန်ရှာတယ်၊ ကြိမ်းမောင်းတယ်၊ ဆူပူတယ်၊ မလိုလားတဲ့ ပြဿနာတွေ ရှာတယ်ပေါ့နော်။ အဲဒါမျိုးတွေဖြစ်တယ်။ နောက်တစ်ခုကကျတော့ ဖောက်ပြန်တာတို့ပေါ့နော်။ ကိုယ့်အိမ်ထောင်ရှိပါလျက်နဲ့ တခြားမိန်းမတွေနဲ့ လိင်ပိုင်းဆိုင်ရာမှာ ပျော်မွေ့တာတို့ အဲဒါမျိုးတွေ ကြံုတွေ့နေရပါတယ်။

စစ်တွေမြို့ရှိ အိမ်တွင်းအကြမ်းဖက်ခံရသူတစ်ဦး

တစ်ခါတစ်လေတော့ သူ့ကို ပြန်ပြောတာပေါ့။ ရိုင်းချင်လည်းရိုင်းမယ် ကိုယ်လည်း သေချင်သေပေါ့။ တစ်ခါတစ်လေ သူလွန်လာရင်တော့ အမက ပြန်ပြောတယ်။ သူရိုက်ရင်လည်း ပြန်ရိုက်တယ်။ သူ့ကိုတော့ မနိုင်ဘူးပေါ့။ ရန်ဖြစ်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောတယ်။ အခုတော့ သိပ်မရိုက်တော့ဘူး။

စောစံငြိမ်းသူ (ဒုဥက္ကဌ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အဓိကကတော့ ကျွန်မတို့ ရခိုင်ပြည် ဒေသအတွင်းမှာဆိုရင် အိမ်တွင်းအကြမ်းဖက်မှုထဲမှာ နညး်မျိုးစုံ အကြမ်းဖက်မှု ကြံုတွေ့နေရတာတွေ တွေ့ပါတယ်။ အဲဒါတွေက ခြံုပြီးပြောရလို့ရှိရင် စီးပွားရေးအဆင်မပြေမှုတွေအပေါ်မှာ ပိုပြီးတော့မှ အခြေခံပါတယ်။ ဒီအပြင် မူးယစ်ဆေးဝါး သူးစွဲမှုတွေအပေါ်မှာ အခြေခံပြီးတော့လည်း အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုဖြစ်လာတာတွေ ရှိပါတယ်။ တစ်ဖက်မှာလည်းပဲ ထုံးတမ်းအစဉ်အလာကို အခြေခံပြီးတော့ လင်ယောက်ျားက သားမယားအပေါ်မှာ နိုင်ထက်စီးနင်းပြုလို့ရတယ်ဆိုတဲ့ အခြေခံတရားပေါ်မှာလည်း ပိုပြီးတော့မှ မူတည်တာရှိပါတယ်။ ဆိုတော့ အကြောင်းချင်းရာ မျိုးစုံပေါ်မှာ မူတည်ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုတွေက ဖြစ်ပွားနေတယ်လို့ ကျွန်မတို့ ယူဆပါတယ်။

မြောက်ဦးမြို့နယ်ရှိ အိမ်တွင်းအကြမ်းဖက်ခံရသူတစ်ဦး

သူနဲ့ဝေးသွားလည်း အမစိတ်ချမ်းသာပါတယ်။ သားတစ်ယောက်နဲ့ ကျန်ခဲ့တယ်ဆိုလည်း မိဘက လုပ်ကျွေးတယ်ပေါ့နော်။ အဖေကလည်း ဆင်းရဲပါတယ်။ ဝါးယက်သမားလုပ်ပြီးတော့ ရှာကျွေးပါတယ်။ အသက်တွေလည်း ကြီးပါပြီ။ မိသားစုက မောင်လေး ၂ ယောက် ညီမ ၁ ယောက်၊ အမက အကြီးဆုံးပါ။ အဖေရယ် အမေရယ်၊ ကလေးရယ်ဆိုပြီးတော့ မိသားစုက ရ ယောက်ရှိပါတယ်။ အဖေ့လုပ်စာနဲ့ စားနေတာပါ။ အဖေကလည်း အိုနေပါပြီ။ အကြမ်းဖက်မှုတွေကို ဘယ်လိုပြောရမလဲ အမျိုးသမီးတွေဆိုရင် သူတို့ လုပ်သမျှ ခံနေကြရတာပါ။ ဒါကို ဘယ်လိုပြောလို့ ပြောရမှန်းလည်း မသိဘူးလေ။ အကောင်းဆုံးကတော့ လင်နဲ့မယား အေးအေးချမ်းချမ်းနဲ့ ရန်မဖြစ်ရရင် ပြီးတာပဲ။

ဒေါ်ဝေဝေထွန်း (အထွေထွေအတွင်းရေးမှူး၊ ရခိုင်အမျိုးသမီးများကွန်ရက်)

ဒီဘက်မှာက အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အကာအကွယ်ပေးတဲ့ ဥပဒေပေါ့နော် နောက်ပြီး လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အကာအကွယ်ပေးတဲ့ ဥပဒေပေါ့နော်။ နောက်ပြီး ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ အကာအကွယ်ပေးတဲ့ ဥပဒေ အမျိုးသမီးတွေအတွက် ဘယ်လိုပြောမလဲဆိုရင် အမျိုးသမီးဆိုတာက ဒီ အသက် ၁၈ နှစ်အောက်နဲ့ ပတ်သက်ပြီးတော့ အကာအကွယ်ပေးတဲ့ ဥပဒေရှိတယ်ပေါ့။ အဲဒီဟာလေးကို အတိုင်းအတာနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် ဥပဒေက ထိရောက်တဲ့ဥပဒေ ဖြစ်လာမယ်လို့ ကျွန်မ ထင်ပါတယ်။

စောစံငြိမ်းသူ (ဒုဥက္ကဌ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အဓိက အခြေခံအကြောင်းတရားကကျတော့ ဒီအမျိုးသမီးတွေအပေါ်မှာ အမျိုးသားတွေက အလိုအလျောက် နိုင်ထက်စီးနင်း ပြုလို့ရတယ်ဆိုတဲ့ ခံစားချက် ယုံကြည်ချက် အဲဒီ ထုံးတမ်းအစဉ်အလာ အစွဲတွေပေါ်မှာလည်း ပိုပြီးတော့မှ မူတည်တယ်လို့ ထင်ပါတယ်။ ပြီးတော့မှ ခုနကပြောသလိုမျိုးပဲ အမျိုးသမိးတွေက တကယ့် အကြမ်းဖက်ခံရတယ်ဆိုရင်တောင်မှ လင်ယောကျ်ားဟာ သားမယားအပေါ်မှာ နိုင်ထက်စီးနင်း ပြုလို့ရတယ်ဆိုတာပေါ့ ပြီးတော့ နိုင်ထက်စီးနင်းပြုတယ်ဆိုရင်လည်း သဘာဝတရား တစ်ခုလိုမျိုး လက်ခံထားတဲ့ အနေအထားတွေရှိတယ်။ ပြောပြန်တော့လည်း လင်ယောကျ်ားက ပိုပြီးတော့မှ နှိပ်စက်ညှင်းပန်းမှုတွေကို ပြန်လုပ်နိုင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ မပြောရဲမဆိုရဲ အနေအထားတွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့်မို့ တကယ့်တကယ် ခံစားနေရတဲ့ အကြမ်းဖက်မှု နည်းမျိုးစုံ ခံစားနေရတဲ့ အမျိုးသမီးတွေဟာ မပြောရဲမဆိုရဲနဲ့ ရှိနေတယ်ဆိုတာကိုလည်း ကျွန်မတို့ ကြားသိနေရပါတယ်။

မြောက်ဦးမြို့နယ်ရှိ အိမ်တွင်းအကြမ်းဖက်ခံရသူတစ်ဦး

သူက မိန်းမရသွားတာပါ။ ကျွန်မနဲ့ ရန်လည်းမဖြစ်ပါဘူး။ တခြားကို အလုပ်လုပ်ဖို့သွားရင်း မိန်းမရသွားတာပါ။ အလုပ်လုပ်ဖို့ သွားမယ်ပြောပြီး ထွက်သွားတာပါ။ ရန်လည်းမဖြစ်ပါဘူး။ အခုဆို ကလေးက ၃ နှစ်ရှိနေပါပြီ။ ကလေးမမွေးခင်ကတည်းက ထွက်သွားတာပါ။ ကျွန်မက ကိုယ်ဝန်နဲ့ ကျန်ခဲ့တာပါ။

စောစံငြိမ်းသူ (ဒုဥက္ကဌ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အမျိုးသမီးတွေက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ သားသမီး သားမယား ကိုယ်ဝန်ရလာကတည်းက ဒီသားသမီးကို အောင်အောင်မြင်မြင် မွေးဖွားလာဖို့အတွက် သူ့မှာ တာဝန်အရှိဆုံး ဆိုတဲ့ဟာမျိုးကို ယုံကြည်ထားတယ်။ ဒီအပြင်ကိုမှ မွေးဖွားလာပြီဆိုရင်လညး်ပဲ သူ့ရဲ့ ရှင်သန်ကြီးထွားမှုတွေအတွက်ကို ကာကွယ်စောင့်ရှောက်မှု ပြုစုစောက်ရှောက်မှုတွေ လုပ်ဖို့ဆိုတဲ့ဟာကလည်း ဒီအမျိုသမီးမှာပဲ ရှိတယ်ဆိုတဲ့ ယူဆချက်တွေပေါ့နော် အမျိုးသားတွေရဲ့တာဝန်က အဓိကက ပိုက်ဆံရှာဖို့အတွက်ပဲဆိုပြီးတော့ပဲ နားလည်ထားတယ်။ ဒါတွေက အစဉ်အလာတွေပေါ့။ ဒါကြောင့်မို့ လွဲမှားနေတဲ့ နားလည်သဘောပေါက်မှုတွေကို အဓိကအရေးကြီးတာက အသိပညာပေးမှုတွေနဲ့ပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာဖြစ်ပါတယ်။

ဒေါ်ဝေဝေထွန်း (အထွေထွေအတွင်းရေးမှူး၊ ရခိုင်အမျိုးသမီးများကွန်ရက်)

အရင်တုန်းကတော့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရင် တိုင်တာတွေမရှိဘူး။ အခုတော့ ဖြစ်ပြီဆိုလို့ရှိရင် သိတဲ့သူတွေကတော့ ကျွန်မကို လာတိုင်တာတွေရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုရော၊ ပတ်ဝန်းကျင် အကြမ်းဖက်မှုရောပေါ့နော်။ တကယ်တမ်းကျတော့ မသိတဲ့သူတွေလည်း အများကြီးရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုကတော့ ဘယ်လိုပြောမလဲဆိုရင် အများဆုံးလို့ ပြောရမှာပေ့ါနော်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးကြောင့်လဲဖြစ်တယ်၊ ဝင်ငွေကြောင့်လည်း ဖြစ်တာပေါ့နော်။ နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းမရှိတာလည်းပါတယ်။ နောက်ပြီး လိင်ပိုင်းဆိုရင်ရာကိစ္စတွေကြောင့် အိမ်ထောင်ဖောကြ်ပြန်တာတွေ အများကြီးကို ကြံုတွေ့နေရတာပေါ့နော်။ အိမ်ထောင်ရှိနေရက်နဲ့ နောက်အိမ်ထောင်ပြုတာတို့ အဲဒါမျိုးတွေပေါ့နော်။ နောက်ပြီးတော့ အရက်သေစာသောက်သုံးပြီးတော့ မိန်းမကို ဆူပူသောင်းကျန်တာတို့ အဲလိုဟာမျိုးတွေ အများကြီး ကြံုတွေ့နေရတာပေါ့နော်။

စောစံငြိမ်းသူ (ဒုဥက္ကဌ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အိမ်တွင်းအကြမ်းဖက်မှုတွေ တိုးလာတယ် လျော့လာတယ်ဆိုတာကို ပြောရတာတော့ တော်တော်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာမှ ပွင့်လင်းခါစဆိုတော့ ဒီအကြမ်းဖက်ခံရတဲ့သူတွေကို ကာကွယ်စောင့်ရှောက်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ဒီအမျိုးသမီးတွေ ထုတ်ဖော်ပြောဆိုရဲတဲ့ အနေအထားတွေ ရှိလာတာကြောင့် ဒီအကြမ်းဖက်မှုတွေက အမျိုးသမီးတွေအပေါ်မှာ ပိုပိုပြီးတော့ ရှိလာတယ်ဆိုတာ ပြောလို့ရပါတယ်။ တစ်ချိန်ကဆိုရင် အဲဒီကိစ္စတွေကို ထုတ်ဖော်ပြောဆိုနိုင်တဲ့ အနေအထားတွေမရှိဘူး။ ဒီကိစ္စတွေကို ကာကွယ်စောင့်ရှောက်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ မရှိတဲ့အပေါ်မှာ ဒါတွေက မဖော်ထုတ်လာနိုင်ခဲ့ဘူးပေါ့နော်။ အခုပြောရမယ်ဆိုရင်တော့ ကျွန်မတို့ ရခိုင်အမျိုးသမီးများအစည်းအရုံးကို ရောက်ရှိလာတဲ့ အနေအထားကို ကြည့်ရမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ တိုးလာနေတဲ့ အနေအထားကို မြင်တွေ့နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ နည်းမျိုးစုံအကြမ်းဖက်ခံရမှုဆိုတဲ့အထဲမှာ မူးယစ်ဆေးဝါးကို အခြေခံပြီးတော့ သားသမီး သားမယားအပေါ်မှာ နိုင်ထက်စီးနင်း ပြုကျင့်တာတွေကို ပိုပိုပြီးတော့ ဖြစ်လာနေတဲ့ အနေအထားတွေ တိုင်ကြားခံရတယ်။ ဒီအပြင် စီးပွားရေးအခက်အခဲ ပြဿနာတွေကြောင့် သားသမီး သားမယားအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိပဲနဲ့ ပစ်ထားခဲ့တဲ့ အနေအထားတွေ နိုင်ထက်စီးနင်းမှု ပြုကျင့်တယ်ဆိုတဲ့ဟာတွေကလည်း ပိုပိုပြီးတော့ ဖြစ်လာတယ်ဆိုတာကို ကျွန်မတို့မှာ တိုင်ကြားမှုတွေ ရှိလာတယ်။ ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ နိုင်ငံရဲ့ စနစ်တွေ ပြုပြင်ပြောင်းလဲစဉ်ကာလအတွင်းမှာပဲ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေက ပိုပြီးတော့ ရှိနေသေးပါလားဆိုတဲ့ဟာကို ယူဆလို့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly