NCA မှာ ဘယ်လို အားနည်းချက်တွေ ရှိတယ်ဆိုတာ အားလုံး သုံးသပ်ဖို့ လိုတယ် UNFC အထွေထွေအတွင်းရေမှူး ခူဦးရယ်နှင့် တွေ့ဆုံခြင်း

NCA မှာ ဘယ်လို အားနည်းချက်တွေ ရှိတယ်ဆိုတာ အားလုံး သုံးသပ်ဖို့ လိုတယ် UNFC အထွေထွေအတွင်းရေမှူး ခူဦးရယ်နှင့် တွေ့ဆုံခြင်း

ချင်းမိုင်၊ ဒီဇင်ဘာလ ရ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေသ ဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ညီလာခံ ကျင်းပရေးကို ဆိုင်းငံ့ထားလိုက်သည်။

ထို့ပြင် တိုက်ပွဲများကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်မ ထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုများ ပျက်ပယ်သွား နိုင်မလားဟူသော အခြေအနေများနှင့် ပတ်သက်၍ UNFC ၏ အထွေထွေအတွင်းရေမှူး ခူဦးရယ်ကို ဆက်သွယ် မေးမြန်းခဲ့သည်။

မေး။     ။ ဒီဇင်ဘာလ တတိယပတ်မှာ UNFC ညီလာခံ ကျင်းပမယ်လို့ ပြောတယ်။ အခု ဘာကြောင့် ဆိုင်းငံ့လိုက် တာလဲ။

ဖြေ။     ။ အခြေအနေ တစ်ခု နှစ်ခုရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ဒီမြောက်ပိုင်းက အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ အနေနဲ့ သွားရေးလာရေး အနေအထားမှာ လောလောဆယ်က အခြေနေမပေးတော့ သူတို့ မတက်နိုင်တဲ့အခါကြတော့ ကျနော်တို့ အချိန်ပေးပြီးတော့ စဉ်းစားပေးရမဲ့ သဘောမျုုိးဖြစ်လာတော့ အချိန်နည်းနည်း ရွှေ့လိုက်ရင်   ကောင်းမလားဆိုပြီးတော့   ရွှေ့လိုက်တယ် ဆိုတဲ့သဘော။ အကြာကြီး ရွှေ့လိုက် တာတော့မဟုတ်ဘူး။ မြောက်ပိုင်း အဖွဲ့အစည်းတွေ သွားလာနိုင်တဲ့ အချိန်ကြရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

မေး။     ။ နိုဝင်ဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်ထိ လေးရက်တာ ချင်းမိုင်မှာ ကျင်းပတဲ့ UNFC အစည်းအဝေးမှာ အဓိက ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြလဲ။

ဖြေ။     ။ အထူးသဖြင့် ကျနော်တို့ UNFC အဲဒီ ညီလာခံအတွက် နှစ်နှစ်တာအတွင်း လုပ်ငန်းစဉ် အစီရင်ခံမှု၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆွေးနွေးဖြစ်ကြတယ်။ ဆိုလိုတာက နှစ်နှစ်အတွင်း ဆောင်ရွက်ခဲ့ တာတွေကို ညီလာခံကြရင် အသေးစိတ် ဆွေးနွေးသုံးသပ်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။

မေး။     ။ အဲဒီအစည်းအဝေးမှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ တပ်မတော် တိုက်ပွဲ ပြင်းထန်နေမှုတွေကို ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာတွေ ဆွေးနွေးခဲ့တာ ရှိလား။

ဖြေ။     ။ ကျနော်တို့ကတော့ အထူးသိပ်ပြောစရာမရှိတော့ဘူး။ ကျနော်တို့ ဒီပီအန်အနေနဲ့ တာဝန်ကျေတယ် လို့ မြင်တယ်။ အောက်တိုဘာလ ၁၅ ရက်တုန်းကလည်း ကျနော်တို့ အစိုးရ ကိုယ်စားလှယ်နဲ့   တွေ့ဆုံတုန်း ကလည်း တရားဝင်မေတ္တာရပ်ခံပြီး ဖြစ်တယ်။ သက်ဆိုင်သူ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့ အ လွှတ်သဘောတွေ့ဆုံမှုရော ပြဿနာတွေကို ဖြေရှင်းသင့်တယ်။ နည်းလမ်းရှာသင့်တယ်ဆိုတာမျိုး ကျနော်တို့ တင်ပြပြီး ဖြစ်တယ်။ သူတို့က အထက်ကို တင်ပြမယ်လို့ ပြောထားပြီးသားဖြစ်တော့ နိုဝင်ဘာလ ၁၀ ရက်နေ့က နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့တယ်။ အဲဒီမှာလည်း ကျနော်တို့ အထက်ကို တင်ပြမယ်ဆိုတာနဲ့ ပတ်သက်လို့ ဘယ် လိုအကြောင်းကြား၊ ဘယ်လို လမ်းညွန်မှုတွေ ရရှိသလဲလို့ မေးမြန်းကြည့်တော့ အထက်ကနေ ဘာမှ ညွန်ကြား လာတာ မရှိသေးဘူးဆိုတဲ့ သဘောမျိုးကိုဘဲ အဖြေရပါတယ်။ ဒီလောက်အချိန်ကြာကြီး ဒီလောက်ကြီးမားတဲ့ ပြ ဿနာကိုတောင်မှ အစိုးရဘက်က အစောတလျှင် ကိုယ်တွယ်ဖြေရှင်း နည်းလမ်း မရှာကြံဘူး ဆိုတဲ့ဟာ က တော့ ကျနော်တို့ဘက်ကလည်း တာဝန်ကျေတယ်လို့ နားလည်ပါတယ်။ ကျနော်တို့ကတော ့တွေ့ဆုံအဖြေရှာဖို့ လိုတယ်။ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းတာက ပိုပြီးနည်းလမ်း ကျမယ်လို့ ပြောခဲ့တာဘဲ။

မေး။     ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက် ၁၀ ရက်တုန်းက ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန် နောက်ဆုံး တွေ့ဆုံခဲ့ တုန်းကကော ဘာတွေ ဆွေးနွေးနိုင်ခဲ့လဲ။

ဖြေ။     ။ ဒီ ၈ချက်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီးတော ့ကျနော်တို့ဘယ်လို နည်းလမ်း တွေနဲ့ ညှိနှိုင်းအဖြေရှာရင် ကောင်းမလဲဆိုပြီးတော့ တူညီတဲ့ အကြောင်းအချက်တွေကို ဘယ်နေရာမှာ ဘယ်လို တွေ့ဆုံဆွေးနွေးမယ်၊ ဆွေးနွေးမှုကို ဘယ်ပုံစံနဲ့ သွားမယ်ဆိုတဲ့ သဘောတူညီချက်ပါဘဲ။ အချက်အလက်အပေါ် မှာသဘောတူလိုက်တာတော့ မဟုတ်ဘူး။

မေး။     ။ အစိုးရနဲ့ ဒီပီအန် ထပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ရှိလား။

ဖြေ။     ။ အခုလည်း ရက်တွေ ညှိနေတုန်းဘဲ။ ကျနော်တို့ဘက်က အဆင်ပြေတဲ့ ရက်က သူတို့အဆင်မပြေ၊ အစိုးရဘက်က အဆင်ပြေတဲ့ရက် ကျနော်တို့ဘက် အဆင်မပြေ ဖြစ်နေတယ်။ ညှိနှိုင်းနေဆဲပဲ။

မေး။     ။ တပ်မတော်နဲ့ ဆွေးနွေးမှုတွေထဲမှာ ဘယ်လိုအချက်တွေက အခက်ခဲဆုံး ဖြစ်နေလဲ။

ဖြေ။        ။အထူးသဖြင့် နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ သုံးပွင့်ဆိုင် တစ်သံတည်း သွားဖို့ကိစ္စမှာ ဒီနေ့ထိ မ ကျသေးပါဘူး။ ဒါလည်း ညှိနှိုင်းနေဆဲပါပဲ။ နောက်ပြီးတော့ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ လေ့လာစောင့်ကြည့်တဲ့ အဆင့်တွေမှာရော၊ လုပ်ငန်းရပ်တွေမှာပါ ကျနော်တို့က နိုင်ငံတကာမှာ ကျွမ်းကျင်တဲ့ ကျနော်တို့ နှစ်ဦးနစ်ဖက် သဘောတူ လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖွဲ့စည်းဖို့ဆိုတဲ့ တင်ပြမှုတွေ ကျနော်တို့ ဘက်က တင်ပြတာ ရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျနော်တို့အတွေ့အကြံုအရ နှစ်ပေါင်း ၅၀ ကျော် ကျနော်တို့ကြားထဲမှာ ပဋိပက္ခ တင်းတင်းမာမာ   ဖြစ်ခဲ့တာပေါ့ဗျ။ အဲဒါကြောင့် ယုံကြည်မှု အပြည့်အဝ မတည်ဆောက်နိုင်ခင်မှာကတော့ ဒီဟာလေးတော့ လိုအပ်တယ်လို့ ထင်တယ်လေ။ နောက်တခုက ပြဿနာ ဖြစ် လာရင် ကြားခံဖြန်ဖြေဖို့အတွက်လည်း ပါဝင်စေချင်တယ်လို့ ပြောတယ်။ ဘာကြောင့်လည်း ဆိုတော့ အခု လက်တွေ့ပါဘဲ။ RCSS က NCA လက်မှတ်ထိုးထားတာ ဖြစ်တယ်။ သို့သော် တပ်မတော်နဲ့ မကြာခဏ တိုက် ပွဲဖြစ်တာကို တွေ့ရပါတယ်။ သူ့ဘက်ကိုယ့်ဘက် ဘယ်သူက မှားတယ်ဆိုတာ အပြန်အလှန် စွတ်စွဲပြောဆိုတာ တွေရှိပါတယ်။ အဲဒီလို ရှိတော့ ရှင်းရှင်းပြောရရင် နိုင်ငံတကာက လူတွေ မပါတဲ့အခါကျတော့ ပြဿနာ ဖြေရှင်း ရတာ ခက်ပါတယ်။ အဲဒါတွေပါမှ ပြဿနာကို အဖြေရှာတဲ့အခါမှာ မှန်မှန်ကန်ကန်ရှိမယ်။ ရလဒ်ကောင်းရ မယ်ပေါ့ဗျာ။ ရေရှည်မှာလည်း ပြဿနာ မဖြစ်ပေါ်အောင် တားဆီးနိုင်တဲ့ ခိုင်ခိုင်မာမာနဲ့ လုပ်နိုင်မယ်လို့ မြင်တယ်လေ။ ဒါပေမဲ ့မကျသေးပါဘူး။ ဒါတွေက အခက်အခဲဆုံးလို့ မြင်တယ်။

မေး။     ။ ဒီလို တို်က်ပွဲတွေ ဖြစ်နေတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရော ဖြစ်လာနိုင်ပါ့မလား။

ဖြေ။       ။ ကျနော်တို့ NCA မထိုးရင် ဘာမှလုပ်လို့ မရဘူးလို့ သူတို့့ပြောတာဘဲ။ နောက်မှ လုုပ်ကြလို့ ကျနော်တို့ ပြောလို်က်တာလေ။ အခု NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ လှုပ်ရှားတဲ့ နယ်မြေမှာဘဲ လုပ်ကြမယ်ဆို တဲ့ သဘောပဲ နားလည်ပါတယ်။ ကျနော်တို့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှု နယ်မြေ အရပ်ရပ်မှာတော့ ကျနော်တို့ဘက်က တရားဝင်လုပ်ဆောင်လို့ မရသေးဘူးဆိုတဲ့ သဘောပါဘဲ။

မေး။     ။ တိုက်ပွဲတွေ စပြီး ပြင်ထန်လာတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်က ကြေငြာချက် ထုတ်ပြန်ပြီးတော့ NCA  လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို လက်မှတ်ထိုးဖို့ တို်က်တွန်းပြောဆိုမှုအပေါ် ဘယ်လိုပြောချင်လဲ။

ဖြေ။     ။ အမှန်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဒီ NCA ဆိုတာ ဖြစ်စဉ်တခုပါဘဲ။ ဒီဟာက ကုန်ကုန်ပြောရင် ငြိမ်းချမ်းရေးအတွက် ဖြစ်စဉ် အစိတ်အပိုင်းတခုလို့ ပြောလို့ရတယ်။ အဓိက NCA မှ NCA ပြောနေကြတာ တွေ ကတော့ မဟုတ်ပါဘူး။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲမတိုင်ခင် ပြောခဲ့ တဲ့ ပုံစံအရ ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး အဓိကကျတယ်ဆိုတာ ဒါကို ဖော်ဆောင်မယ် ဆိုတာ မျိုးတွေ ပြောတယ်။ အဲဒီလို ဖြစ်စဉ်တွေ သွားနိုင်ဖို့ဆိုတာက ပထမ အခက်အခဲဆုံးက အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းမှ ရှေ့လိုအပ်တဲ့ ကိစ္စမျိုးတွေ ကိုယ်တွယ်ဖြေရှင်း လွယ်ကူမယ်ဆိုတဲ့ အ မြင်သဘောမျိုးနဲ့ ပြောတယ်လို့ ကျနော်တို့ နားလည်ထားတယ်။ ဒါပေမဲ့ တကယ်တန်းအစိုးရ ဖြစ်လာတဲ့ အခါ ကျတော့ တချိန်လုံး NCA အပေါ်မှာ သိပ်ပြီး သဘောထားမတွေ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခုကျ တော့ NCA မှ NCA ဆိုပြီး ဖြစ်လာတော့ ကျနော်တို့လည်း ဘယ်လိုနားလည်ရမလဲမသိတော့ဘူး။ ဒါပေ မယ့် NCA ကို တကယ်တန်း အသေးစိတ် ပြန်ကြည့်မယ်ဆိုရင် အဲဒီထဲမှာ လမ်းပြမြေပုံ ရ ချက်ဆိုတာ ရှိပါတယ်။ အဲ ဒီ လမ်းပြမြေပုံ အဆင့် ရ ဆင့်ကို သေချာ ပြန်ကြည့်လို့ ရှိရင် တဆင့်မှ အဆင်မချောခဲ့ပါဘူး။ ဒါကို သိသိလျက် နဲ့ တပ်မတော်နဲ့ ယခင်အစိုးရနဲ့ တင်းခံပြီး လုပ်စရာရှိတာ လုပ်မယ် စွတ်တရွတ်လုပ်တယ်လို့ ကျနော်တို့ မြင် တယ်။ ဥပမာ ဆိုလိုတာက ပထမအဆင့်မှာ NCA လက်မှတ်ရေးထိုးခြင်းဆိုတာ ပါပါတယ်။ NCA ဆိုတာ တစ် နိုင်ငံလုံး လို့ပြောထားတာလည်း တကယ်တန်းလက်မှတ်ထိုးတဲ့အခါ ၈ ဖွဲ့ပဲ လက်မှတ်ထိုးတော့ အများကြီး ကျန် သေးတယ်။ သူ့အကြောင်းတရားနဲ့သူ မတူညီလို့ ဆိုတဲ့ အခြေခံက သိပ်ပြီး လက်တွေ့မကျပါဘူး။ ပြဿနာကို ပြဿနာလို့ မြင်ပြီးတော့ အသိအမှတ်ပြုဖို့ လိုတယ်။ အဲဒီလို အသိအမှတ်မပြု မညှိနှိုင်းဘဲနဲ့ အားလုံး ပါဝင်ရေးကို လစ်လျှူရှုပြီးတော့ NCA ကို လက်မှတ်ထိုးလိုက်တယ်။ တဆင့်မှ အဆင်မချောတာကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပတယ်။ ဘာအဖြေကောင်းရလာသလဲ။ ဒါကို ကြည့်ခြင်းအားဖြင့် NCA မှာ ဘယ်လို အားနည်းချက်တွေ ရှိတယ်ဆိုတာ အားလုံး သုံးသပ်ဖို့ လိုတယ်လို့ ကျနော်တို့ နားလည်တယ်။ အဲဒါကြောင့်မလို့ အခု NLD အစိုးရကလည်း NCA မှ NCA ပြောနေတဲ့ဟာက လက်တွေ့မကျဘူး။ ကျနော်တို့ အတူတကွ ထိုင်ပြီးတော့ ဘာအားနည်းချက်၊ အားသာချက်တွေ ရှိသလဲဆိုတောကို စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ပြန်လည် သုံးသပ်ဖို့ အချိန်တန်ပြီလို့ ပြောချင်တယ်။

 အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်.....။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags