ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား သုံးသပ်ခြင်း (အပိုင်း ၃)

07 December 2016
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား သုံးသပ်ခြင်း (အပိုင်း ၃)
 

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာဦးစိုးလှိုင်ဦးကို ကျွန်တော် နည်းနည်းလေး မေးပါရစေ။ ဆရာကလည်း ပြည်သူလူထုနဲ့ ထိတွေ့နေတယ်ဆိုတော့၊ ပြည်သူလူထုကရော သူတို့ရဲ့ စားဝတ်နေရေးတွေ ဒါမှမဟုတ်ရင် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ခံစားရတဲ့ဟာတွေကို ဆရာတို့ ဘာတွေမြင်တွေ့ခဲ့ရလဲ ဆရာတို့ တကယ့်တကယ် သွားတဲ့အခါမှာပေါ့။

ဦးစိုးလှိုင်ဦး

၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ပုသိမ်။

တကယ်မြင်တွေ့ အပြင်မှာကြားရတာဆိုရင် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာထက် ဆုတ်ယုတ်တယ်လို့တောင်မှ ရင်ထုမနာဖြစ်သလိုပေါ့ ခံစားချက်တွေ ပြောပြတာ ကြံုရပါတယ်။ ဒါပေမယ့် ပြောရရင်တော့ အခုချိန်မှာက တည်ဆောက်ရေးကာလ အစဖြစ်တဲ့အတွက်ကြောင့် စောင့်ကြည့်ပါ။ နောက်တစ်ခါကျတော့ ဇွဲရှိပါ။ သည်းခံပါဆိုတဲ့ဟာနဲ့ပဲ ပြောရတာပေါ့။ ဒါပေမယ့် တကယ့်တကယ် ဒီအပေါ်မှာ ကိုယ်ကိုယ်တိုင်ရော အားရသလားဆိုတော့ အားရတာမရှိဘူး။

အားရစရာမရှိတာက ခုနကပြောသလိုပဲ ဒီ ပြည်သူနဲ့ထိတွေ့တာတွေ နောက်တစ်ခါ တကယ်ဆက်စပ်နေတဲ့ ဒေသခံတွေနဲ့ ထိတွေ့မှု တော်တော်အားနည်းနေတယ်။ အခု အင်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုရင် အငး်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဒေသခံတွေနဲ့ ထိတွေ့မှုအားနည်းတယ်။ အဲဒီမှာ ကြားခံတွေထားတယ်။ ကြားခံတွေရဲ့ ပြောဆိုမှုအပေါ်မှာပဲ ယုံကြည်တာတွေရှိတယ်။ နောက် ဒီဒေသခံတွေအပေါ်မှာ ကွင်းဆင်းပြီးတော့ ဆောင်ရွက်တာမျိုး အားနည်းတယ်။ နောက်တစ်ခါကျတော့ ဒေသခံကလည်း ဘာရှိသလဲဆိုတော့ အဲဒီအပေါ်မှာ စောစောက ရှေ့ပိုင်းမှာပြောခဲ့သလိုပဲ အသိဉာဏ်အားနည်းတဲ့အခါကျတော့ ဒီလူတွေအပေါ်မှာ ငါတို့ ဒီလိုလုပ်ရမယ် ဒီလိုပြောရမယ် ဘယ်လိုဆိုရမယ် ငါတို့ အခွင့်အရေးပဲဆိုတာတွေလည်း အားနည်းတယ်။ အားနည်းတော့ နှစ်ဘက်စလုံးမှာ ဘာဖြစ်လဲဆိုတော့ အားနည်းချက်နှစ်ခုက သွားဆုံလည်းဆုံရော ဘာမှ အောင်မြင်မှုက မယ်မယ်ရရ မဖြစ်လာဘူး။ အဲလိုမျိုးဖြစ်တယ်။

နောက်တစ်ခါ ဒီအောင်မြင်မှုကို ဖြစ်ဖို့အတွက် ဖွံ့ဖြိုးရေးအတွက် အသံတွေကြားနေရတယ်။ ဒါပေမယ့် ဒါတွေက ရှေ့ပိုင်းက စစ်အစိုးရလုပ်ခဲ့တဲ့ Plan တွေနဲ့ သွားတဲ့ Plan တွေက များနေတယ်။ အဲတော့ ဒေသခံတွေက အဲဒီအပေါ်မှာ သို့လော သို့လောနဲ့ ဘာမှန်းမသိဘူး။ အဲဒီအပေါ်မှာလည်း ဒီဘက်က အစိုးရဘက်ကလည်း သေသေချာချာ ချပြခြင်း ပြောဆိုခြင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမရှိဘူး။ မရှိတဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ဒီအပေါ်မှာ ရှေ့ပိုင်းနောက်ပိုင်း ဖြစ်လာမယ့် ထိပ်တိုက် ရင်ဆိုင်မှုတွေ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်မယ့် အခြေအနေတော့ ရှိပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ပါ။ အဲတော့ ကျွန်တော် ပြန်ပြီးတော့ အားလုံးပြောတာကို ပြန်ပြီးတော့ ချံု့ကြည့်မယ်ဆိုရင် အခက်အခဲတွေကတော့ ရှိနေပြီဆိုတဲ့အခါကျတော့ ကျွန်တော်တို့လည်း အချိန်လေးနည်းနည်း လင့်လာတဲ့အခါကျတော့ နည်းနည်းလေးပေါ့ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့်လမ်းမှာ ဘယ်လိုမျိုး သွားသင့်သလဲ။

ဦးသန်းဝင်း

အမျိုးသားဒီမိုကရေစီ ကွန်ရက်

ရှေ့ဆက်သွားရမယ့်ခရီးမှာ တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပထမဦးဆုံး တည်ဆောက်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အရည်အချင်းမရှိပဲနဲ့ တည်ဆောက်လို့မရဘူး။ အရည်အချင်းရှိအောင် ကြိုးစားရမယ်၊ လေ့လာရမယ်၊ သင်ယူရမယ်၊ ပြည်သူတွေထံကို ချည်းကပ်ရမယ်။ ဆောင်ရွက်သင့်တဲ့နေရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလိုဆောင်ရွက်မှ ပြည်သူလူထုက ယုံကြည်မှုရှိလာပြီးတော့ သူတို့နောက်ကိုလိုက်မှာ။

အခုအတိုင်းဆိုရင် စီးပွားရေးက ပိုကျပ်တည်းလာတယ်။ ကုန်စျေးနှုန်းတွေက တက်လာတယ်။ အခြေခံစားကုန်တွေကဖြစ်လာတော့ အခြေခံလူတန်းစားမှာ ပထမဦးဆုံး သွားပြီးတော့ ထိခိုက်လာတယ်။ နောက်ပြီး လူထုအပေါ်မှာ အခွန်ကောက်တဲ့ကိစ္စက အခွန်ကောက်ခြင်းဖြင့် မြန်မာ့ဘဏ္ဍာရေးကို တိုးမြင့်အောင်လုပ်တယ်ဆိုတာ လူတိုင်း လုပ်တတ်တဲ့နည်းပဲ။ ဆိုင်တစ်ဆိုင်မှာ စားသောက်တဲ့သူတစ်ယောက်က စားသောက်ခွန်ဆောင်ရမယ်ဆိုရင် ရောင်းတဲ့သူက အဲဒီအတွက်ပါတင်ပြီးတော့ ရောင်းပြီးသားပဲ။ ရောင်းပြီးသားဖြစ်တဲ့အတွက် လူထုကလည်း အဲဒီစျေးကိုပေးရတယ် ကိုယ်ကိုယ်တိုင်ကလည်း စားသောက်ခွန် ဆောင်ရတယ်ဆိုတော့ ဘယ်သူ့ကိုသွားထိလဲဆိုတော့ လူထုကိုပဲ သွားထိတယ်။ အဲဒီဟာမျိုးတွေကိုတော့ သတိထားဖို့လိုတယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က ခုနကပြောတဲ့ အခက်အခဲတွေရှိနေတဲ့အခါမှာ ကျွန်တော်တို့ ဒီဘက်မှာ အဖြေရှာတဲ့အခါကျတော့ ဆရာ ဦးဝေယံအောင်ကရော ဘာများ အဖြေပေးချင်သလဲ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ကျွန်တော်တို့ တစ်ခါတစ်ခါမှာ စကားပြောတဲ့အခါမှာ ဥပဒေအရ ဥပဒေအရဆိုတဲ့ အသံတွေ ခဏခဏကြားရတယ်။ ဟစ်တလာက သူလူသတ်တာ ဥပဒေအရသတ်တာ။ အဲဒါက စာတွေ သမိုင်းတွေမှာဖတ်ရင် သိပါတယ်။ ဥပဒေတွေက တကယ်တိတိကျကျ လုပ်ခဲ့တာ အခု မြေသိမ်းကိစ္စတွေဆိုရင် တကယ် ပြန်ပြီးတော့ကြည့်ရင် မြန်မာနိုင်ငံမှာ ဥပဒေနဲ့အညီ လုပ်နေတာ ဘာမှမရှိပါဘူး။ ကြိုက်တဲ့နေရာမှာကြည့်ပါ။ ဥပဒေထက် ကျွန်တော်တို့ လူတွေရဲ့ ရင်ထဲကဆန္ဒတွေကို အနည်းဆုံး တိုက်ရိုက်မဖြည့်ဆည်းပေးနိုင်ရင်တောင် ကျွန်တော်တို့ နှစ်သိမ့်ပေးလို့ရပါတယ်။ အဲတော့ ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ လူတိုင်းက တိုင်းပြည်ကိုချစ်တာမှန်တယ်။ သို့သော် ကိုယ့်ကိုယ်ကို ပိုချစ်ကြတယ်။ အဲဒါကြောင့် အခြေခံလူတန်းစားမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲလေး တစ်ခုနှစ်ခုကိုတော့ အစိုးရအနေနဲ့ လုပ်ပေးသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

အပြောင်းအလဲ တစ်ခုနှစ်ခုဆိုတာက ဘယ်လိုဟာမျိုးလဲခင်ဗျ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ဥပမာဆိုပါစို့ခင်ဗျာ ကျွန်တော်တို့ နဂိုကဆိုရင် စစ်အစိုးရနဲ့ နီးစပ်တဲ့သူတွေဆိုရင် အခွင့်အရေးတွေ အများကြီးရကြတယ်။ အနည်းဆုံး ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းကဆိုရင် နိုင်ငံခြား ပညာသင်ဖို့ ဆိုတာမျိုးတွေ အခုအချိန်မှာလည်း ကျွန်တော်တို့ သိရသလောက် NLD နဲ့ နီးစပ်တဲ့သူတွေ အခွင့်အရေးတွေ ရနေပါတယ်။ ကျွန်တော်တို့လိုချင်တာ အဲဒါတွေမဟုတ်ပါဘူး။ ပြည်သူပြည်သားအားလုံး တန်းတူညီမျှတဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီအခွင့်အရေးတွေရဖို့အတွက် သိရမယ်။ ပြီးတော့ ဒီဝန်ထမ်းလောက သိပ်ရှုပ်ထွေးပါတယ်။ အဲဒီ ဝန်ထမ်းလောကမှာ အခြေခံဝန်းထမ်းတွေဟာ သူတို့ရဲ့အခွင့်အရေးတွေ သူတို့ ဖန်တီးကြရတယ်။ နောက်ပြီးတော့ သူတို့ အထက်လူကြီးအခွင့်အရေးတွေ ဖန်တီးပေးကြရပါတယ်။ ပြီးတော့ သူတို့မှာ တန်းတူညီမျှရတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။ ဒါကိုလည်း ကျွန်တော် သက်သေပြလို့ရပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ကျေးဇူးတင်ပါတယ်။ မနွယ်ဇင်ထက် လူငယ်တစ်ယောက်အနေနဲ့ရော ကျွန်တော်တို့အစိုးရကို ဘာတွေများ အကြံပေးချင်လဲ။ ဘာတွေများ တင်ပြချင်သလဲ။

မနွယ်ဇင်ထက်

ဧရာဝတီ လူငယ်ကွန်ရက်

ကျွန်မ လူငယ်တစ်ယောက်အနေနဲ့ဆိုရင် အစိုးရမှာ အစိုးရရဲ့ ရက် ၁၀၀ တို့ စသဖြင့်လုပ်ဆောင်တဲ့ အရာမျိုးတွေမှာ ကျွန်မတို့ သတင်းအချက်အလက်ရဖို့ အရမ်းအားနည်းနေတယ်။ ဆိုတော့ ကျွန်မတို့ တချို့ သွားတဲ့ကိစ္စတွေ သိနေတဲ့အကြောင်းအရာတွေဆိုရင် ကျွန်မတို့ အရမ်းရှာရခက်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ ရက် ၁၀၀ အတွင်းမှာ ပြီးခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာ ဘယ်လောက်ထိ တိုင်းဒေသကြီးအနေနဲ့ ပြီးစီးသွားလဲ ဘယ်လောက်ထိ လိုအပ်ချက်ရှိနေလဲဆိုတာကို သူတို့ဆီမှာတောင် သုံးသပ်ထားတဲ့ဟာမျိုးတွေ မတွေ့ရဘူး။ လွှတ်တေ်ာကိုယ်စားလှယ်တွေကို ကျွန်မ မေးတဲ့အခါမှာ ဒါမျိုးတွေပေါ့ တကယ့်ကို သီးသန့် တိုင်းဒေသကြီးအနေနဲ့ အစိုးရအနေနဲ့ သီးသန့် Channel တစ်ခု လွှင့်ထားသင့်တယ်ပေါ့။ အားလုံးပါဝင်လို့ရတယ်။ အဲဒီမှာ အကြံပေးလို့ရတယ်။ သိချင်တာတွေ မေးလို့ရမယ်။ ပြီးတဲ့အခါမှာ ကျွန်မတို့ ပူးပေါင်းလို့ရမယ့်ဟာမျိုးပေါ့။ ပထမတစ်ခုအနေနဲ့ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း ရှိတယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့ လူထုပူးပေါင်းပါဝင်မှု အရမ်းအားနည်းတယ်။ ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေကို ယုံကြည်ဖို့လိုတယ်။ ပြီးတဲ့အခါမှာ လက်လွှဲဖို့လိုတယ်။ အဲဒါတွေကိုလည်း ပြောချင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော်တို့ ဖိတ်ခေါ်ထားတဲ့ ဆရာများရဲ့ ကဏ္ဍကို ခဏရပ်ပြီးတော့ တက်ရောက်လာတဲ့ ပရိသတ်များထဲမှာလည်း မေးခွန်းများရှိရင် မေးပါ။

ဦးသက်ဆွေ (ပရိသတ်)

လက်ရှိမှာတော့ ကျွန်တော်တို့ မေးချင်တာထက်စာရင်တော့ အကြံပေးချင်တာ ရှိပါတယ်ခင်ဗျာ။ အဓိကကတော့ အစိုးရပေါ့။ အစိုးရကို ကျွန်တော်တို့ ဘာနဲ့တုပမလဲဆိုရင် ရှေ့မှာချထားတဲ့ စာပွဲလေးပေါ့။ အဲဒီစာပွဲလေးနဲ့ ဥပမာပေးရရင် အစိုးရရဲ့ လက်ရှိအုပ်ချုပ်ရေးကို ဦးဆောင်နေတဲ့ ကျွန်တော်တို့ ရွေးချယ်တင်မြောက်ထားသော ဝန်ကြီးချုပ်အပါအဝင် အစိုးရကိုပါ စာပွဲပေါ်က သစ်သားပြားနဲ့တူပါတယ်။ အဲဒီအောက်ခြေမှာ ထောက်တိုင်တွေရှိတယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ထောက်တိုင်တစ်ချောင်း ယိုင်သွားသွား ယိုင်သွားတိုင်းက အဲဒီစာပွဲ စောင်းသွားမှာပါ။ ပြောချင်တာက ဘာလဲဆိုရင် အဓိကက အစိုးရကို သူနဲ့ တကယ်လက်တွဲပြီးတော့ လုပ်ရတဲ့ဟာက သူ့ရဲ့ အောက်ခြေမှာရှိတဲ့ ဝန်ထမ်းတွေပါ။ အဲတော့ သူက အထက်ကနေပြီးတော့ အစည်းအဝေးတွေမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချထားတာ မျိုးတွေရှိတယ်။ သို့သော်လည်း သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ သူတို့ချမှတ်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေအားလုံးကို ပြောချင်တာက ဥပဒေနဲ့ ညီတဲ့ဟာလည်းရှိတယ် မညီတဲ့ဟာလည်း ရှိတယ်။ အဲတော့ အဲဒီဟာတွေအားလုံးကို အောက်ခြေမှာအကောင်အထည်ဖော်တဲ့ အောက်ခြေက ထောက်တိုင်ပေါ့နော် ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ တနည်းအားဖြင့် ပြောရမယ်ဆိုရင် သူတို့ကို အကျိုးပြုနိုင်မယ့် သူတို့ကို ဖေးမပြီးတော့ ကူညီပေးနိုင်မယ့် သူတိုက အခုမှ အစိုးရသစ်ဖြစ်တဲ့အတွက်ကြောင့် အုပ်ချုပ်ပုံ ယန္တရားတွေနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် တိတိကျကျ နားမလည်နိုင်သေးဘူး ဆိုတာ ကျွန်တော်တို့ သဘောပေါက်တာရှိတယ်။ သို့သော်လည်း ဆက်လက်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကနေ ပတ်သက်ပြီးတော့ သူတို့ကို ဦးဆောင်ပြီးတော့   ခေါ်မသွားတဲ့ အခါမှာ တနည်းအားဖြင့် သူတို့ကို ဆန့်ကျင်ဘက်တွေလုပ်တဲ့အခါမှာ အောက်ခြေမှာရှိတဲ့ ပြည်သူလူထုက အရမ်းနစ်နာပါတယ်။

အဲတော့ ပြောချင်တာက တဖက်ပြန်စဉ်းစားစရာ ဘာရှိသွားလဲဆိုတော့ အစိုးရက အခု လက်ရှိမှာရှိနေတဲ့ အောက်ခြေမှာရှိတဲ့သူတွေကို မနိုင်နင်းဘူးလား။ အောက်ခြေမှာရှိနေတဲ့ ဝန်ထမ်းတွေကိုတောင် ထိန်းကျောင်းဖို့ အားနည်းနေတယ်ဆိုရင် တိုင်းပြည်ကို ဘယ်လိုဦးဆောင်မှာလဲဆိုတာကို ပြန်မေးလာတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အခုလက်ရှိ အစိုးရရဲ့ သွားနေတဲ့ ယန္တရားကြီးတစ်ခုလုံးကို အဓိကက ကျွန်တော်တို့ ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ကို အစိုးရရဲ့ ကောင်းမွန်တဲ့ အိုင်ဒီယာတွေ ရှိနေဖို့လိုအပ်တယ်။ တနည်းအားဖြင့် အစိုးရရဲ့ အောက်ခြေက ထောက်တိုင်တွေအားလုံးကိုလည်း ကျွန်တော်တို့က တည့်မတ်ပေးဖို့လိုတယ်။

အဲတော့ အဲဒီအချိန်မှာ အစိုးရက ပြတ်သားစွာ အရေးယူသင့်တဲ့သူကို အရေးယူမယ်။ ထုတ်သင့်တဲ့သူတွေကို ထုတ်မယ်။ ချီးမြောက်သင့်တဲ့သူတွေကို ချီးမြောက်မယ်။ အဲလို ဆောင်ရွက်မှသာ ကျွန်တော်တို့ရဲ့ သွားနေတဲ့ အနေအထားတစ်ခုက အရွေ့တစ်ခုက ကောင်းမွန်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ပါ။ ဆရာ ဦးထွန်းထွန်းဦးက ဖြည့်စွက်ပြောချင်တာ ရှိမယ်ထင်တယ်။

ဦးထွန်းထွန်းဦး (ပရိသတ်)

ကျွန်တော်အနေနဲ့ကတော့ လက်ရှိဆွေးနွေးသွားတာ ကောင်းပါတယ်။ ဒါနဲ့ ကျွန်တော်တို့ လက်ရှိဖြစ်လာတဲ့ အစိုးရသစ်ပေါ့နော်။ အစိုးရသစ်ရဲ့ သူတို့စိတ်ထဲမှာ စွဲနေတဲ့ အယူအဆပါ။ သူတို့က နှစ်ပေါင်းမျာစွာ အာဏာရှင်နဲ့ ပြည်သူနဲ့ကြားထဲမှာ ထဲထဲဝင်ဝင်သာ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့သူတွေဆိုရင် ဒီ ပြည်သူတွေရဲ့ နိစ္စဓူဝ ဒုက္ခဆင်းရဲတွေကို သူတို့သိမယ်။ ဒါပေမယ့် သူတို့က ဘာဖြစ်လဲဆိုတော့ အစိုးရဖြစ်လာပြီးကာမှ သူတို့စိတ်ထဲမှာ အခုမှ အမေ့ဝမ်းထဲက ကျွတ်တဲ့ပုံစံမျိုး ငါတို့က အခုမှ လေးလသားပဲရှိသေးတယ်ဆိုတဲ့ အယူအစွဲတွေရှိတယ်။ အခု အဲလိုမျိုး သူတို့ကိုသူတို့ ဘယ်လိုပြောရမလဲ အစိုးရဖြစ်သွားပြီ အခု သူတို့ အသက်အပိုင်းအခြားတွေကိုလည်း စစ်အစိုးရနဲ့ ဖြစ်ခဲ့တဲ့ ကြားကာလမှာ ထဲထဲဝင်ဝင် တိုက်ပွဲဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ မှန်ခဲ့တယ်ဆိုရင် ဒီနေ့ ဘာလုပ်ရမလဲဆိုတာကို အစကတည်းကလည်း သူတို့ ကြေညာထားပြီးသား။ ပလန်ရှိပြီးသား။ NLD ကဘာလုပ်မယ်။ တန်းတူညီမျှ ဖြစ်ရမယ်။ လွတ်လပ်ခွင့်ရမယ်။ ဒါတွေကို ဦးစားပေးလုပ်မယ်ဆိုပြီးတော့ အစိုးရဖြစ်လာပြီ။ ပြည်သူကလည်း ရွေးချယ်တင်မြောက်လိုက်ပြီ။ ဟုတ်ပြီ ဒါပေမယ့် အဲဒီနေရာကို ရောက်ပြီဆိုတာနဲ့ အဲဒီမှာပုံနေတဲ့အမှိုက်ကို စပြီးတော့ရှင်းရမယ်။ ဥပမာ ကျွန်တော်ပြောရမယ်ဆိုရင် ကျွန်တောတို့ ဒီအခန်းထဲကိုဝင်လာတယ်။ ဒီမှာ ခုံလေးတွေ အစီအရီရှိနေတာကို ကိုယ့်ဘာသာကိုယ် ဝင်ထိုင်လိုက်ကြတယ်။ အစီအရီချထားတာမရှိဘူးဆိုရင် ဖရိုဖရဲနဲ့ ဟိုနေရာတစ်စု ဒီနေရာတစ်စု ဖြစ်နေမှာပေါ့။ အဲလိုမျိုး ပြီးခဲ့တဲ့အစိုးရက ဆင်းသွားတဲ့အချိန်မှာ ဒီ နှစ်ပေါင်း ၆၀ ကျော် ပုံခဲ့တဲ့ ပြဿနာအပုံတွေကိုထားခဲ့တယ်။ အဲဒီအပုံကြီးတွေကို ဥပမာ ကျွန်တော်တို့ ဝင်လာတယ်ဆိုရင် ကလေးမလေးတွေရှိတယ်၊ မီဒီယာတွေရှိတယ် သူတို့ ခုံလေးတွေစီတယ်။ ရေဗူးလေးတွေ ရွေ့တယ်ပေါ့နော်။ အဲလိုလည်း ရွှေ့ခွင့်မပေးချင်ဘူးဗျ။ သူတို့ရုံးခန်းထဲကို ဝင်လာမှာကိုက သူတို့စိတ်ထဲမှာ အမှိုက်ပုံကြီးတွေ ငါတို့မှာရှိနေတယ်။ ဒီအမှိုက်တွေကို ကူရှင်းပေးမယ့်ကောင်တွေလည်း မလာနဲ့။ တို့လည်း အမှိုက်တောထဲမှာပဲ ငြိမ်ပြီးတော့ ထိုင်နေမယ်ဆိုတဲ့ စိတ်မျိုးတွေ ဝင်နေတာ။

ပြီးတော့ နောက်တစ်ခါ ကျွန်တော်တို့ ဗမာလူမျိုးတွေရဲ့ အယူအစွဲဗျ။ ငါ့အမျိုးထဲမှာကျတော့ အမျိုးကြားလည်း မကျယ်နဲ့၊ ငါ့အမျိုးတွေကြားထဲမှာ ငါကျယ်လို့ရတယ်ဆိုတဲ့စိတ်မျိုး ငါတို့ကို ပြည်သူက ရွေးချယ် တင်မြောက်ထားတာ ငါတို့ ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ အတွေးမျိုးတွေရှိတယ်။ အဲလို အတွေးမျိုးတွေရှိတော့ ဘာတွေဆက်ဖြစ်လာလဲဆိုတော့ ငါ့ဘုန်းငါ့ကံကြောင့် ဒီလိုမျို ဖြစ်လာတယ်ဆိုပြီး အတွေးတွေပါ သူတို့ ဝင်လာကြတယ်။ အဲဒီအတွက်ကြောင့် ဒီပြဿနာတွေကို ထိထိရောက်ရောက် အရေးယူကြရမယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် http://www.mizzimaburmese.com/article/20941အပိုင်း ( ၂ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/20983

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly