မိဘတွေက ပွင့်ပွင့်လင်းလင်း ပညာပေးစေချင်တယ်

မိဘတွေက ပွင့်ပွင့်လင်းလင်း ပညာပေးစေချင်တယ်
 
 

သက်ငယ်မုဒိမ်းမှုမှ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် Miss Myanmar တစ်ယောက်ဖြစ်တဲ့ ထားထက်ထက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအရေးတွေမှာ သူ့အနေနဲ့ ဘယ်လိုခံယူချက်ရှိလဲဆိုတာ မေးမြန်းစကားပြောဖြစ်ခဲ့ပါတယ်။

မေး။  ကလေးသူငယ်နဲ့ ပတ်သက်ပြီးတော့ ထားထက်ထက် ဆောင်ရွက်နေတယ်ဆိုတော့လေ။ ဘယ်အချိန်ကတည်းက ဆောင်ရွက်နေလဲတာဆိုတာလေး ပြောပြပေးပါ။

ဖြေ။ ထားထက်ထက်က ပရဟိတ ဆိုရင် အကုန်လုံးလုပ်ဖြစ်တယ်။ ကလေးသီးသန့်ဆိုပြီးတော့ လုပ်ဖြစ်တာမဟုတ်ပါဘူး။ အသက်အရွယ်ကြီးတဲ့သူတွေကိုလည်း ထက်ထက် လုပ်ပေးဖြစ်တယ်။ အခုမှဖြစ် တာကြတော့ သက်ငယ်မုဒိမ်းဆိုတော့ စိတ်ထဲမှာ မကောင်းဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်တဲ့ ကလေးတွေက ဘာမှ မသိသေးဘူး။ အရမ်းကို နုနယ်သေးတဲ့ အခါကြတော့ ပြန်လည်းမပြောတတ်၊ ပြန်လည်း မပြောရဲ၊ မဆိုရဲပေါ့နော်။ လူကြီးတွေ ခြောက်တိုင်း ကြောက်နေရတယ်။ ခြိမ်းခြောက်ခံနေရတယ်။ အဲ့ဒီလိုမျိုး ဆိုတော့ ကိုယ်ကိုယ်တိုင်သာ မိဘတစ်ယောက်ဖြစ်မယ်ဆိုလို့ရှိရင် ကိုယ့် သားသမီး ၊ ကိုယ့် တူမ တစ် ယောက်ဖြစ်မယ်ဆိုလို့ချင်ရင် ဘယ်လိုဖြစ်မလဲပေါ့နော်။ အဲ့ဒီလိုမျိုး ကိုယ်ချင်းစာစိတ်နဲ့ ထက်ထက် ဒီလှုပ် ရှားမှုမှာ ပိုပြီးတော့ လုပ်ဆောင်ဖြစ်တာပါ။

မေး။ ဟုတ်ပါပြီ။ ထက်ထက်အနေနဲ့ ကလေးတွေကို ဘယ်လိုကာကွယ်ရမလဲလို့ ထင်လဲ။

ဖြေ။ အဓိက ကလေးကို သူ့ကိုယ်သူ့ ရပ်တည်နိုင်အောင် ပေါ့နော်။ မိဘက တစ်ချိန်လုံး နောက်ကနေ တကောက်ကောက်လိုက်ပြီး ဒါမျိုးလုပ်၊ ဒါမျိုးမလုပ်နဲ့ ပြောမယ့် အစားပေါ့နော်။ ဒီကလေးတစ်ယောက်က ဒီဟာလုပ်ရင် မှားတယ်ဆိုတာမျိုးပေါ့။ ဟို ကလေးတစ်ယောက်က တစ်ခုခု လုပ်လို့ မှားတယ်ဆိုရင် အပြစ်တင်ပြီး ရိုက်နှက် ဆုံးမမယ့်အစားပေါ့နော် ။ မှားတယ်ဆိုရင် သူနောက်ထပ်မလုပ်တော့အောင်လို့ သူမှာ အသိဉာဏ်ရှိအောင်လို့ သွန်သင်ဆုံးမပေးစေချင်တယ်။ အဓိက အဲ့ဒီ အချက်ပဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ဖြစ်တတ်တယ်။ မိဘက တောက်လျှောက်လိုက်ပြောနေတဲ့ အခါကြတော့ မိဘမရှိတဲ့အခါ အဲ့ဒီကလေးက မရပ်တည်နိုင်တော့ဘူး။ အဲ့လိုမျိုးဖြစ်တော့ သူကိုယ်တိုင်၊ သူ့အသိစိတ်နဲ့သူ စဉ်းစားတာမျိုး၊ တွေးခေါ်တာမျိုး၊ ဆုံးဖြတ်တာမျိုး လုပ်ပိုင်ခွင့်ပေးစေချင်တယ်။ အဲ့ဒီလိုမျိုးဖြစ်အောင်လည်း မိဘက တစ်ဖက်တစ်လမ်းကပေါ့နော်။ ပံ့ပိုးကူညီပေးစေချင်တယ်။ အဲ့ဒီလိုမျိုးဆိုရင် ကလေးတစ်ယောက်အတွက်က ပိုပြီးတော့ ကောင်းကျိုးရှိမယ်လို့ ထက်ထက် မြင်ပါတယ်။

မေး။ ဟုတ်ပါပြီ။ ထက်ထက် အနေနဲ့ သက်ငယ်မုဒိမ်းကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘာတွေများ ဆောင်ရွက်သွားဖို့ ရှိဦးမလဲ။

ဖြေ။ အခုလောလောဆယ်တော့ ထက်တို့ရဲ့ အဓိက လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အခုလက်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အများကြီးရှိပေမယ့်ပေါ့နော်။ သက်ဆိုင်ရာလူကြီးတွေက သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်တဲ့ မုဒိမ်းမှုတွေနဲ့ လိင်အကြမ်းဖက်မှုတွေကို ဦးစားပေးအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေး စေချင်တာပါ။ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က အဲ့ဒါပေါ့နော်။ အခုနောက်ပိုင်းမှာတော့ ဒီလွှတ်တော်ဖက်မှာလည်း သူတို့ ဒီဟာအတွက်ကို ဦးစားပေးပြီးဆောင်ရွက်နေကြတယ်။ ဒါကြောင့် ထက်ထက်တို့ရဲ့ လှုပ်ရှားမှုက အထမြောက်တယ်လို့ပဲ မြင်မိပါတယ်။ ရှေ့ဆက်ပြီးတော့ တစ်ခြားကြီးကြီးမားမား ရှိလာမှာလည်း မဟုတ်တော့ပါဘူး။

မေး။ ဟုတ်ကဲ့ပါ။ အခုဒီ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့လေ ထောင်ဒဏ် နှစ် ၂ဝ အမြင့်ဆုံး ချမှတ်မယ် လို့ ပြောနေကြတယ်ပေါ့နော်။ အဲ့ဒီ ပြစ်ဒဏ်အပေါ်မှာရော ထက်ထက်အနေနဲ့ ဘယ်လိုမျိုး မြင်မိလဲ။ နောက်ပြီးတော့ သက်ငယ်မုဒိမ်းအတွက် ထက်ထက်အနေနဲ့ ဘယ်လိုမျိုး ပြစ်ဒဏ်မျိုးရှိသင့်တယ်လို့ ထင်မိလဲ။

ဖြေ။ သက်ငယ်မုဒိမ်းဆိုရင်တော့နော် ကိုယ့်အနေနဲ့ ကိုယ်အဖြစ်ချင်ဆုံးဆန္ဒဆိုရင်တော့ တစ်သက်တစ်ကျွန်း ချစေချင်တယ်ပေါ့နော်။ ဒါပေမယ့် ဖြစ်ပွားတဲ့အမှုတွေအပေါ်မှာလည်း မှုတည်တာပေါ့။ ကိုယ်က ဥပဒေ ကျွမ်းကျင်တဲ့သူ မဟုတ်တဲ့အခါကြတော့လည်း အသေးစိတ်တော့ ထက်ထက် နားမလည်နိုင်ဘူး။ ဒါပေမယ့် သက်ငယ်မုဒိမ်းလုပ်တယ်။ ဘာကြောင့်ဖြစ်တာလဲ အပေါ်မှာပဲ မူတည်တယ်။ ထက်ထက်တို့ ကြားတာ ဆယ်နှစ် ကလေးက လေးနှစ်ကလေးကို ဖြစ်တယ်ဆိုရင် ဒါ အငယ်အချင်းချင်းတဲ့ အခါကြတော့ ဒီလိုအမှုမျိုးဆိုရင် သူတို့ ပြစ်ဒဏ်က တစ်မျိုးပြောင်းနိုင်တယ်။ တစ်ချို့ကြတော့ ရည်ရွယ်ချက်ရှိရှိနဲ့ မုဒိမ်းကျင့်တယ်။ ကလေးကို ရက်ရက်စက်စက် သတ်ဖြတ်တယ်။ အဲ့ဒီလိုမျိုးဆိုရင်တော့ ထက်ထက်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် သေဒဏ်ပေး စေချင်တာမျိုးပေါ့နော်။ ကြီးမားတဲ့၊ ထိရောက်တဲ့ ပြစ်ဒဏ်မျိုး ပေးစေချင်တယ်။

မေး။ ဟုတ်ပါပြီ။ ဒါနောက်ဆုံးအနေနဲ့ပေါ့နော်။ ကလေးငယ်တွေကို ဘယ်လိုကာကွယ်သင့်တယ်။ ဘယ်လိုမျိုး ဆောင်ရွက်သင့်တယ်ဆိုတာကို ထက်ထက်အနေနဲ့ ဒီနေရာလေးကနေ မိဘတွေကို အကြံပြုစကားလေး ပြောပေးပါဦးရှင်။

ဖြေ။ ဘယ်လိုကာကွယ်သင့်လည်း ဆိုတာကတော့ အရင်တုန်းကဆိုလည်း လေ့လာဖူးတာပေါ့နော်။ ထက်ထက် စာတွေဖတ်ဖူးသလောက်ပေါ့။ တခြားနိုင်ငံတွေမှာဆိုရင် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာတွေနဲ့ ပြောလို့ချင် ရင်တော့ အသက်ငယ်တဲ့ အရွယ်မှာပဲ သူတို့မှာ လိင်အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့အရာတွေ ပြီးတော့ လိင်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်တဲ့ ပညာပေးစာလေးတွေကို သင်ပေးလေ့ရှိတယ်။ သင်ရိုးညွှန်းတန်းမှာ လည်း အဲ့ဒီလိုမျိုး လေးတွေ ရှိတယ်ပေါ့နော်။ သူတို့အနေနဲ့ ငယ်ငယ်လေးကတည်းကနေ နားလည်လို့ရင် ဆောင်ရန်၊ ရှောင် ရန်တွေကို ကြိုပြီးတော့ သိလာနိုင်မယ်လို့ထင်တယ်။ ဖြစ်နိုင်ရင်တော့ အဲ့ဒီလိုမျိုးလေးတွေ ဖြစ်စေချင်တယ်။ မိဘနဲ့ သားသမီးမှာလည်းပေါ့နော်။  မြန်မာနိုင်ငံမှာ ဖြစ်တာများတာက ရှက်စိတ်တွေက အရမ်းများတော့၊ အမေနဲ့ သမီးကြားမှာတောင်မှ ဒါမျိုးကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းမရှိဘူး။ မရှိတော့ ထက်ထက်ကိုယ်တိုင်တောင်မှ အဲ့ဒီလိုမျိုးမရှိခဲ့ဘူး။ အမေက အရမ်းရှက်တတ်တဲ့သူဆိုတော့ အဲ့ဒီလိုမျိုးမရှိတော့ ကိုယ်ကိုတိုင်လည်း ဒါမျိုးအတွေ့အကြံုတွေကို မသိဘူး။ မသိတဲ့အခါမှာ မှားတဲ့ဟာမျိုးဖြစ်လာနိုင်တယ်။ မိဘ အဖေ၊ အမေက လည်းပေါ့နော်။ ဥပမာ သမီး ဆိုရင်တော့ အမေကပေါ့နော် ပွင့်ပွင့်လင်းလင်းလေး သူတို့ကို ပညာပေးတဲ့အနေနဲ့ အဲ့ဒီလိုမျိုးလေး ဂရုတစိုက်လေး လုပ်ပေးစေချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly