အိုင်အက်စ်တို့က ပူပြင်းလှသောနွေရာသီတွင် ရေခဲများကို စျေးပေါပေါဖြင့်ရောင်းမည်ဟု ဆွဲဆောင်၍ အသေခံဗုံးခွဲသောကြောင့် လူ၁၂၀ဦးသေဆုံး ၁၄၀ ဒဏ်ရာရ

အိုင်အက်စ်တို့က ပူပြင်းလှသောနွေရာသီတွင် ရေခဲများကို စျေးပေါပေါဖြင့်ရောင်းမည်ဟု ဆွဲဆောင်၍ အသေခံဗုံးခွဲသောကြောင့် လူ၁၂၀ဦးသေဆုံး ၁၄၀ ဒဏ်ရာရ

လောင်မြိုက်သည့် အီရတ်နွေရာသီအပူဒဏ်မှ သက်သာရာရစေရန် ရေခဲများကို ဈေးလျှော့ရောင်းချပေးမည်ဟူသော မက်လုံးဖြင့် လူများကို ဆွဲဆောင်ကာ ရေခဲတင်ကားနှင့် အသေခံဗုံးခွဲခဲ့သောကြောင့် ဇူလိုင်လ ၁၇ရက်နေ့က လူပေါင်း ၁၀၀ကျော်သေဆုံးခဲ့ရ သည်ဟု စီအင်အင် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခန်ဘာနီဆတ်တွင် အသေခံဗုံးခွဲမှုမှာ ၎င်းတို့၏ လုပ်ရပ်ဖြစ်သည်ဟု အိုင်အက်စ်အကြမ်းဖက်အဖွဲ့က လူမှုကွန်ရက် တွတ်တာပေါ် မှတစ်ဆင့် ကြေညာခဲ့ရာ အိုင်အက်စ်တို့ ကျူးလွန်ခဲ့သမျှတွင် တစ်ကြိမ်တည်းဖြင့် လူအများဆုံး သေဆုံးစေခဲ့သော အကြမ်းဖက် မှုပင်ဖြစ်သည်။

ဤလှည့်ဖျားကြံစည်မှုကို ရာမဒန်ဥပုသ်လပြီးဆုံးခြင်းအထိမ်းအမှတ် မွတ်စလင်အားလပ်ရက် ပျော်ပွဲ အီးနေ့ အကြိုနေ့တွင် လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။    

လဟာပြင်ဈေးတစ်ခုတွင် ဈေးဝယ်သူများနှင့် ထူထပ်စည်ကားနေချိန်တွင် ကုန်ကားတစ်စင်းထဲမှ အမျိုးသားတစ်ယောက်က ပိတ်ရက်ဖြစ်သောကြောင့် ရေခဲများကို လျှော့ဈေးဖြင့် ရောင်းချပေးမည်ဟု ကြေညာခဲ့သည်ဟု ဒေသတွင်း ရဲအရာရှိနှစ်ဦး ကပြောကြားခဲ့သည်။

နေစောင်းသွားခဲ့ပြီဖြစ်သော်လည်း အပူချိန်မှာ မြင့်မားဆဲဖြစ်ရာ ရေခဲများကို ဈေးပေါပေါနှင့်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် လူရာပေါင်းများစွာ ကုန်တင်ကားနားသို့ ဝိုင်းအုံသွားခဲ့ကြသည်ဟု ရဲက ပြောကြားခဲ့သည်။

ကုန်ကားထဲတွင် ရေခဲများကို မြင်နေရသောကြောင့် ရေခဲကုန်သည်အစစ်အမှန်ဟု ထင်ရသော်လည်းရေခဲ များ၏အောက် တွင်ပေါက်ကွဲပစ္စည်း တစ်တန်ခန့်ကို ဖုံးအုပ်မြှုပ်နှံထားသည်ဟု ဆိုသည်။

လူမှုမီဒီယာတွင် လွှင့်တင်လာသည့် ဗွီဒီယိုတွင် မီးတောက်မီးလျှံများ၊ ရုပ်အလောင်းများနှင့် အပျက်အစီးများ ဖုံးလွှမ်းနေသည့် ဧရိယာကြီးကို ရိုက်ပြထားရာ အနီးဝန်းကျင်ရှိ အထပ်မြင့်အဆောက်အအုံများမှာလည်း အကြီးအကျယ် ပျက်စီးသွားသည် ကိုတွေ့ရသည်။

ကုန်ကားပေါက်ကွဲခဲ့ရာ လမ်းမှာလည်း ဧရာမ အကွဲကြောင်းကြီး ဖြစ်ပေါ်သွားခဲ့သည်။ ဒိုင်ယာလာပြည်နယ် အုပ်ချုပ်ရေးမှူး မူသာနာ အယ်လ်တာမီမီ၏ ပြောကြားချက်အရ ဇူလိုင်၁၈ရက်နေ့အထိ သေဆုံးသူစာရင်းမှာ ၁၂၀ အထိရောက်ရှိသွား ခဲ့ပြီးနောက်ထပ် ၁၄၀ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။  

ဝါရှင်တန်အိမ်ဖြူတော်က တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ အိုင်အက်စ်တို့၏ ဆိုးယုတ်မှုများကို ဆုံးခန်းတိုင်စေမည်ဟုလည်း ထပ်မံကတိပြုခဲ့သည်။ အသေခံဗုံးခွဲခဲ့သည့် ခန်ဘာနီဆတ်မှာ အီရတ်မြို့တော် ဘဂ္ဂဒက်၏ မြောက်ဘက် ၂၁မိုင်အကွာတွင်ရှိ သည့် ရှီးအိုက်အများစုနေထိုင်သည့် မြို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly