ဘီဘီစီ ထိုင်းဘာသာအစီအစဉ်အား ဘုရင်အား အကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေး

ဘီဘီစီ ထိုင်းဘာသာအစီအစဉ်အား ဘုရင်အား အကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေး

ဘီဘီစီထိုင်းဘာသာအစီအစဉ်က အွန်လိုင်းတွင် ဖော်ပြထားသော ထီးနန်းဆက်ခံသည်မှာ ရက်ပိုင်းသာရှိသေးသည့် ဘုရင် မဟာဝါဇီရလောင်ကွန်း၏ ကိုယ်ရေးအကျဉ်းကို ပိတ်ထားပြီး ယင်းသတင်းဌာနကိုလည်း ဘုရင်အား အကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

အောက်တိုဘာ ၁၃ ရက်က ဘုရင်ဘူမိဘော နတ်ရွာစံ၍ ထီးနန်းလက်ခံသည့် မဟာဝါဇီရလောင်ကွန်း၏ ကိုယ်ရေးအကျဉ်းအား ဘီဘီစီ ထိုင်းဘာသာအစီအစဉ်က ၎င်းထီးနန်းလက်ခံပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၂ ရက် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဘီဘီစီ၏ ဖော်ပြချက်သည် ထိုင်းနိုင်ငံ၏ ဘုရင်အား ထိခိုက်စေမှု ဥပဒေများကို ချိုးဖောက်ခြင်းရှိမရှိ အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ပရာဝတ်ဝေါင်ဆူဝန်က ပြောသည်။

ထိုင်းနိုင်ငံတွင်းက ဘီဘီစီရုံးသို့ ရဲ ဆယ်ဦးခန့် ဒီဇင်ဘာ ၆ ရက်က သွားရောက်ခဲ့သော်လည်း ရုံးပိတ်ထားသည်ကို တွေ့ရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဘီဘီစီရုံးချုပ်က ထင်မြင်ချက် ပေးခြင်း မရှိသေးပေ။

တော်ဝင်မိသားစုအား အကြည်ညိုဖျက်ခြင်း၊ ရိုင်းပျခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများ ပြုမူသူသည် ပြစ်မှုတစ်ခုစီအတွက် ပြစ်ဒဏ် ထောင် ၁၅ နှစ် ချမှတ်နိုင်သည်။

ဘီဘီစီ ထိုင်းအစီအစဉ်တွင် ဘုရင်သစ် မဟာဝါဇီရလောင်ကွန်းက ထိုင်း၊ ဗြိတိန်နှင့် သြစတြေးလျတို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ ပြည်ပသို့ သွားလာရာတွင် ကိုယ်ပိုင် ဘိုးရင်း ရ၃၇ ဖြင့် သွားလာကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၎င်းက ထီးနန်းနှင့် ထိုက်တန်မတန် မေးခွန်းများလည်း ရှိနေပြီး ဘုရင်ကြီးဘူမိဘောကဲ့သို့ ကြည်ညိုလေးစားမှုကို မခံရကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags